သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(15)

by Hla Soewai - Jun 11 2022

ကျည်ဆံများ၊ ဒဏ္ဍာရီများကြားက မက္ကဆီကန် တော်လှန်ရေး (၂)

 

၁၆ ရာစု နှစ် အစောပိုင်းတွင် စပိန် ဘုရင်မှ နယ်မြေသစ် ရှာဖွေရန် စေလွှတ်လိုက်သော လူစွန့်စား များသည် မက္ကဆီကိုတွင် အခြေတကျ အုပ်ချုပ်လာခဲ့ကြပြီး မြေငှားချ လယ်ယာ စနစ် encomienda ဖြင့် မက္ကဆီကန် ဌာနေ တိုင်းရင်းသားများ အပေါ် ဂုတ်သွေးစုတ်လာကြသည်။ စပိန် ဘုရင်ကလည်း ၎င်းတို့ လယ်မြေများတွင် လုပ်ကိုင်ရန် တိုင်းရင်းသားများ အား အတင်းအကျပ် စေခိုင်းနိုင်ခွင့်ကို ပေးခဲ့ပြီး ထီးနန်း အတွက် အခွန် ဘဏ္ဍာတော်များ ဆက်သရမည်ဟု အမိန့်ထုတ်ပြန်ပေးခဲ့သည်။

 

လက်တဆုပ်စာ မြေရှင်ကြီးများ လွန်စွာ ချမ်းသာကြွယ်ဝလာစေခဲ့သော အဆိုပါ စနစ်ကြီးသည် မက္ကဆီကို လွတ်လပ်ရေး ရခဲ့သည့် ၁၉ ရာစု နှစ် အစောပိုင်းကာလများထိ ဆက်လက်တည်မြဲ နေခဲ့သည်။

 

မက္ကဆီကိုသည် လွတ်လပ်ရေး ရခဲ့ပြီးနောက်တွင် နိုင်ငံရေး မတည်ငြိမ်မှုများ နှင့် မုန်တိုင်းထန်နေခဲ့ ပြန်သည်။ ၁၈၂၄ နှင့် ၁၈၆၇ နှစ်များအကြားတွင် သမ္မတ ၅၂ ယောက် ပြောင်း၍ အုပ်ချုပ်လာရသည် အထိ ဖြစ်လာခဲ့သည်။

 

၁၈၇၆ တွင် ပြည်တွင်းစစ်ပွဲကြီး နှင့် ပြည်ပ ပဋိပက္ခများကြောင့် စစ်ခေါင်းဆောင် ပွန်ဖရီရို ဒီယက်ဇ် သည် သမ္မတ ဆီဗက်ရှန် လာဒို ဒီ တီဂျာဒါ ကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည်။ သူ၏ အာဏာ သိမ်းမှုကို မက္ကဆီကို ရှိ ဩဇာတက္ကိမ ရှိသော မြေရှင်ကြီးများ နှင့် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင် နေကြသည့် အမေရိကန် အရင်းရှင်ကြီးများက ထောက်ခံမှု ပေးခဲ့ကြသည်။

 

နောက်တနှစ် တွင် ဒီယက်ဇ်အား သမ္မတ အဖြစ် တင်မြှောက်ပေးခဲ့ကြသည်။ အစပထမ တွင် ၁၈၅၇ ၌ အတည်ပြု ပြဠာန်းခဲ့သည့် ဖွဲ့စည်းပုံဖြင့် လေးနှစ် တကြိမ်အတွက်သာ ဖြစ်သည်။ လေးနှစ် သက်တမ်း ကုန်ဆုံးပြီးချိန်တွင် ဒီယက်ဇ်သည် ရာထူးမှ ဆင်းပေးခဲ့ပြီး သူ လက်သပ် ရွေးချယ်ထားသူကို ‌နေရာ ပေးခဲ့သည်။ သို့သော် ၁၈၈၄ တွင် ဒီယက်ဇ် သည် သမ္မတ အဖြစ် နောက်သက်တမ်းကို ပြန်၍ အုပ်ချုပ် လာခဲ့သည်။

 

ဒီတကြိမ်တွင် မက္ကဆီကန် ကွန်ဂရက် အား သင်းကွပ် ခဲ့ရုံမျှမက အတိုက်အခံများကို ခေါင်း မထောင် နိုင်အောင် ဖိနှိပ်ပြီး ဖွဲ့စည်းပုံ ကို ပြင်ဆင်နိုင်ခဲ့သဖြင့် သမ္မတ အဖြစ် ဆက်လက် အုပ်ချုပ် လာခဲ့တော့ သည်။

 

ဒီယက်ဇ်အား ထောက်ခံမှုပေးနေကြသော မဟာမိတ်များမှာလည်း လွန်စွာ ချမ်းသာ ကြွယ်ဝလာခဲ့ ကြပြီး တိုင်းပြည်၏ ကြွယ်ဝမှုများသည် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၏ အိတ်ကပ်ထဲ ရောက် ကုန်ကြသည်။

 

၁၉၁၀ ခုနှစ်တွင် အမေရိကန် မြေရှင်ကြီးများသည် မက္ကဆီကို ရှိ မြေဧက စုစုပေါင်း သန်းတရာ ကျော် အထိ ပိုင်ဆိုင်လျှက် ရှိနေသည်။ ယခင် ကျေးရွာများ အား ပိုင်ဆိုင်ခွင့် ပေးထားသော စုပေါင်း လယ်ယာ များကိုလည်း မြေရှင်ကြီးများက နည်းမျိုးစုံ ဖြင့် သိမ်းယူလာခဲ့ကြသည်။ ဤသို့ဖြင့် မက္ကဆီကိုရှိ လယ် သမား ၉၀% သည်‌ မြေမဲ့ယာမဲ့ ဘဝသို့ ရောက်ရှိသွားခဲ့သည်။ အမေရိကန် အရင်းရှင်ကြီးများသည် နိုင်ငံ၏ အကျိုးအမြတ်များစွာ ဖြစ်ထွန်း နေသော စက်မှု လုပ်ငန်းများ ဖြစ်သည့် မီးရထားလမ်း၊ သစ် လုပ်ငန်း၊ အထည်အလိပ် နှင့် သတ္တုတူးဖေါ်ရေး လုပ်ငန်းများကို လက်ဝါးကြီး အုပ်ထားကြပြန်သည်။

 

စက်မှု လုပ်ငန်းများ တဟုန်ထိုး ဖြစ်ထွန်းလာခြင်းနှင့် အတူ နိုင်ငံသည် ခေတ်မီ ဖွံ့ဖြိုးလာပြီး စက်ရုံ အလုပ်ရုံများ တွင် ဝင်ရောက်လုပ်ကိုင်လာသူများ တိုးတက် များပြားလာခဲ့သည်။ သို့သော် ထိုအဖြစ် သည် ကြာရှည် မခံခဲ့ပြန်။

 

၁၉၀၇ တွင် အမေရိကန် ဘဏ္ဍာရေး ဈေးကွက်ကြီး လှုပ်ရမ်းသွားခဲ့မှု နှင့် အတူ ကြေးနီ၊ ‌‌ငွေ နှင့် အခြား သတ္တုများ ရောင်းဝယ်ဖေါက်ကားနေသည့် ကမ္ဘာဈေးကွက်ကြီး ပြိုလဲသွားခဲ့သဖြင့် မက္ကဆီကို ရှိ သတ္တု တူးဖေါ်ရေး ကဏ္ဍသည် အကြီးအကျယ် ထိခိုက်လာခဲ့သည်။ တဆက်တည်းမှာပင် နိုင်ငံ၏ အဓိက အသက်သွေးကြော စက်မှု လုပ်ငန်းကြီး ဖြစ်သည့် အထည်အလိပ်လုပ်ငန်းများသည်လည်း အရောင်း ထိုင်းကာ စီးပွားရေး တဟုန်ထိုး ကျဆင်းသွားခဲ့ပြန်သည်။

 

၁၉၀၅ နှင့် ၁၉၁၀ အကြား မက္ကဆီကို ငွေ ပီဆို၏ ဝယ်ယူနိုင်အား သည် တဝက်တိတိ ဆုံးရှုံးသွား ခဲ့ရ သည်။ မက္ကဆီကန် အလုပ်သမားများသည် ၎င်းတို့ ရရှိနေသော လုပ်ခများဖြင့် ယခင်ကကဲ့သို့ ဝယ်ယူ စားသောက်နိုင်စွမ်း မရှိကြတော့၊ လူနေမှု အဆင့်အတန်းများ ကျဆင်းလိုက်လာနေပြီး၊ ကုန်ပစ္စည်း အများအပြားသည်လည်း ၎င်းတို့ ဝင်ငွေ နှင့် လက်လှမ်းမမီ ဖြစ်လာခဲ့သည်။

 

အလုပ်သမား သပိတ်များ၊ ဆန္ဒပြကန့်ကွက် ဆူပူမှုများ တနိုင်ငံလုံးတွင် ပျံ့နှံလာခဲ့သည်။ အလုပ်သမား များက ၎င်းတို့ ဂုတ်သွေးစုတ် အမြတ်ထုတ်နေသော နိုင်ငံခြား အရင်းရှင် ကြီးများ နှင့် အစိုးရ အပေါ် နာကျည်း ဒေါသထွက်လာနေကြပြီ ဖြစ်သည်။

 

သမ္မတ ဒီယက်ဇ် သည် အာဏာရှင်တို့ လုပ်ရိုးလုပ်စဉ် အတိုင်း လူထု လှုပ်ရှားမှုကြီးကို တုန့်ပြန် လာခဲ့သည်။ စီးပွားရေး လုပ်ငန်းများ ထိခိုက် ပျက်စီးလာသဖြင့် အကျပ်ဆိုက်လာသော သူ့အား ထောက်ခံသူများ နှင့် မဟာမိတ်များအတွက် အခွန် နှုန်းထားများ လျော့ပေါ့ပေးခဲ့ပြီး အလုပ်သမား၊ လယ်သမားများ၊ ပညာတတ် များ၊ အသေးစား စီးပွားရေး လုပ်ငန်းရှင်များ အပေါ် အခွန်အတုပ်များ တိုးမြှင့် ကောက်ခံလာသည်။

 

ထိုလုပ်ရပ်များ အပေါ် ဝေဖန်လာသူများအား ရက်စက်စွာ ဖိနှိပ်ခဲ့သည်။ ဤကဲ့သို့သော လုပ်ရပ်များ ကြောင့်နိုင်ငံသားများသည် မိမိတို့ အကျိုးစီးပွားကို လစ်လျူရှုကာ ဒီယက်ဇ် သည် ၎င်းအား နောက် ကွယ်မှ ထောက်ခံနေကြသည့် နိုင်ငံခြားသား အရင်းရှင်ကြီးများ၊ ကရိုနီများအား ကြွယ်ဝသည်ထက် ကြွယ်ဝအောင် ဖန်တီးပေးနေသည့် အာဏာရှင် စစ်စစ်ကြီး ဖြစ်နေသည်ကို ကွက်ကွက်ကင်းကင်း သိမြင်လာကြတော့သည်။

 

ဖရစ္စကို မာဒီရိုသည် သူကိုယ်တိုင် မြေရှင် လူတန်းစား ဝင် တဦး ဖြစ်သော်လည်း စက်ရုံ အလုပ်သမား များ၊ လယ်သမားများ ဖက်မှ ရပ်တည်ကာ ဒီယက်ဇ် အား ဆန့်ကျင်လာခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် သူကိုယ်တိုင် ရေးသားထားသည့် "၁၉၁၀ သမ္မတ ဆက်ခံရေး" စာအုပ်ကို ဒီယက်ဇ် ထံ ပေးပို့ လိုက် သည်။

 

ထိုစာအုပ်ထဲတွင် ဒီယက်ဇ် ၏ အာဏာသည် တိုင်းပြည် အတွက် ပလိပ်ရောဂါ ကပ်ဆိုးကြီးသဖွယ် ကျရောက်နေပြီဟု ရေးသားထားခဲ့သည်။ ဒီယက်ဇ် ကိုယ်တိုင် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်က အသုံးပြုခဲ့သည့် "Valid Voting, No Reelection" ဆိုသည့် ကြွေးကြော်သံကိုပင် ၎င်းကိုယ်ပိုင် အဖြစ် ပြန်၍ သုံးထားသည်။ နိုင်ငံ အတွက် ခေါင်းဆောင်သစ် ရွေးချယ်ရန် လိုအပ်လာပြီဟု ကြောင်းကျိုးပြ ရေးသားခဲ့သည်။

 

မာဒီရိုသည် ပြန်လည် ရွေးကောက်တင်မြှောက်မှု ဆန့်ကျင်ရေး Anti-Reelectionist ပါတီကို အတိုက် အခံ ပါတီ အဖြစ် ထူထောင်လာသည်အထိ စည်းရုံးလာနိုင်ခဲ့သည်။ ထိုပါတီကြီးသို့ မက္ကဆီကို ရှိ လူတန်းစား အလွှာအသီးသီးမှ ဝင်ရောက်လာခဲ့ကြသည်။

 

၁၉၁၀ တွင် မာဒီရိုသည် ထိုပါတီအား ကိုယ်စားပြု၍ သမ္မတလောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည်။ သို့သော်လည်း မက္ကဆီကို နိုင်ငံသားများ၏ ယခုတကြိမ်တော့ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်း နိုင်တော့မည်ဟူသော မျှော်လင့်ချက်များသည် ရွေးကောက်ပွဲ မတိုင်မီလေးမှာပင် ပျက်ပြယ်သွားခဲ့ ရသည်။

 

ဒီယက်ဇ်သည် မာဒီရိုအား နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှု နှင့် ဖမ်းဆီးလိုက်ပြီး ရွေးကောက်ပွဲတွင် သူသာလျှင် သောင်ပြိုကမ်းပြို အနိုင်ရရှိသွားခဲ့ပြီဟု ကြေညာလိုက်သည်။ မာဒီရို၏ မဟာမိတ်များက ရွေးကောက်ပွဲတွင် ဒီယက်ဇ်သည် အကြီးအကျယ် မသမာမှု ပြု၍သာ အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲလာကြတော့သည်။