စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (16)

by Hla Soewai - Jun 09 2022

ဒီမိုးဒီလေ ဒီလူတွေနှင့် (၃)

 

သိန်းစိန် အစိုးရ တက်လာချိန်တွင် ထိုသို့ အမေရိကန်၏ စိုးရိမ်မကင်း ဖြစ်လာနေမှုများကို ဖြေရှင်းရန် သိသိသာသာ အားထုတ်လာခဲ့သည်။ ၂၀၁၂ တွင် ကုလ နျူကလီးယား လေ့လာ စစ်ဆေးသူများအား ယခင်ကထက် ပို၍ ဆန်းစစ် အကဲဖြတ်နိုင်အောင် ခွင့်ပြုလာခဲ့၍ “ထူးခြား အရေးပါသော ဆုံးဖြတ် ချက်” အဖြစ် နျူကလီးယား မပြန့်ပွားရေး အဖွဲ့များ၏ ချီးကျူးခြင်းကိုခံခဲ့ရသည်။

 

မြန်မာသည် IAEA ၏ ‌စည်းမျဉ်း အသစ်များကိုလည်း ထပ်မံ လက်မှတ်‌ရေးထိုးပေးခဲ့သည်။ NLD အစိုးရ လက်ထက်တွင် မြောက်ကိုရီးယား နှင့် စစ်ရေး ဆက်ဆံမှုများကို ဖြတ်တောက်ပြစ်နိုင်ရန် ဆက်လက်ကြိုးပမ်းလာခဲ့သည်။ ၂၀၁၇ တွင် ကုလ လုံခြုံရေး ကောင်စီ၏ နျူကလီးယား မပြန့်ပွားရေး အပေါ် မြောက်ကိုရီယား နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် အမြောက်အမြားကို လိုက်နာ အရေး ယူမှုများ ပြုလုပ်ခဲ့သည်။ ရန်ကုန်ရှိ မြောက်ကိုရီးယား သံရုံးမှ ဒုတိယ အတွင်းဝန် ကင်ချိုနန် ကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။ ၎င်းသည် KOMID အတွက် လုပ်ကိုင်ပေးနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ဖြစ်သည်။

 

ဤသည်က ကြိုဆိုရမည့် တိုးတက်မှု လက္ခဏာများပင် ဖြစ်သည်။ သို့သော် မြောက်ကိုရီးယား နှင့် ဆက်ဆံရေးက ဆက်လက် ရှိနေဆဲပင် ဖြစ်သည်။ မြောက်ကိုရီးယား နှင့် အဆက်အသွယ် ဖြတ် တောက်ရေးကို ထရန့် အစိုးရ လက်ထက် အရာရှိများ၏ သတင်းစာ ရှင်းလင်းပွဲများ နှင့် ရုပ်မြင် သံကြား တွေ့ဆုံမေးမြန်းခန်း များတွင် ပါရှိလာခဲ့သည်။

 

၂၀၁၇ နွေရာသီ အတွင်း မြောက်ကိုရီးယား အပေါ် ထရန့် ၏ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ Michael Wolff ရေးသားသည့် “Fire and Fury” စာအုပ်ထွက်လာခဲ့သည်။ ထိုစာအုပ်ထဲတွင် ထရန့် သည် မြောက်ကိုရီယား၏ နိုင်ငံခြား ငွေ ရရာ ရကြောင်းများကို ပိတ်ဆို့ပြစ်မည်ဟု ကြိမ်းဝါးလာခဲ့ကြောင်း သူနှင့် အကြိမ် နှစ်ရာခန့် တွေ့ဆုံမေးမြန်းထားခဲ့သည့် အဆိုပါ စာအုပ်တွင် ပါရှိလာခဲ့သည်။ ထရန့် ၏ ပစ်မှတ်ထားသော နိုင်ငံများတွင် မြန်မာလည်း ပါဝင်လာခဲ့သည်။

 

ထိုအရေးသည် ဘိုင်ဒင် လက်ထက် တွင်လည်း ထိုအတိုင်းပင် ခံယူလာဖွယ် ရှိနေသည်။ သို့သော် မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း အဖွဲ့ အနေဖြင့် စစ်တပ်ကို ခေတ်မီရာ မီကြောင်း အကူအညီ ပေးနိုင်သည့် မြောက်ကိုရီယား နှင့် စစ်ရေးအရ ဆက်သွယ်မှု အဆုံးသတ်လိုက်ခြင်းသည် ၎င်းတို့ အတွက် မည်သို့မျှ အကျိုးများဖွယ် မရှိဟုလည်း သုံးသပ်လာနိုင်ဖွယ် ရှိနေသည်။

 

မိတ်ဆွေရန်သူ ထဲမှ အကောင်းဆုံးများ

 

မြန်မာသည် အမေရိကန် နှင့် တရုတ်တို့ မဟာဗျူဟာ အားပြိုင်မှု အကြားတွင် ကြားညှပ်လာမည့် အနေအထားကို တွက်ဆထားဖွယ် ရှိသည်။ ယခုစာအုပ်တွင် တရုတ် နှင့် မြန်မာ အကြား ရှုပ်ထွေး နက်နဲပြီး ကာလကြာမြင့်စွာ တည်ရှိနေသော ဆက်ဆံရေးကို ထဲထဲဝင်ဝင် သုံးသပ်ဖေါ်ပြသွားမည် ဖြစ်သည်။

 

ထိုအရေး နှင့် ပတ်သက်၍ ပညာရှင်ပေါင်း များစွာ၊ လေ့လာကိုးကားနိုင်သော အရင်းအမြစ်များက ပေါများလွန်းလှရာ ယွန်ဆန်၊ မောရေး ဟီးဘတ်၊ ဘာတေး လစ်တနာ၊ သန်းမြင့်ဦး တို့၏ လေ့လာ ဆန်းစစ်မှုများလည်း ပါဝင်နေသည်။

 

ကချင် ပြည်နယ်ထဲသို့ ၁၉၄၉ တွင် ကူမင်တန် တပ်များ စတင် ကျူးကျော် ဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် တရုတ် ကွန်မြူနစ်ပါတီသည် မြန်မာပြည်တွင် အင်အား အလုံးအရင်းနှင့် လက်နက်ကိုင် ပုန်ကန်နေသည့် ဗမာပြည် ကွန်မြူနစ်ပါတီကို ထောက်ခံလာခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား စစ်ရေးလေ့ကျင့်ပေးခြင်း၊ လက်နက်များ ရောင်းချပေးခြင်း အပြင် ၎င်းတို့ အကျိုးအမြတ်ရရှိရာ ရရှိကြောင်း နိုင်ငံ အတွင်းရှိ သဘာဝ သယံဇာတ များ နှင့် စွမ်းအင် အရင်းအမြစ်များ ကို အမြတ်ထုတ် အသုံးချနိုင်မည့် အခြေခံ အဆောက်အအုံများ ထူထောင်လာခြင်း အစရှိသည်တို့သည် နိုင်ငံအတွင်းရှိ စစ်တပ်၊ နိုင်ငံရေး သမားများ နှင့် တရုတ်တို့ ဖန်တီးလာသည့် မီဂါ ပရိုဂျက် များကြောင့် ထိခိုက်လာနေသည့် တိုင်းရင်းသား များ အကြားတွင် ၎င်းတို့ အပေါ် နှစ်ပေါင်း များစွာ မကျေမနပ် ဖြစ်လာစေခဲ့သော အကြောင်းရင်းခံများပင် ဖြစ်သည်။

 

သို့သော်လည်း နိုင်ငံတကာအလယ်တွင် ပို၍ အထီးကျန်ဆန်လာနေသော စစ်အစိုးရ အဆက်ဆက် သည် ကုလ သမဂ္ဂ၏ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်လာသည်များမှ အကာအကွယ် ပေးနိုင်ရေး၊ စစ်လက်နက် ပစ္စည်းများ ရရှိရေး နှင့် ရင်းနှီးမြှုပ်နှံလာရေး အစရှိသည်တို့တွင် တရုတ်ကိုသာ အားကိုး အားထား ပြုလာရသည်။ သက္ကရာဇ် ၂၀၀၀ ကျော်ကာလများတွင် တရုတ်သည် မြန်မာရှိ လွန်စွာမှ ထိလွယ် ခိုက်လွယ်သည့် ဖွံ့ဖြိုးရေး စီမံကိန်းများ အပါအဝင် နေရာတိုင်းတွင် တရုတ်၏ ခြေရာလက်ရာ များက လွှမ်းမိုးလာနေပြီ ဖြစ်သည်။

 

တရုတ် နိုင်ငံသည် မြန်မာ ဖက်ခြမ်းရှိ တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည့် ကချင်၊ ဝ ၊ ရှမ်း၊ ကိုးကန့် နှင့် အခြား လူမျိုးနွယ်စုများ နေထိုင်ရာ နယ်ခြား တလျှောက် မိုင်ပေါင်း ၁,၄၀၀ ခန့် ထိစပ်လျှက် ရှိ သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မှ အနားယူသွားပြီ ဆိုသော တရုတ် နိုင်ငံသား များက EAO များအား စစ်သင်တန်းများ ပို့ချခြင်း၊ လက်နက်များ ရောင်းချခြင်း၊ အတူ ဝင်ရောက် တိုက်ခိုက်ပေးခြင်းများ ပြုလုပ်နေခြင်းတို့ကြောင့် လက်ရှိ ပြဿနာပေါင်းများစွာ ရင်ဆိုင်နေရသည့် ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ ကို ဖျက်လိုဖျက်စီး နှင့် ရှုပ်ထွေးအောင် ဖန်တီးနေသလို ဖြစ်လာသည်။

 

နယ်ခြား တလျှောက်ရှိ တိုင်းရင်းသား အုပ်စုများ သည် တဖက်ခြမ်း နှင့် မိသားစုခြင်း ဆွေစဉ်မျိုးဆက် ‌ဒွေးရောယှက်တင် ပတ်သက်နေမှု၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ စီးပွားရေး အရ သော်၎င်း ဆက်နွယ် နေကြ၍ တရုတ် ဗဟိုအစိုးရ အာဏာစက် အောက်မှ ကျော်လွန် ဆက်ဆံမှုများ ရှိနေသည်။

 

တရုတ်သည် တနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး ဆိုသည့် မူအရ ဆိုလျှင် မြန်မာ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် ထိုသို့ ဆက်နွယ် ပတ်သက်လာနေမှုကို အားပေးထောက်ခံစရာ အကြောင်းမရှိပေ။ သို့သော် တရုတ်သည် မြန်မာ နှင့် ပတ်သက်၍ ကြားနေခဲလှပြီး အထူးသဖြင့် အမေရိကန် တို့ ဝင်ရောက်စွက်ဖက်လာမည့် အနံ့ရလာလျှင် ပင် ခေါင်းထောင်ထလာစမြဲလည်း ဖြစ်သည်။

 

ဒဲရက် မစ်ချယ် သံအမတ်ကြီး အဖြစ် ထမ်းဆောင်နေသည့် ကာလ တလျှောက်လုံး အမေရိကန်သည် ကချင်များ ကို ၎င်းတို့အား ဆန့်ကျင်ရန် စည်းရုံးနေသည်ဟု လက်ခံယူဆထားခဲ့သည်။ ဒဲရက်အားလည်း ထိုဒေသများသို့ ခရီးသွားလာခြင်း မပြုရန် သတိပေးလာသည့်အပြင် မြန်မာရှိ တိုင်းရင်းသား အုပ်စုများ အပေါ် တရုတ်မှ မည်သို့ မည်ပုံ ဆက်ဆံသင့်သည်ကို မိကျောင်းမင်း ရေခင်း မပြရန် ပြောလာခဲ့သည်။

 

ထို့အပြင် သိန်းစိန်အနေနှင့် ၂၀၁၁ တွင် မြစ်ဆုံဆည် တည်ဆောက်ရေးအား ရပ်ဆိုင်းခဲ့ခြင်းသည် ဒဲရက်၏ ခြေရာလက်ရာ မကင်းဟုပင် စွပ်စွဲလာခဲ့သည်။ ထိုဒေသအတွင်း တရုတ်၏ ရင်းနှီးမြုပ်နှံမှုများ ထိခိုက်သွားသည့် အတိုင်းအတာကို သိမြင်ပြီး ဖြစ်၍ ဤသည်က မြန်မာ ပြဿနာသာ ဖြစ်သည်ဟု ပြန်လည် တုန့်ပြန်ခဲ့ပြီး ကချင်များ နှင့် အမေရိကန် တို့ အကြား ဆက်ဆံရေးသည် ဒုတိယ ကမ္ဘာစစ် အတွင်းကပင် တည်ရှိနေခဲ့ပြီး ဖြစ်သည်ဟု ပြောလာခဲ့သည်။

 

တရုတ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမေရိကန်တို့ ပါဝင်ပတ်သက်လာမည်ကို မလို လားဟု ရှင်းလင်းစွာ ပြောဆိုလာခဲ့သည်။ သူတို့ ပါဝင်ပတ်သက်နေရခြင်းမှာလည်း နယ်နမိတ်ခြင်း ထိစပ်နေသောကြောင့် ဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားသည့် အခါတိုင်း ဒုက္ခသည်များ စီးဝင်လာနေမှု၊ တရုတ်ဖက်ခြမ်းသို့ အမြှောက်ဆံများ ကျရောက်လာခဲ့မှုများအပြင် EAO များက ၎င်းတို့ ပါဝင် ပတ်သက်ခြင်းကို လိုလိုလားလား ရှိနေသောကြောင့် ဖြစ်သည်ဟု အကြောင်းပြလာခဲ့သည်။ သူတို့သည်သာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ၏ ကောင်းကျိုး ဆိုးကျိုးကို ခံစားရနိုင်ပြီး အမေရိကန် တို့ အနေနှင့် မည်သို့မျှ ထိခိုက်မှု ရှိလိမ့်မည် မဟုတ်ဟုလည်း ဆိုသည်။

 

တရုတ်တို့ အထူးသဖြင့် ကချင်ပြည်နယ်တွင် အမေရိကန်တို့ ပါဝင်ပတ်သက်လာမည်ကို မလိုလားခဲ့ ကြခြင်းမှာလည်း ၎င်းတို့အတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းနေသော သဘာဝ အရင်းအမြစ်များ အထူးသဖြင် ကျောက်စိမ်း နှင့် သစ်များ တူးဖေါ် ခုတ်လှဲယူ၍ ရနေသည့် ဒေသလည်း ဖြစ်နေသော ကြောင့်ပင်၊ မြန်မာသည် ကမ္ဘာတွင် အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းများ ရှိနေသဖြင့် တရုတ်ကုန်သည်များ နှင့် ဝယ်သူများ အကြား သူ့ထက်ငါ အလုအယက် ဝယ်ယူလျှက် ရှိနေသည်။