ဒီမိုးဒီလေ ဒီလူတွေနှင့် (၂)
အမေရိကန် ရေတပ်မှ ဖျက်သင်္ဘော USS McCampbell ကို သင်္ဘောနောက်က အမှီလိုက်ရန် စေလွှတ်လိုက်သည်။ မြောက်ကိုရီယား သင်္ဘောကို မှီလာသည့်အခါ လေးကြိမ်တိုင်တိုင် သတိ ပေးခဲ့သည်။ အမေရိကန်သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ အရ သင်္ဘောပေါ်ကို တရားဝင် တက်ရောက်ခွင့် ရထားသော်လည်း သတိပေးသည့် အဆင့်ထက် ကျော် ပြီးမလုပ်ခဲ့ပေ။
ဆုံးဖြတ်ချက် ၁၈၇၄ သည် လက်နက်များ တင်ပို့နေသည်ဟု "ခိုင်လုံသော အကြောင်းတစုံတရာ" တွေ့ရပါက သင်္ဘောပေါ် တက်ရောက် ရှာဖွေ စစ်ဆေးခွင့် ပြုထားပြီးဖြစ်သည်။ သို့သော် သံတမန်ရေး ဖိအားပေးမှုများ နှင့် ပင်လယ်ပြင်တွင် အမေရိကန် ရေတပ်၏ နှောက်ယှက်လာမှုကြောင့် နောက် ကြောင်း ပြန်လှည့်သွားခဲ့သည်။
သံတမန်များသည် မြောက်ကိုရီယားမှ သင်္ဘောတဆင်း ဆိုက်ကပ်လာသည် ဆိုသော ကောလာဟလ သတင်းများ ရလာကတည်းက မည်သို့မည်ပုံ လုပ်ရမည်ကို အမြဲလို တွေးတော ကြံဆ ခဲ့ကြပြီး ဖြစ် သည်။ ဆိပ်ကမ်းအနီးတဝိုက်တွင် ညသန်းကောင်ကျော် စီးလာသည့် စက်ဘီးမှာ မမျှော်လင့်ဘဲ ဘီး ပေါက်သွားသည့် အဖြစ်မျိုးက အမြဲလို မြင်တွေ့လာရသည်။ လေကောင်းလေသန့် ရရန် ဆိုကာ ထိုအချိန်မျိုးတွင် လမ်းထွက်လျှောက်သည့် အဖြစ်မျိုးလည်း ရှိလာသည်။
ဂျပန် သံအရာရှိ တယောက်ဆိုလျှင် လယ်သမားလို ရုပ်ဖျက်ပြီး လယ်ကွင်းထဲမှနေ၍ သူ၏ ပုဆိုးထဲ တွင် အဆင်သင့် ဝှက်ယူလာသော မှန်ပြောင်းဖြင့် သင်္ဘောမှ မည်သို့သော ကုန်များ ချနေသည်နှင့် မည်သူက လာပြီး လက်ခံသည်တို့ သိရရန် စောင့်ကြည့်ခဲ့ဖူးပေသည်။
ငွေကြေး အမြောက်အမြား လက်ပြောင်းလက်လွှဲ လုပ်ခဲ့သည်များလည်း ရှိခဲ့သည်။ မြောက်ကိုရီယား၏ Namchogang Trading (NCG) ကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်း တရားဝင် ရုံးခန်းလာဖွင့် ထားသည်။ NCG သည် ဆီးရီးယား၏ နျူကလီးယား ဓါတ်ပေါင်းဖို ပရိုဂျက် အတွက် ဘဏ္ဍာရေး အထောက်အပံ့ ပေးထားမှုဖြင့် ကုလ လုံခြုံရေး ကောင်စီ၏ ဒဏ်ခတ် အရေးယူမှု ခံနေရသည့် ကုမ္ပဏီလည်း ဖြစ်သည်။
မြောက်ကိုရီယား ၏ Korea Kwangson Banking Corporation (KKBC) သည် မြောက်ကိုရီယား၏ လက်နက် ရောင်းဝယ်ရေး အတွက် အဓိက ကြားခံ အဖြစ် လုပ်ကိုင်ပေးနေသည့် Korea Mining Development Trading Corporation (KOMID) နှင့် မြန်မာ အကြား ဒေါ်လာ သန်းပေါင်းများစွာ လက်ပြောင်းလက်လွှဲ လုပ်မှုအား ကိုင်တွယ် ဆောင်ရွက်ပေးခဲ့သည်။ KKBC သည် သမာရိုးကျ လက်နက်များ နှင့် ပဲ့ထိန်းတပ် ဒုံးကျည်များ ရောင်းချရေးအတွက် အဓိက တာဝန် ရှိသော Tanchon Commercial Bank နှင့် KOMID တို့ ကိုယ်စား ငွေလက်ခံရယူပေးသော ဘဏ်ကြီးလည်း ဖြစ်သည်။
ထို့အပြင် သံလိုက်မီတာ များ နှင့် တွင်ခုံသုံး စက်ပစ္စည်း ကိရိယာ ကဲ့သို့ သံသယ ဖြစ်ဖွယ် ဝယ်ယူမှုများ အပြင် ထူးဆန်းသော အဆောက်အဦးများ၊ ဥမင်လှိုဏ်ခေါင်း ဆောက်လုပ်နေသော သတင်းများလည်း ထွက်ပေါ်လာနေသည်။ သို့သော်လည်း စိတ်ဝင်စားဖွယ်ရာ နျူကလီးယား နှင့် ပဲ့ထိန်းတပ် ဒုံးကျည်များ နှင့် ပတ်သက်၍ သတင်း ထွက်ပေါ်ခဲ့ခြင်း မရှိသေးပေ။
၂၀၁၀ ဇွန်လ တွင် မြန်မာအစိုးရမှ ၎င်းတို့တွင် နျူကလီးယား ရည်မှန်းချက် မရှိကြောင်း အကြောက် အကန် ငြင်းဆိုလာခဲ့သည်။ သက္ကရာဇ် ၂၀၀၀ စက်တင်ဘာလ ထဲတွင် မြန်မာသည် သုတေသန နျူကလီးယား ဓါတ်ပေါင်းဖို တခု ရရှိရန် နိုင်ငံတကာ အနုမြူ အေဂျင်စီ International Atomic Energy Agency (IAEA) သို့ အကူအညီ တောင်းခံခဲ့သည်။ မြန်မာမှ ဓါတ်ပေါင်းဖို လုံခြုံရေး၊ ယင်းနှင့် ပတ်သက်သော အခြေခံ အဆောက်အအုံများကို အနည်းဆုံး လက်ခံနိုင်သည့် အတိုင်းအတာ ထိ ရှိနိုင်မည် ဆိုက အကူအညီပေးမည်ဟု IAEA မှ အကြောင်းပြန်ခဲ့သည်။
မြန်မာသည် IAEA ဖက်ကို လှည့်မလာတော့ဘဲ မီဂါဝပ် ၁၀ အပူဓါတ်လွှတ် ဓါတ်ပေါင်းဖို တခု ရရှိရေး အတွက် ရုရှား နှင့် စတင် ဆွေးနွေးလာခဲ့သည်။ ထောင်ပေါင်းများစွာသော စစ်ဖက်မှ သင်တန်းသား များကို ရုရှားသို့ စေလွှတ်ပြီး နျူကလီးယား ရူပဗေဒ ဘာသာရပ်များကို လေ့လာသင်ယူ ခိုင်းခဲ့သည်။ ၂၀၀၁ ဖေဖေါ်ဝါရီလ တွင် နဝတ နှင့် ရုရှား၏ အနုမြူ စွမ်းအင် ဝန်ကြီးဌာန တို့ မှ နိုင်ငံ အလယ်ပိုင်း တွင် ဓါတ်ပေါင်းဖို တခု ဆောက်လုပ်ရန် အစီအစဉ်ကို ကြေညာခဲ့သည်။ သို့သော် ထိုစီမံကိန်းသည် လက်တွေ့တွင် အကောင်အထည် ဖေါ်လာခဲ့ခြင်း မရှိပေ။
၂၀၀၁ ဇူလိုင်လတွင် မြန်မာသည် အနုမြူ စွမ်းအင် ဌာနတခုကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၂၀၀၂ ဇန်နဝါရီ လတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ စစ်ထောက်လှန်းရေး ဒုတိယ အကြီးအကဲ ဗိုလ်ချုပ် ကျော်ဝင်းက မြန်မာသည် ငြိမ်းချမ်းရေး လိုလားသည့် နိုင်ငံဖြစ်ပြီး နျူကလီးယား စွမ်းအင်မှ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန်သာ ဆန္ဒရှိသည်ဟု အလေးအနက် ပြောဆိုလာခဲ့သည်။
မြန်မာတွင် ယူရေနီယံ များ တူးဖေါ်နိုင်သည့် သတ္တုသိုက်များ ရှိနေပြီး ၎င်းတို့ဝယ်ယူမည့် ဓါတ်ပေါင်း ဖိုသည် သိပ္ပံပညာ၊ ဆေးပညာ ဖက်တွင် အသုံးချနိုင်သလို ဒုံးကျည် သို့မဟုတ် နျူကလီးယား ရည်မှန်း ချက် အတွက်ပါ သုံး၍ရနေသည်။
မြန်မာသည် အီရတ် နှင့် လစ်ဗျား တွင် ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့နေပြီ ဖြစ်၍ အမေရိကန်မှ ကျူးကျော်လာမည့် အရေးကို အမြဲလို သံသယ ပွားနေသဖြင့် နျူကလီးယား ရည်မှန်းချက် ကို အကောင်အထည် ဖေါ်ရန် ရည်ရွယ်ချက် ရှိလာခဲ့သည်။
သို့သော် မြန်မာတွင် ထိုသို့ ပြုလုပ်နိုင်ရန် အတတ်ပညာရှင်များ မရှိသည့်အပြင် ရာသီဥတု ထိန်းချုပ် ရေး၊ ဓါတ်အား ထုတ်လုပ်ရေး အစရှိသည့် ပရိုဂရမ်များ ကိုယ်ပိုင် တီထွင်ဖန်တီး နိုင်ဖို့ပင် ပစ္စည်း ပစ္စယာများ လည်း အလုံအလောက် မရှိပေ။
အမေရိကန် မှ မြန်မာတို့ နျူကလီးယား လက်နက်များ ရရှိရေးကို စိုးရိမ်ကြောင့်ကြ နေခြင်း မရှိဘဲ မြန်မာသည် မြောက်ကိုရီယား အတွက် ဒေါ်လာငွေများ ရရာ ရကြောင်း အရင်းအမြစ်ကြီး တခု ဖြစ်လာပြီး ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ နှင့် ၎င်းတို့ ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် ထားမှုများ ကို ဖေါက်ဖျက်လာမည့် အရေးအတွက် ပူပန်လာကြသည်။
ရရှိသော ထောက်လှန်းရေး သတင်းများ အပေါ် တစစီ ဆွဲထုတ် အဖြေရှာ နိုင်ကြသည့် အမေရိကန် မူဝါဒ ရေးဆွဲသူများ နှင့် သုတေသီများသည် ထိုအရေး အပေါ် မြန်မာ အစိုးရနှင့် စစ်တပ်အား အခွင့်အရေး ရလျှင် ရသလို တွန်းတွန်းတိုက်တိုက် ပြောဆိုလာကြသည်။
၂၀၁၁ ခုနှစ် အတွင်း မြန်မာသို့ ရောက်ရှိလာသော နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် သည် ထိုကိစ္စ အပေါ် ပြတ်ပြတ်သားသား မေးမြန်းလာသည့် အခါတွင်တော့ ရွှေမန်းသည် မြောက်ကိုရီယား နှင့် စစ်ရေး ဆက်ဆံမှုများ ရှိခဲ့ကြောင်း ဝန်ခံခဲ့ရသည်။ ရွှေမန်းသည် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နျူကလီးယား လက်နက် ထုတ်လုပ်ရေး အစီအစဉ် မရှိပါဟု ငြင်းဆိုသွားခဲ့သော်လည်း ပေါက်ကြား သွားသော ဓါတ်ပုံများတွင် ပါရှိခဲ့သည်များကို မူ ဝန်ခံခဲ့သည်။
မြောက်ကိုရီယားသို့ သူ ရောက်ရှိသွားခဲ့စဉ်အတွင်း လေကြောင်းကာကွယ်ရေးစနစ်များ၊ လက်နက် စက်ရုံများ၊ စစ်လေယာဉ်များ၊ ရေတပ်သင်္ဘောများ နှင့် ပြုံယမ်းရှိ အခြား လက်နက်များ တပ်ဆင် ထားသည်များကို သွားရောက်ကြည့်ရှုခဲ့သည်။
“ကျွန်တော် အနေနဲ့ သူတို့ စစ်တပ်ကို ဘယ်လို လေ့ကျင့်ပေးခဲ့တယ်၊ နည်းပညာ အဆင့်မြင့်မား လာအောင် ဘယ်လို လုပ်ခဲ့ကြတယ်ဆိုတာ လေ့လာခဲ့ပြီး နောက်ဆုံးတော့ ကျွန်တော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အရည်အသွေး မြင့်မားလာအောင် လိုအပ်ခဲ့ရင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု အဆင့်မြင့် တင်လာနိုင်အောင် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးခဲ့တာပါ” ဟု ပြောခဲ့သည်။
အဆိုပါ စာချွန်လွှာအရ မြောက်ကိုရီးယားသည် မြန်မာတွင် သမာရိုးကျ မဟုတ်သော အဆောက် အအုံများ တည်ဆောက်ရန် နှင့် ကြီးကြပ်ကွပ်ကဲသွားရန် ပါရှိခဲ့သည်။ ထိုအထဲတွင် ဒုံးကျည်များ၊ လေယာဉ်များ သာမက စစ်သင်္ဘောများပင် ဝှက်ထားနိုင်သည့် ဥမင်လှိုဏ်ခေါင်းများ နှင့် ဂူကြီးများ ပါဝင်နေသည်။