သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(12)

by Hla Soewai - May 31 2022

အမျိုးသားရေး အား တော်လှန်ရေး သဘောတရား အဖြစ် ခံယူလာခြင်း (၆)

 

ဥရောပ ရှိ ပဒေသရာဇ် အရှင်များက ၎င်းတို့အား ပုန်ကန် ခြားနားလာသည့် အမျိုးသားရေး စိတ်ဓါတ်ကို ဘုရင်နှင့် နိုင်ငံအပေါ် သစ္စာစောင့်သိသော အမျိုးသားရေး ဝါဒအဖြစ် အသွင်ပြောင်းရန် ကြိုးပမ်းလာခဲ့မှုများ တွင် ရုပ်ထုများ ဆောက်လုပ်ကာ ပြသလာကြသည်။ အဆိုပါ ရုပ်ထုများသည် နိုင်ငံ၏ အတိတ်သမိုင်း ကို ဂုဏ်ရောင် ထွန်းပြောင်စေရန် အထိမ်းအမှတ်အဖြစ် ထုလုပ်လာကြသည်။ နပိုလီယံ ဖန်တီးသော စစ်ပွဲများတွင် ဟိုဖက် ဒီဖက် ပါဝင်ခဲ့ရသူများကိုလည်း တိုင်းပြည်၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သူများ အဖြစ် မော်ကွန်းထိုး ဂုဏ်ပြု လာခဲ့ကြသည်မှာ အံဩစရာတော့ မဟုတ်ပေ။

 

ဥရောပတွင် နပိုလီယံ စစ်ပွဲကြီးများ ဖြစ်ပွားနေစဉ်အတွင်း ဥရောပသည် တိုင်း နိုင်ငံများဟူ၍ မယ်မယ်ရရ ဖြစ်ထွန်းခဲ့ခြင်း မရှိဘဲ ဘုရင်များက ဟိုတစ်စ ဒီတစ်စ ဆွဲယူ ဖွဲ့စည်းထားသော ဟက်စ်ဘတ်ခ်၊ ဘူဘွန်၊ ရိုမာနော့၊ ဟိုဟင်ဇိုလား အစရှိသည့် တိုင်းပြည်များ အဆင့်တွင်ပင် ရှိနေပေသေးသည်။ ထိုတိုင်းပြည်များတွင် ရှိနေသူ များသည်လည်း ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အဖုံဖုံ၊ ကိုးကွယ်မှု ဘာသာစကားမျိုးစုံ ပြောဆိုနေသူများ ဒွေးရောယှက်တင် ပါဝင်နေကြသည်မှာ အဆန်းတော့ မဟုတ်ပေ။

 

အုပ်စိုးသူ ပဒေသရာဇ်များက အုပ်ချုပ်ခံများ အကြားတွင် အမျိုးသားရေး ဝါဒ ဆိုသည်အား မရ ရအောင် ပုံသွင်းယူခဲ့ကြသည်။ ဤသည်မှာ အုပ်ချုပ်ခံ လူတန်းစားများကို ၎င်းတို့ အသုံးချခံ အဖြစ် နိုင်ငံပိုင် သိမ်းယူရန် ကြိုးစားလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ အုပ်စိုးခံ နယ်မြေများ အတွင်း ပါဝင်လာရသော ပိုလန်၊ ဂရိ၊ ဆာဗီးယား၊ အီတလီ၊ ဘယ်လ်ဂျီယံ တို့က မိမိတို့ ဘာသာစကား၊ ဓလေ့ထုံးတမ်း တူသူ လူများ စုစည်း၍ နိုင်ငံ တခု ထူထောင်ရန် ရည်မှန်းလာကြသည်။

 

ထိုအထဲတွင် နိုင်ငံရေး ဝံသာနု အလံကို အမြင့်မားဆုံး လွှင့်ထူနိုင်ခဲ့သူသည် အီတလီရှိ ဂျိုဇက်ပီ မက်ဇီနီ ဆိုသူပင် ဖြစ်သည်။ သူသည် ထိုအချိန်က နပိုလီယန်၏ အင်ပိုင်ယာ အတွင်း ကျရောက်နေသော အီတလီ ရှိ ဂျီနိုအာ မြို့တွင် လူဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ မိမိမွေးရပ်မြေအား ထိုသို့ နိုင်ငံခြားသားများ လာရောက် အုပ်ချုပ် နေသည့် အဖြစ်ကို ရှက်ဖွယ်လိလိ ဟု သဘောထားကာ နာကြည်းလာခဲ့သူ ဖြစ်သည်။ ထိုအချိန်က အီတလီ ပြည်နယ်လေးများသည် ၁၇၉၀ ကျော် ကာလများ တွင် ဖြစ်ပွားခဲ့သော ဩစတီးယား-ပြင်သစ် စစ်ပွဲကြောင့် ဩစတီးယား၏ အုပ်ချုပ်မှု အောက်မှ ရုန်းထွက် နိုင်ခဲ့ကြသည်။ သို့သော် ၎င်းတို့ ကျွန်ဘဝမှ လွတ်မြောက်လာ ခဲ့မှုသည် ကြာရှည် မခံခဲ့ပေ။

 

မကြာမီမှာပင် နပိုလီယံသည် အီတလီ ကျွန်းဆွယ် ကြီးကို ဖဲ့ယူလိုက်ပြီး အီတလီ ဘုရင့်နိုင်ငံ ထူထောင်၍ အနီးရှိ နေပယ် ဘုရင် နိုင်ငံ နှင့် တွဲဖက်ကာ အဝေးမှ အုပ်ချုပ်လာခဲ့သည်။ ၁၈၁၅ တွင် နပိုလီယံ ကျဆုံးခန်း ရောက်လာ ခဲ့သော်လည်း အီတလီ၏ အခြေအနေသည် တိုးတက် ပြောင်းလဲ လာခဲ့ခြင်း မရှိပေ။

 

ဥရောပ မင်းမျိုးမင်းနွယ်များက ၎င်းတို့ ပိုင် နယ်ခြားမျဉ်းများကို စိတ်ကြိုက်‌ရေးဆွဲ နိုင်ရန် ခေါ်ယူခဲ့သော ဗီယင်နာ ကွန်ဂရက်သည်လည်း ပြင်သစ် တော်လှန်ရေး မတိုင်မီ ကာလများ သို့ နောက်ပြန်လှည့် နိုင်ရန် အတွက်ပင် ဖြစ်သည်။ ထိုကွန်ဂရက်မှ အီတလီ ကျွန်းဆွယ် တခုလုံးနီးပါးကို ဩစတီးယား ဟက်စ်ဘတ်ခ် ဘုရင် နိုင်ငံ၊ စပိန်တို့၏ ဘူဘွန် ထီးနန်း နှင့် ပုပ်ရဟန်းမင်းကြီး၏ အုပ်ချုပ်ရေး အောက်သို့ သွတ်သွင်းခဲ့ကြသည်။

 

ထိုအရေးအား မက်ဇီနီ ကဲ့သို့ အီတလီရှိ နိုင်ငံရေး ဝံသာနု ဝါဒီများက ဒေါသတကြီး ကန့်ကွက်လာကြသည်။ ယင်းနှင့်အတူ နိုင်ငံခြားသားများ လာရောက် အုပ်ချုပ်နေသည့် ကျွန်ဘဝမှ ရုန်းထွက်ရန် နိုင်ငံ အနှံ့အပြားတွင် လျှို့ဝှက် တော်လှန်ရေး အဖွဲ့များ ထူထောင်လာကြသည်။ ထိုအဖွဲ့များကို “ကာဘိုနာရီ” (မီးသွေးမီးဖိုများ) ဟု ခေါ်ဝေါ်လာခဲ့ကြသည်။ ဂျိုဇက်ပီ မက်ဇီနီ သည်လည်း အဖွဲ့ဝင် အဖြစ် ပါဝင်လာသည်။

 

မကြာမီ မှာပင် ကာဘိုနာရီများသည် ပုပ်ရဟန်းမင်း၏ ယာယီ အုပ်ချုပ်ရေးကို စတင် တွန်းလှန်လာခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး၏ ဘာသာရေး ကိစ္စများမှ လွဲ၍ လောကီ အုပ်ချုပ်ရေး တွင် ပါဝင်စွက်ဖက်ရန် ကြိုးပမ်း လာမှုအား  လက်မခံနိုင်၍လည်း ဖြစ်သည်။ တော်လှန်ရေးသမားများက ယာယီအစိုးရများကို ပါးမား၊ မိုဒီနား နှင့် ပုပ်ရဟန်းမင်းပိုင် နယ်မြေများ တွင် ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။

 

သို့သော် ၎င်းတို့၏ ပုန်ကန်မှုသည် ပေါင်းစည်း ညီညွတ်မှု မရှိခဲ့၍ အချိန်တို အတွင်းမှာပင် ဩစတီးယားတပ် များ၏ ချေမှုန်းခြင်းကို ခံခဲ့ကြရပြီး ခေါင်းဆောင်များ ကွပ်မျက်ခံခဲ့ကြရသည်။ မက်ဇီနီသည် ခေတ္တခဏ အထိန်း သိမ်း ခံရပြီးနောက် ပြည်ပသို့ အချိန်မီ တိမ်းရှောင်သွားနိုင်၍ ကွပ်မျက်ခံရမည့် အရေး မှ လွတ်ကင်းသွားခဲ့သည်။

 

မက်ဇီနီ သည် သူ့လို ထွက်ပြေး တိမ်းရှောင်လာနိုင်သူများအား စုစည်းပြီး Young Italy ဆိုသည့် အဖွဲ့အား ဖွဲ့စည်းကာ အီတလီ ကျွန်းဆွယ်ကြီး တခုလုံး အား စည်းရုံးသိမ်းသွင်းနိုင်ရန် ကြိုးပမ်းလာခဲ့ကြသည်။ ၎င်းတို့သည် အီတလီ နိုင်ငံသားများ အတွက်သာ မက ဥရောပ တတိုက်လုံး ကိုယ်ပိုင် ဆုံးဖြတ် ပြဋ္ဌာန်း နိုင်ခွင့် ရရှိရေး အတွက် ပါ ရည်ရွယ် လှုပ်ရှားလာသည်။

 

မက်ဇီနီသည် အီတလီ ကျွန်းဆွယ်ကြီး တခုလုံး ပေါင်းစည်း နိုင်ရေးအား ဘာသာရေး ကရူးဆိတ် စစ်ပွဲကြီး ပမာ သဘောထား ကာ တစိုက်မတ်မတ် ကြိုးပမ်းခဲ့သည်။ ထောင်ပေါင်းများစွာ သော အမျိုးသား၊ အမျိုးသမီး များ သည် တဖွဲဖွဲ နှင့် သူ၏ လှုပ်ရှားမှု တွင် ပါဝင်လာခဲ့သည်။ ဥရောပ အမျိုးသားရေး ဝါဒ၏ အဓိက ရန်သူ ကြီး ဖြစ်သော ဩစတီးယား နိုင်ငံခြားရေး ဝန်ကြီး ကလီမင် ဗွန် မီတာနစ်ချ် မှ Young Italy အဖွဲ့ကြီးတွင် ပါဝင် ခြင်းကို နိုင်ငံတော် သစ္စာဖေါက်မှု အဖြစ် သဘောထားပြီး ပါဝင်သူများအား သေဒဏ်အထိ အပြစ်ပေးမည်ဟု ကြေညာလာခဲ့သည်။

 

နောက်ဆယ်စု နှစ် အတွင်း မက်ဇီနီ၏  ပြန်လည် ရှင်သန်ရေး ကြွေးကြော်သံဖြင့် အီတလီ အား ပေါင်းစည်း နိုင်ရန် ကြိုးပမ်းခဲ့မှုများ သည် အောင်မြင်မှု မရ ဖြစ်လာခဲ့သည်။ သို့သော်လည်း မက်ဇီနီသည် သူ၏ လှုပ်ရှား မှုကြီးအား အောင်မြင်ရမည်ဟု အကောင်းဖက်က ရှုမြင်နေဆဲပင် ဖြစ်သည်။

 

၁၈၄၈ ခုနှစ် အရောက်တွင် လူထု၏ အမျိုးသားရေး ဝါဒသည် စတင် ပြီး ဦးမော့လာခဲ့သည်။ ထိုနှစ်အတွင်း ဇန်နဝါရီလ မှ စတင်၍ ဥ‌ရောပ ကုန်းမြေကြီးတွင် စစ္စလီမှ ပဲရစ်၊ ဂျာမန် နှင့် အီတလီ ပြည်နယ်များ၊ ဩစတီး ယား အင်ပိုင်ယာ နှင့် ဘော်လကန် ဒေသများ အထိ တော်လှန်ရေးများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာ ခဲ့သောကြောင့် ဖြစ်သည်။ စီးပွားရေး အခြေအနေများ ဆိုးရွားလာမှု နှင့် အတူ လူထုကြီးက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကျယ်လောင်စွာ တောင်းဆိုလာနေပြီ ဖြစ်သည်။