စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (9)

by Hla Soewai - May 28 2022

မူးယစ်ဆေးဝါး၊ စစ်နှင့် ငြိမ်းချမ်းရေး ကြားက အမျိုးသား ရင်ကြားစေ့ရေး (၃)

 

အမေရိကန်သည် ဗီယက်နမ် စစ်ပွဲ အပြီး အမေရိကန် စစ်သား အများအပြား မူးယစ်ဆေး စွဲကာ ပြန်ရောက် လာသည့် အခါမှသာ အရှေ့တောင်အာရှ ရှိ မူးယစ်ဆေးဝါး ကုန်ကူးနေမှုကို စိုးရိမ်မကင်း စ၍ ဖြစ်လာခဲ့သည်။ မြန်မာပြည်ရှိ ဟီးရိုးအင်းသည် အမေရိကန် မြို့ပြများ သို့ စတင် ရောက်ရှိလာနေချိန်လည်း ဖြစ်သည်။

 

၁၉၇၀ ကျော် နှစ်များ ကုန်ဆုံးကာနီးတွင် ရှမ်းလက်နက်ကိုင် အဖွဲ့များက မူးယစ်ဆေး ကုန်သွယ်မှုကို အဆုံး သတ်ပေးမည်ဟု ကမ်းလှမ်းလာခဲ့သည်။  ၎င်းတို့တွင် ရှိ ဘိန်းတန်ချိန် စုစုပေါင်း လေးရာ ခန့်အား အမေရိကန် အစိုးရထံ ဒေါ်လာ သန်း နှစ်ဆယ် ဖြင့် ရောင်းချပေးမည်ဟု ပြောလာခဲ့သည်။ ထိုတန်ချိန် ပမာဏသည် တနှစ်စာ ထွက်ရှိမှု ဖြစ်ပြီး ဈေးကွက် အတွင်းမှ ပျောက်ကွယ်သွားနိုင်မည် ဖြစ်သည်။ အမေရိကန် အစိုးရ ပေးရမည့် တန်ဖိုးသည်လည်း မူးယစ်ဆေးဝါး နှိမ်နှင်းရေးတွင် သုံးစွဲနေရသည်ထက် များစွာ လျော့နည်းနေပြန်သည်။

 

၎င်းတို့၏ ကမ်းလှမ်းချက်ကို ကွန်ဂရက်တွင် ထောက်ခံမှု ရနေသော်လည်း သမ္မတ ဂျင်မီကာတာ သည် ယခင်က အတွေ့အကြုံများကြောင့် အယုံအကြည် မရှိတော့၍ ပယ်ချခဲ့သည်။ ၁၉၇၂ ခုနှစ်အတွင်း KMT သည် အမေရိကန် ဒေါ်လာ တသန်း ရမည်ဆိုလျှင် ၎င်းတို့ လက်ဝယ်ရှိ ဘိန်းတန်ချိန် စုစုပေါင်း ၂၆ တန်ကို ဖျက်ဆီးပေးမည်ဟု ဆို၍ ပေးခဲ့သော်လည်း နောက်ထပ် တတန် ထပ်ထွက်လာပြီး ငွေ ထပ်တောင်းခံရသည့် အတွေ့အကြုံမှာ ရှိထား ခဲ့သည်။

 

ထိုအစား အမေရိကန် အစိုးရသည် စစ် ခေါင်းဆောင် နေဝင်း နှင့် တိုက်ရိုက်ဆက်သွယ်ပြီး မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လုပ်ငန်းများ ဖြစ်သည့် ဘိန်းပင်များအား ပိုးသတ်ဆေး ဖြန်းခြင်း၊ ရဲ နှင့် စစ်ဖက်ကို လေ့ကျင့်ပေး ခြင်းများ၊ အစားထိုး သီးနှံများ စိုက်ပျိုးရေး အစီအစဉ်များ၊ လုပ်ဆောင်ရန် ရွေးချယ်လိုက်သည်။

 

အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ Drug Enforcement Agency (DEA) သည် လိုအပ်သော ပစ္စည်းများ၊ လေယာဉ်များကို မြန်မာ စစ်ထောက်လှမ်းရေး သို့ လှူဒါန်းလာခဲ့သည်။ မြန်မာ အစိုးရမှလည်း ကြိုးကြိုး စားစား လုပ်ပေးခဲ့သဖြင့် အမေရိကန် အုပ်ချုပ်ရေး အသိုက်အဝိုင်း၊ ကွန်ဂရက်၏ ချီးကျူးခြင်း ခံခဲ့ရ သည်။ DEA ကတော့ ၎င်းတို့ပေးသည့် ပစ္စည်းများထဲတွင် ပိုးသတ်ဆေး ဖြန်းသည့် လေယာဉ်မှ လွဲ၍ ကျန်သည် များအား သုံးစွဲခဲ့ခြင်း မရှိသည်ကို တွေ့နေရသော်လည်း မည်သို့မျှ ပြောဆိုခဲ့ခြင်း မရှိပေ။

 

အမေရိကန်တို့က ဝေဟင်မှ လေယာဉ်ဖြင့် ပိုးသတ်ဆေး ဖြန်းသည့် အစီအစဉ်သည် မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များထဲတွင် အအောင်မြင်ဆုံး ဖြစ်သည်ဟု အမြဲလို ယူဆထားခဲ့သည်။ သို့သော် ရှမ်းတို့က ပိုးသတ် ဆေးကြောင့် ၎င်းတို့၏ သောက်သုံးရေများ၊ အစားအသောက်များ ထဲ ရောက်ကုန်ပြီဟု ဆိုကာ သမ္မတ ကတော် နန်စီ ရီဂင် ထံ စာရေးသား တိုင်ကြားခဲ့ကြသည်။

 

ရီဂင်အစိုးရသည် ခင်ညွန့်၏ အကူအညီ ဖြင့် စစ်ထောက်လှန်းရေးက မူးယစ်ဆေးဝါး ကုန်ကူးနေမှုများ ရပ်တန့် သွားအောင်  လော်စစ်ဟန်၊ အိုလစ်ယန်း အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး လုပ်လာသည်ကို လက်သင့်ခံခဲ့ခြင်း မရှိပေ။ “မူးယစ်ကုန်ကူးသမားများက ‘နိုင်ငံရေး ရည်မှန်းချက်’ ကြောင့်ဆိုကာ သူတို့ အတွက် လွန်စွာ အမြတ် အစွန်း ရနေသော ရာဇဝတ်မှု မြောက်သည့် လုပ်ရပ်များကို စွန့်လွှတ်မည် ဟု ယူဆစရာ အကြောင်းမရှိ” ကြောင်း တုန့်ပြန်ခဲ့သည်။

 

ထို အယူအဆသည် တကယ်တမ်းလည်း မှန်လှပေသည်။ အပစ်အခတ် ရပ်စဲရေး ကြောင့် တိုင်းပြည်တွင် ဆယ်စု နှစ်ပေါင်း များစွာ အတွင်း ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ရအောင် အထောက်အကူ ဖြစ်ခဲ့သည်မှာ မှန်သော် လည်း အခြား တရားမဝင် လုပ်ငန်းများ အရှိန်အဟုန် နှင့် ကြီးထွားလာခဲ့သည်။ ကျောက်မျက် ရတနာများ၊ ကျောက်စိမ်းများ၊ ကျွန်းသစ်၊ မူးယစ်ဆေးပြားများ၊ တောရိုင်း တိရိစ္ဆာန်များ၊ မှောင်ခို ရောင်းဝယ် ဖေါက်ကား လာကြသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့နှင့် စစ်ဖက် အရာရှိများ ချမ်းသာ ကြွယ်ဝလာခဲ့သည်။ ထို့သို့ အကျိုးအမြတ် များစွာ ရရှိလာသော လူတိုင်းကို နိုင်ငံရေး နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲ သို့ ခေါ်ယူရန် ခက်ခဲလာသည်။

 

အပစ်အခတ် ရပ်စဲရေး ရရှိခဲ့ပြီးနောက်တွင် MNDAA, UWSA, NDAA တို့သည် မူးယစ် ကုန်ကူးသန်းသည့် လုပ်ငန်းများကို ထိန်းချုပ်လာခဲ့ကြပြီး စစ်ထောက်လှန်းရေး အကြီးအကဲ ခင်ညွန့်ကလည်း အားပေး အား မြှောက်ပင် လုပ်လာခဲ့သည်။ ခင်ညွန့်သည် ဂျော့ ဒဗလူ ဘွတ်ရှ် အစိုးရမှ ၁၉၈၈ အရေးအခင်း အား SLORC ၏ နှိမ်ကွပ်လာမှုကြောင့် ဝေဟင်မှ ဆေးဖြန်းသည့် အစီအစဉ်များ ဖြတ်တောက်ပြစ်ခဲ့သည်ကို မကျေနပ်၍ ဟု သတင်းထွက်ပေါ်လာခဲ့သည်။ အဆိုပါ အဖွဲ့များ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်လာပါက မူးယစ်ဆေး ကူးသန်း ရောင်းဝယ်မှု ဖြင့် အစားထိုးရန်ပင် ပြောလာခဲ့သည်။

 

၁၉၉၆ တွင် မြန်မာသည် မူးယစ်ဆေးပြားများ ထုတ်လုပ်သည့် ဖက်သို့ ကူးပြောင်းလာခဲ့သည်။ ဤသို့ဖြင့် ဒေသအတွင်း မက် ဆေးပြားများ ထုတ်လုပ် ဖြန့်ဖြူးသည့် အဓိက နိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀၁၅ တွင် ရှမ်းတောင်တန်းဒေသသည် ကမ္ဘာကို ဖြန့်ဖြူးနေသည့် မက် ဆေးပြားများ ထွက်ရှိရာ ဗဟိုချက်မ ဖြစ်လာ ခဲ့သည်။ ထွက်ရှိသမျှ ထဲမှ အများစုကို ဩစတေးလျှ၊ နယူးဇီလန် နှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ခဲ့သည်။

 

ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု များ ရုံး၏ ခန့်မှန်းချက်အရ အာရှတွင် မက်ဆေးပြား အတွက် ဈေးကွက်သည် တနှစ်လျှင် ဒေါ်လာ ၆၁.၄ ဘီလီယံ တန်ဖိုး ရှိနေသည်ဟု သိရသည်။ ထိုအထဲမှ အများစုသည် ရှမ်းပြည်နယ်ရှိ ဆူပါ ဓါတ်ခွဲ ထုတ်လုပ်ရေး စခန်းများမှ ထွက်ရှိနေသည်။  ၂၀၂၁ ဖေဖေါ်ဝါရီ လ အာဏာသိမ်း အပြီးတွင် ထိုအရည်အတွက်အပေါ် သင်္ချာနည်းအရ ထပ်ညွှန်းကိန်း တင်ထားသည့်အလား အတိုင်းအဆမရှိ များပြားလာခဲ့ပေသည်။ ထိုသို့ မက် ဆေးပြား ထုတ်လုပ်မှု မိုးထိ မြင့်မားလာနေသည် နှင့် အမျှ ချက်လုပ်ရာ, စက်ရုံများ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ မြန်မာပြည်တွင် အဆိုပါ အန္တရာယ်ကြီးက မကြာမီ အတောအတွင်း အဆုံးသတ် နိုင်ဖွယ်ရာ မရှိပေ။

 

**********

ယခု စာအုပ် အတွက် ကျမ တွေ့ဆုံ မေးမြန်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ က နိုင်ငံရေး ဆွေးနွေးပွဲများသည် အရေးကြီးဆုံး အဆင့်မှာ နောက်ပိုင်းမှ လက်နက်များ ဖျက်သိမ်း သို့မဟုတ် မြန်မာ၏ စစ်တပ် ပုံစံ နောက်တမျိုး ဖန်တီးပေးရေး ဖြစ်သည်ဆိုသည်ကို ခင်ညွန့်က ပြောခဲ့သည် ဟု ဆိုသည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကမူ နိုင်ငံရေး အရ ဆွေးနွေးမှုသည်သာ ပထမ ဖြစ်ရမည်ဟု တသဘော တည်း ခံယူထားခဲ့ကြသည်။ လက်နက်များ စွန့်လွှတ်ရန် သို့မဟုတ် နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် ပူးပေါင်းရန် တို့သည် ဒုတိယ အဆင့်သာ ဖြစ်ရမည်ဟု ဆိုသည်။ ၎င်းတို့ ပြောဆိုကြသည့် အထဲတွင် တရားမဝင် လုပ်ငန်းများ လျော့ချသွားရေး ပါမပါ ကိုတော့ အသေအချာ မသိခဲ့ရပေ။

 

မြန်မာ စစ်အစိုးရမှ ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့် BGF များ ဖွဲစည်းရန် တွန်းတွန်း တိုက်တိုက် လုပ်လာချိန်တွင် အပစ်အခတ် ရပ်စဲရေး နှင့် ခင်ညွန့်၏ ကတိများသည် ပျောက်ပျက်သွားခဲ့ရပြီ ဖြစ်သည်။ ဤသို့ဖြင့် အိုလစ်ယန်း၏ မောင်နှမ ဝမ်းကွဲ တော်သူ ဖုန်ကြားရှင် ဦးဆောင်သည့် MNDAA နှင့် ပထမဆုံး ရရှိထားသော အပစ်အခတ် ရပ်စဲရေးသည် ပြိုလဲသွားခဲ့ရသည်။ ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတွင်း တွင်လည်း အန္တရာယ် အချက်ပေး ခေါင်းလောင်းသံများ ဆူညံသွားခဲ့သည်။

 

MNDAA သည် BGF တွင် ပါဝင်ရန် ငြင်းပယ်လာခဲ့သည်။ ထို့အတွက် ဩဂုတ်လ ထဲတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်မှု ဆိုသည့် ခေါင်းစဉ်အောက်တွင် မြန်မာ လုံခြုံရေး တပ်များက စတင် ထိုးစစ်ဆင် လာခဲ့သည်။ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာမှု နှင့် အတူ အကြမ်းဖက် လုပ်ရပ်များကြောင့် ကိုးကန့် နယ်မြေ အတွင်း နေထိုင်သူ ၁၀,၀၀၀ ကျော်သည် ဖုန်ကြားရှင်နှင့် အတူ တရုတ်ပိုင်နက်ထဲသို့ ပြေးဝင်သွားခဲ့ကြသည်။

 

ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် စစ်တပ်သည် MNDAA ၏ အာခံလာမှုကို နှိမ်နှင်းနိုင်ခဲ့သဖြင့် အပစ် အခတ် ရပ်စဲရေး ရယူထားသည့် အဖွဲ့ တဖွဲ့ အပေါ် ပထမဆုံး အကြိမ် အောင်ပွဲ ခံနိုင်ခဲ့သည်။ ထိုအောင်ပွဲကြောင့်  မင်းအောင်လှိုင်ကို ချီးကျူးခံခဲ့ရပြီး အနာဂတ် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် မျက်စိကျခြင်း ခံခဲ့ရသည်။ တဖြေးဖြေး နောက်ဆုံးတွင် အခြား အဖွဲ့များနှင့် ရရှိထားသော အပစ်အခတ် ရပ်စဲရေးများ ပျက်ပြား လာခဲ့ပြီး အချို့ အဖွဲ့များနှင့်လည်း လှုပ်လှီလှုပ်လှဲ့ အဆင့် ဖြစ်လာခဲ့သည်။