စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (8)

by Hla Soewai - May 26 2022

မူးယစ်ဆေးဝါး၊ စစ်နှင့် ငြိမ်းချမ်းရေး ကြားက အမျိုးသား ရင်ကြားစေ့ရေး (၂)

 

တင်းမာမှုများသည် တိုင်းရင်းသား အုပ်စုများ နှင့် ကိုလိုနီ နယ်ချဲ့ တို့ အကြားတွင်သာ မဟုတ်တော့ဘဲ လူများစု ဖြစ်သော ဗမာများ နှင့် လူနည်းစုဝင်များ အကြားတွင်ပါ ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ် ကြီးက အဆိုပါ တင်းမာမှုများကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ခင်းကျင်း ပြလိုက်သောကြောင့်ပင် ဖြစ်သည်။ တိုင်းရင်းသား လူနည်းစုဝင်များသည် မဟာမိတ်တပ်များနှင့် လက်တွဲလာခဲ့သည်။ ထိုအထဲတွင် အမေရိကန်တပ်များ၊ စီအိုင်အေ မတိုင်မီ ထောက်လှန်းရေး အဖွဲ့ ကြီး ဖြစ်သည့် Office of Strategic Service Detachment 101 တပ်ဖွဲ့ဝင်များ နှင့် ကချင် တိုင်းရင်းသားတို့ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြပြီး စတီလ်ဝဲလ်၊ ဝင်းဂိတ် နှင့် မာရဲလ် မာရောဒါစ် တပ်များ အတွက် လမ်းဖွင့် ပေးနိုင်ခဲ့သဖြင့် ဂျပန်တို့အား တန်ပြန် ထိုးစစ် ဆင်လာနိုင်ခဲ့သည်။

 

ကချင် ရိန်းဂျား များ နှင့် Detachment 101 ၏ ကြေးရုပ်ထုများ ယခုတိုင် ရန်ကုန်ရှိ အမေရိကန် သံရုံးတွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာပြည်တွင် မဟာမိတ်တပ်များ အရေးသာ လာခဲ့ရသည်ကို ဂုဏ်ပြုသော အားဖြင့် အမှတ်တရ ထားရှိခဲ့ခြင်းလည်း ဖြစ်သည်။

 

မြန်မာတို့ အထူး လေးစား ကြည်ညိုသော ဗမာလူမျိုးစုဝင် အောင်ဆန်းသည် ဂျပန်တို့ ဖက်က ရပ်တည်ခဲ့သည်။ ဂျပန်တို့က မြန်မာပြည်အား ကိုလိုနီ အရှင်သခင်များ တုတ်နှောင်ထားသော သံကြိုးများကို ဖယ်ရှားနိုင်ရန် ကူညီမည်ဟု ကတိပြုခဲ့သောကြောင့်လည်း ဖြစ်သည်။ ဂျပန်တို့ထံတွင် လျှို့ဝှက် စစ်သင်တန်းများ တက်ရောက် ခဲ့ပြီးနောက် အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ်ဟု ထင်ရှားလာမည့် သူ၏ အဖွဲ့သည် ဂျပန်တပ်များကို မြန်မာ ပြည်တွင်းသို့ ဦးဆောင် ခေါ်သွင်းလာခဲ့ကြသည်။ ၎င်းတို့ လက်ချက်ကြောင့် မဟာမိတ်တပ်များ နှင့် တိုင်းရင်း သား အုပ်စုဝင်များ အတုံးအရုံး ကျဆုံးခဲ့ကြရသည်။

 

စစ်ပွဲ အပြီးသတ်တွင် အောင်ဆန်း နှင့် ရဲဘော် သုံးကျိပ်သည် ဘက်ပြောင်းပြီး မဟာမိတ်များ နှင့်အတူ ဂျပန် တို့အား တိုက်ခိုက်လာခဲ့ကြသည်။ အောင်ဆန်းသည် တိုင်းရင်းသား လူမျိုးစု ဒါဇင်ပေါင်းများစွာ နှင့် အတူ အသစ် ရေးဆွဲ ပြဋ္ဌာန်းလာမည့် နယ်နမိတ်အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံ အဖြစ် ဖွဲ့စည်းနိုင်ရေးတွင် ရင်ဆိုင်ရမည့် အခက်အခဲများကို ကောင်းစွာသိမြင်ထားခဲ့ပြီးလည်း ဖြစ်သည်။

 

ထို့အတွက် ပင်လုံညီလာခံကို ခေါ်ယူပြီး မြန်မာပြည်ကို မည်သို့မည်ပုံ ဖွဲ့စည်းမည် ဆိုသည်ကို ဆွေးနွေးလာ ခဲ့သည်။ ပင်လုံသည် အောင်ဆန်း အတွက် အမှားများကို သင်ပုန်းချေနိုင်ရန် နှင့်် တန်းတူညီမျှ မရှိမည်ကို စိုးရိမ်နေမှုများ ဖြေဖျောက်ပေးရန်၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ပြဋ္ဌာန်းနိုင်ရန် တို့ အတွက် အခွင့်အလမ်း တရပ် ဖြစ်လာခဲ့သည်။

 

နိုင်ငံတွင် အဓိက လူနည်းစု တိုင်းရင်းသား အုပ်စုကြီးများ ဖြစ်သော ရှမ်း၊ ကချင်၊ ချင်း တို့က ဗမာတို့နှင့် အတူ ပူးပေါင်းရန် လိုလိုလားလား ရှိခဲ့ကြပြီး အခြားအဖွဲ့များကမူ ပါဝင်ခြင်းလည်း မရှိဘဲ မသိကျိုးကျွံ ပြုခဲ့ကြသည်။ တိုင်းရင်းသား ကိုယ်စားလှယ်များ တောင်းဆိုခဲ့သည့် အချက် များထဲမှ အတော်များများသည် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိလာခဲ့သည်။ ထိုအထဲတွင် ရှမ်းပြည် ခွဲထွက်ပိုင်ခွင့်လည်း ပါရှိခဲ့သည်။ အောင်ဆန်းသည် ဗမာပြည် လွတ်လပ်ရေး မရမီကလေးမှာပင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး ပင်လုံစိတ်ဓါတ်သည်လည်း သူနှင့်အတူ ကွယ်ပျောက်သွားခဲ့ရပေတော့သည်။

 

၁၉၄၈ တွင် မြန်မာပြည်သည် ဗြိတိသျှ တို့ထံမှ လွတ်လပ်ရေး ရလာသည့် အခါ ပင်လုံ ညီလာခံမှ ရရှိထားသော သဘောတူညီချက်များ သို့မဟုတ် လွတ်လပ်ရေး ပေးရန် ဗြိတိသျှ တို့ နှင့် ချုပ်ဆိုခဲ့သော သဘောတူညီချက်များ သည် နိုင်ငံတွင်းရှိ တိုင်းရင်းသား လူနည်းစုများ အား အကာအကွယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးမည် မဟုတ် ဆိုသည်ကို ရှင်းလင်းစွာ သိမြင်လာခဲ့ကြသည်။ တိုင်းရင်းသား အုပ်စု အများအပြားက လက်နက်ကိုင် ပုန်ကန်မည့် လမ်းကို ရွေးချယ်ခဲ့ကြရာ ထိုအထဲတွင် ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူလည်း ပါရှိခဲ့ပြီး ၁၉၄၉ မှ စတင်ခဲ့သော တော်လှန်ပုန်ကန်မှု ကြောင့် ကမ္ဘာတွင် အရှည်ကြာဆုံး တော်လှန်ရေး အဖွဲ့ကြီး ဖြစ်လာ ခဲ့ရသည်။

 

ဗမာပြည် ကွန်မြူနစ် ပါတီ စီပီဘီ သည် ဝါဒရေးရာ အရ တော်လှန် ပုန်ကန်လာခဲ့သည်။ ၎င်းတို့ကို ယခင် ရဲဘော် သုံးကျိပ်ဝင်များထဲက ဦးဆောင်လာခဲ့သည်။ အခြားအဖွဲ့များကလည်း ပတ္တမြား၊ ကျောက်စိမ်း၊ တွင်း ထွက် ရတနာများ၊ ရွှေ၊ ငွေ၊ သစ်၊ မူးယစ်ဆေးဝါးများနှင့် သယ်ယူပို့ဆောင်နိုင်ရန် လမ်းပန်း ဆက်သွယ် ရေးအား ထိန်းချုပ်နိုင်ရန် ပုန်ကန်လာခဲ့ကြသည်။ နိုင်ငံတွင်း တွင် ဒုတိယ ကမ္ဘာစစ်မှ လက်ကျန် စစ်လက် နက် ပစ္စည်းများက အလျှံပယ် ဖြစ်နေသည်။ နောက်ပိုင်းတွင် ဗီယက်နမ် စစ် လက်ကျန် များလည်း ရရှိခဲ့သည်။ ၁၉၈၀ နှင့် ၁၉၉၀ ကျော်နှစ်များတွင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ပေါင်း လေးဆယ်ခန့် အထိ ရှိလာနေပြီ ဖြစ်သည်။

 

မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲ

**********************

စစ်ပွဲ ဆင်နွှဲနိုင်ဖို့က ငွေကြေး အင်အား ပံ့ပိုးပေးနိုင်မှ ဖြစ်ပေမည်။ မူးယစ်ဆေးဝါးသည် ဝင်ငွေ အလွယ်တကူ ရရှိနိုင်သည့် လမ်းကြောင်း ဖြစ်လာခဲ့ရသည်။ ထိုသို့ ဖြစ်လာအောင်လည်း အမေရိကန်ကိုပင် ကျေးဇူး တင်ရမလို ဖြစ်လာသည်။ မူးယစ်ဆေး ကုန်ကူးမှုမှာ မော်စီတုံး ဦးဆောင်သော တရုတ် ကွန်မြူ နစ်များသည် နိုင်ငံ အနောက် ခြမ်းကို စတင် ထိန်းချုပ်နိုင်ခဲ့ချိန်မှ အစပြုလာခဲ့သည်။ ယင်းနှင့်အတူ ကူမင်တန် (KMT) များကို ၁၉၄၉ တွင် ဗမာပြည်ထဲ သို့ မောင်းထုတ်ပြစ်ခဲ့ကြသည်။

 

KMT သည် အမေရိကန်တို့ထံမှ လျှို့ဝှက်အကူအညီများ ရယူကာ မော်စီတုံးတပ်များ ကို ပြန်တိုက်ခိုက်ရန် ဗမာပိုင် နယ်မြေများကို ခြေကုပ် ယူလာခဲ့ကြသည်။ ထိုမျှမကသေး၊ ဝ ၊ ရှမ်း ၊ လီဆူး၊ လားဟူ လူမျိုးများကိုပါ တပ်သားသစ်များ အဖြစ် သိမ်းသွင်းခဲ့ကြသည်။ KMT သည် ဘိန်းများ စိုက်ပျိုးပြီး စစ်ပွဲ အတွက် ရံပုံငွေ ဖြည့် တင်းလာခဲ့သည်။ ဤသို့ဖြင့် မြန်မာပြည်သည် ကမ္ဘာမူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်လာခဲ့ပြီး ဘိန်းစိုက်ပျိုး မှုတွင် အာဖဂန်နစ္စတန် ပြီးလျှင် ဒုတိယ နေရာသို့ တက်လှမ်းလာခဲ့သည်။

 

မူးယစ်ဆေး ကူးသန်း ရောင်းဝယ်မှု ဖွံ့ဖြိုးလာသည်နှင့် အမျှ ရှမ်းပြည်နယ်သည်လည်း လာအို၊ ထိုင်း နှင့် မြန်မာ သုံးနိုင်ငံ ထိစပ်နေသော ရွှေတြိဂံ ဒေသ မှ ဘိန်း စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၈၀% ကို ထုတ်လုပ်လာ ခဲ့သည်။ မူးယစ်ဆေးချက် စက်ရုံများ လည်း မှိုလိုပေါက် ထွက်ပေါ်လာခဲ့သည်။

 

KMT တို့အား အမေရိကန် တို့ ထောက်ခံ အားပေးခဲ့မှု သည် အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် နောင် ဆယ်စု နှစ်ပေါင်း များစွာ ကြာသည်အထိ ထိခိုက်သွားခဲ့ရသည်။ မြန်မာ အစိုးရက အမေရိကန် တို့ ပါဝင် ပတ်သက်နေ ကြောင်း သိရှိသွားသည်နှင့် တပြိုင်တည်း အာရှ တလွှားရှိ အမေရိကန် သံရုံးများကို ကန့်ကွက်စာ ပေးပို့ တိုင်တန်း လာခဲ့သည်။

 

ထိုအချိန်မှစ၍ မြန်မာ အစိုးရများသည် ၎င်းတို့ နယ်နမိတ်အတွင်း ပြည်ပမှ စွက်ဖက်လာမည့် အရေးကို အမြဲလို သံသယ ဖြင့် ဆက်ဆံလာခဲ့ကြသည်။ နာဂစ် ကာလအတွင်း အင်အားကြီး နိုင်ငံများမှ ကျူးကျော်လာမည့် အရေးကို စိုးရိမ်ကြောင့်ကြ ခဲ့ခြင်းမှာလည်း ထိုသို့ သင်္ကာမကင်း ဖြစ်လာခဲ့မှုကို အခြေခံလာခဲ့ခြင်းပင် ဖြစ်သည်။

 

ဘိန်းကုန်သွယ်ရေး မှတဆင့် ကမ္ဘာတွင် နာမည် ဆိုးဖြင့် ကျော်ကြားသော မူးယစ်ဆေး ကုန်သွယ်သူများ ပေါ်ပေါက်လာခဲ့ရပြီး ၎င်းတို့မှတဆင့် အမေရိကန် ရပ်ကွက်များ အထိ ပျံ့နှံ့လာခဲ့ပေတော့သည်။ အဆိုပါ မူးယစ်ရာဇာများသည် KMT တို့၏ ကျေးဇူးဖြင့် အတွေ့အကြုံများ ရကာ ကြီးပွား ချမ်းသာလာကြသူများလည်း ဖြစ်သည်။ ထိုအထဲတွင် ခွန်ဆာ၊ လော်စစ်ဟန် (သမ္မတ ရစ်ချတ် နစ်ဆင်မှ “ဟီရိုးအင်း လောက၏ ဂေါ့ဖား သားကြီး” ဟု ပင် ခေါ်ဆိုခြင်း ခံရသူ ဖြစ်သည်) အိုလစ်ယန်း တို့အားလုံးသည် မူးယစ်ကုန်ကူးရာတွင် ရှိနေသည့် အတားအဆီးမှန်သမျှ ကို ကျော်လွှားနိုင်ခဲ့ရုံမျှမက ကိုယ်ပိုင် စစ်တပ်များနှင့် ဆယ်စုနှစ်ပေါင်း များစွာ ရွှေတြိဂံ ဒေသတွင် ကိုယ့်မင်း ကိုယ်ချင်း ထင်ရာစိုင်းခွင့် ရခဲ့ကြသူများ ဖြစ်သည်။

 

ဤသို့ဖြင့် ရွှေတြိဂံ ဒေသသည် မူးယစ်ဆေးဝါး ကုန်သွယ်မှု ၏ အချက်အချာ အဖြစ် နာမည်ဆိုး ထွက်လာ ခဲ့သည်။ အိုလစ်ယန်း နှင့် လော်စစ်ဟန် တို့ နှစ်ဦးအား မြန်မာစစ်တပ်မှ နိုင်ငံတွင်းရှိ အထင်ကရ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်အောင် ကြားဝင်ဆွေးနွေးပေးရန် စည်းရုံးလာခဲ့သည်။

 

အိုလစ်ယန်း၏ အဓိက အောင်မြင်မှုမှာ သူမနှင့် ဆွေနီးမျိုးစပ်တော်သူ ဖုန်ကြားရှင်၊ သူ၏ ကိုးကန့် စစ်တပ် ဖြစ်သည့် Myanmar National Democratic Alliance Army (MNDAA) နှင့် အပစ်အခတ် ရပ်စဲရေးကို ၂၀၀၉ အထိ ထိန်းသိမ်းထားနိုင်အောင် အကူအညီ ပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။