သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(11)

by Hla Soewai - May 25 2022

အမျိုးသားရေး အား တော်လှန်ရေး သဘောတရား အဖြစ် ခံယူလာခြင်း (၅)

 

နပိုလီယန် အား နန်းချပြီး ပြည်နှင်ဒဏ် ‌ပေးထားခိုက်တွင် ဗြိတိန်၊ ဩစတီးယား၊ ပရပ်ရှား၊ ရုရှား နှင့် ပြင်သစ်တွင် ထီးနန်းပြန်စိုက်လာသော ဘူဘွန် ဘုရင်သည် အနာဂတ်တွင် စစ်ပွဲများ ထပ်မံ မပေါ်‌ပေါက်‌ရေး အတွက် အင်အား ချိန်ခွင်လျှာကို ထိန်းညှိနိုင်ရန် စတင် လုံးပမ်းလာခဲ့ကြသည်။ ထိုသို့ပြုလုပ်နိုင်ရန် နယ်ခြားမျဉ်းများကို ပြန်လည် ရေးဆွဲ မှ နောက်နောင်တွင် နယ်မြေလု စစ်ပွဲများ ဆင်နွှဲလိုစိတ် လျော့ပါးလာကြမည် ဟု ယူဆလာသည်။

 

ဤကဲ့သို့ စီစဉ်လာမှုများကို ဥရောပ စတိတ်ရှိုးကြီး ဟု အမည်ပေးလာကြသည်။ ယင်းမှာ အင်အားကြီး နိုင်ငံများသည် ပထဝီ အနေအထား အရ အလေးသာ ခဲ့သော်လည်း နိုင်ငံငယ်များ အဖို့ ဆုံးရှုံးနစ်နာမှု များနှင့် ရင်ဆိုင်လာခဲ့ရသည်။ ဥရောပ စတိတ်ရှိုးသည် တော်လှန်ရေး လှုပ်ရှားမှုများ နှင့် မကြာမီကမှ အညှောင့် ထွက်လာသော လူကြိုက်များသည့် အမျိုးသားရေး ဝါဒ များ ခေါင်းထောင်မလာနိုင်အောင် ဖိနှိပ်ထားရန်လည်း လုံးပမ်းလာကြသည်။

 

ထိုသို့ ဟန့်တား ချုပ်ချယ်မှုများ ကို အဓိက ဦးဆောင်ပြုလုပ်လာခဲ့သူများထဲတွင် ဩစတီးယား နိုင်ငံခြားရေး ဝန်ကြီး ကလီမင် ဗွန် မီတာနစ်ချ် သည် အထူး ထင်ရှားလာခဲ့သည်။ ၎င်းသည် လစ်ဘရယ် ဝါဒ နှင့် အမျိုး သားရေး ဝါဒကို ခါးခါးသီးသီး ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ၎င်းက ထိုဝါဒများသည် လူများ၏ စိတ်ကို ပိုင်စိုး‌ ထားသည့် ပရမ်းပတာ စိတ်လှုပ်ရှားမှု မျိုးဟု ပြောဆိုလာခဲ့သည်။

 

သို့သော် အချိန်ကာလ ရွေ့လျားလာသည်နှင့်အမျှ ဥရောပ ကုန်းမြေကြီးတွင် စက်မှု လုပ်ငန်းများ ထွန်းကား လာပြီး မြို့ပြ များ ဖွံ့ဖြိုးလာခဲ့သဖြင့် လူများ၏ နေထိုင်မှုဘဝသည် ပြောင်းလဲလိုက်လာနေသည်။ ယင်းနှင့် အတူ နိုင်ငံရေး နှင့် စစ်ရေး ဖက်တွင်လည်း ယခင်က ထိန်းညှိထားသော အင်အား ချိန်ခွင်လျှာသည် ကသောင်းကနင်း ဖြစ်လာခဲ့ရသည်။

 

တောရွာများမှ လူများသည် အစုလိုက် အပြုံလိုက် မြို့များသို့ ‌ရွှေ့ပြောင်းလာကြပြီး ကျွမ်းကျင်မှု မလိုသည့် အလုပ်အကိုင်များကို ရှာဖွေလုပ်ကိုင်ခဲ့ကြသည်။ ယခင်က ကျေးရွာများ တွင် စုစုစည်းစည်း ညီညီညွတ်ညွတ် နေခဲ့သူများသည် မြို့ပေါ်တွင် အကွဲကွဲ အပြားပြား ဖြစ်လာကြသဖြင့် စိတ်အား ငယ်နေချိန်မှာ အမျိုးသားရေး ဝါဒသည် အစားထိုး ဝင်ရောက်နေရာ ယူလာခဲ့သည်။ စိတ်ခံစားမှု အသားပေး ရိုမန်တစ် အနုပညာရှင်များ၊ တူညီသော ယဉ်ကျေးမှု နှင့် ဘာသာစကား အ‌လေးပေး သည့် အမျိုးသား‌ရေး ဝါဒီများသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်လာခဲ့သည်။ ရိုးရာ ပုံပြင်များ စုဆောင်း ထုတ်ဝေခြင်း၊ အမြင်သစ် များနှင့် ဖန်တီးလာသည့် အနုပညာလက်ရာများ ဖြင့် ရိုးရာဓ‌လေ့ အ‌ကြောင်းအရာများ ကို သွတ်သွင်းလာခြင်းမျိုး များဖြင့် စိတ်ခံစားမှု အသားပေးဝါဒီများသည် ဝံသာနု စိတ်များ ပြန်လည် ထုတ်‌ဖေါ်ရာတွင် အရေးပါသည့် လက်နက် တခု ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ဘာသာရေး သည်လည်း တူညီသော အမျိုးသား စရိုက်လက္ခဏာ တရပ် ၏ အမှတ်အသား အဖြစ် သမိုင်းတွင် နေရာ ပေးလာခဲ့သည်။

 

နိုင်ငံတနိုင်ငံ ၏ သမိုင်းကို ပုံဖေါ်မှုသည် ဘက်လိုက်မှု မကင်း၊ ဓမ္မဓိဋ္ဌာန် မကျနိုင်သည့် အလုပ်မျိုး ဖြစ်သည်ကို ရှင်းလင်းစွာ သိထားဖို့ လိုပေသည်။ နိုင်ငံ ရှိ တတ်သိပညာရှင်များ၊ နန်းတွင်း ပညာရှိများ၊ ပြဇာတ်များ၊ စာပုံနှိပ် ဖြန့်ချီရေး လုပ်ငန်းများ၊ ပြတိုက်ကြီးများ နှင့် တက္ကသိုလ် ကျောင်းတိုက်များရှိ သမိုင်းဌာနများသည် သမိုင်းအား လူ ကို ကိုယ်စားပြုမှု အဖြစ် ရွေးချယ် ကောက်နှုတ် ပြောဆိုဖေါ်ပြလေ့ ရှိတတ်ကြသည်။ ဗြိတိသျှ သမိုင်း ပညာရှင် ဂျွန် ဟပ်ချင်ဆန်သည် “သမိုင်းပညာရှင် ဆိုသူများကို “တူညီသော သွင်ပြင် လက္ခဏာများ နှင့် မြေပုံ ရေးဆွဲ‌သူများ” ဟု ပြောဆိုခဲ့ကြသည်။

 

မက်စ်ဝါဒီ သမိုင်းပညာရှင် တဦး ဖြစ်သူ အဲရစ် ဟော့ဘွန်းက ထိုသို့ သမိုင်းကို ပုံဖေါ်ပုံ ပုံဖေါ် နည်း လုပ်ငန်း စဉ်အား သူ၏ စာအုပ် ဖြစ်သည့် “The Invention of Tradition” တွင် ရေးသားခဲ့သည်။ “အမျိုးသားရေး ဝါဒ ဒီရေလှိုင်းကြီး မကြုံစဖူး အောင် မြင့်တက်လာနေပြီ ဖြစ်၍ သမိုင်းဆိုင်ရာ ဆက်စပ်မှု ကို တီထွင်လာရသည်။ ဥပမာ ဆိုရလျှင် အတိတ် သမိုင်း အား တဝက်တပျက် စိတ်ကူး ဇာတ်လမ်း များ  သို့မဟုတ် အတု အယောင် ဖန်တီးမှုများဖြင့် ထိ‌ရောက်မှု ရှိမည့် သမိုင်း အစဉ် အဆက် ဖြစ်အောင် ဖန်တီးယူခဲ့ရသည်” ဟု ပြောလာခဲ့သည်။ ထိုသို့ ဖန်တီးရာတွင် အထိမ်းအမှတ် သင်္ကေတ အသစ်များ၊ ကျင့်ထုံးများ ဖြင့် အဆိုပါ နိုင်ငံနေ လူများ ၎င်းတို့၏ အတိတ် သမိုင်းကြောင်း အား ပုံဖေါ် တွေးဆ၍ ရအောင် ထုတ်ဖေါ်ယူခဲ့ကြကြောင်းလည်း ဆိုသည်။

 

ဘာသာ‌ရေးသည် ထိုသို့သော အထိမ်းအမှတ် သင်္ကေတ အသစ်များ၊ ကျင့်ထုံးများ အတွက် စိတ်ကူးစိတ်သန်း များ ဖြစ်ပေါ်အောင် ပြုလုပ်ပေးနိုင်ခဲ့သည်။ ဘာသာရေး နှင့်ဆိုင်သော ရုပ်ပုံများ ဖြင့် ကိုးကွယ် ဆည်းကပ် လာအောင် လှုံ့ဆော်ပေးခဲ့သည်။ ယုံကြည် ဆည်းကပ်မှု နှင့် ဘာသာစကား မပါသော ကိုယ်ပိုင် လက္ခဏာ များ ကို ကိုယ်စားပြုလာစေသည်။

 

ယခုအခါတွင်တော့ အမျိုးသားရေး ဝါဒသည် ဘာသာရေး နှင့် နှီးနွယ်ခြင်း မရှိသော ခေတ်သစ် ပြယုဒ်များ ဖန်တီးလာနိုင်ခဲ့သည်။ အမျိုးသား အလံများ၊ မာရီယန်း၊ ဂျာမေနီယား၊ ဂျွန်ဘူလ် နှင့် အန်ကယ်ဆမ် ကဲ့သို့သော ပုံရိပ်များသည် တူညီသော လူ့အစည်းအရုံး၊ သွင်ပြင်လက္ခဏာ နှင့် ညီညွတ်မှု တို့ကို ကိုယ်စားပြုလာခဲ့ပြီ ဖြစ်သည်။

 

အလားတူစွာပင် ဘုရားကျောင်းများ၏ ဓမ္မတေးများ သည်လည်း ဘာသာရေး ယုံကြည်ဆည်းကပ်မှု နှင့် ကြည်ညိုမှု များ ဖြစ်ပေါ်လာအောင် ဖေါ်ညွှန်းရာတွင် အရေးပါလာခဲ့သည်။ ထိုအပြင် ဘုရားကျောင်း လာသူ အချင်းချင်း ဓမ္မတေးများကို စုပေါင်း သီဆိုနိုင်ပြန်၍ အတူတကွ မျှဝေ ခံစားခြင်း၊ ညီညွတ်ခြင်း တရားများ ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံတော် သီချင်းသည်လည်း အလားတူ အကျိုးသက်ရောက် စေနိုင်ခဲ့သည်။ တခါမှ သိကျွမ်းခဲ့ဖူးခြင်း မရှိသူများ အကြား နိုင်ငံတော် သီချင်းပါ အပိုဒ်များကို သံပြိုင်သီဆိုခြင်းဖြင့် မိမိတို့ သည် တမြေတည်းနေ တရေတည်းသောက် ခဲ့ကြသူများ၊ ဆိုးတူကောင်းဖက် အတူ နေထိုင်ကြသည်ဟု ယူဆလာကြသည်။

 

ဗြိတိန်သည်လည်း ထိုလမ်းကြောင်းကို ပုံဖေါ်လာခဲ့သည်။ “God Save the King” သည် ၁၈ ရာစုနှစ်တွင်ပင် လူထုအကြား ရေပန်းစားလာခဲ့သည်။ ထိုအချိန်က ဒုတိယမြောက် ဂျော့ချ် ဘုရင်သည် ထီးနန်းကို လုယက် လာသည့် တပ်များ၏ တိုက်ခိုက်လာမှုကို ရင်ဆိုင်နေခဲ့ရသည်။ နိုင်ငံတော်သီချင်း အဖြစ် သီဆိုရန်ကိုမူ  အမျိုးသားရေး ဝါဒများ အရှိန်မြင့်လာနေသည့် ၁၉ ရာစုနှစ် အရောက်မှသာ သတ်မှတ်ခဲ့ကြသည်။ ရုရှားကလည်း ၁၈၈၃ တွင် “God Save the Tsar” ဟု ဆိုကာ ထပ်တူနီးပါး ပုံတူကူးချလာခဲ့သည်။

 

သို့သော်ငြားလည်း အဆိုပါ သီချင်းများအား ဦးဦးဖျားဖျား ထုတ်ဖေါ်လာမှုသည် နိုင်ငံ၏ အင်အား နှင့် လူထု ၏ တူညီသော အသွင်လက္ခဏာများ ကို ရှာဖွေ ဖေါ်ထုတ်သည့် အရင်းအမြစ် ဖြစ်လာရမည့်အစား ထီးနန်း နှင့် နိုင်ငံသည် ဆက်စပ်မှု ရှိနေသည် ဆိုသည်ကိုသာ တစ်တစ်ခွခွ တည်ဆောက်လာခဲ့သည်။ ရုရှားကဲ့သို့ လူမျိုးပေါင်း များစွာ ပါဝင်နေသော အင်ပိုင်ယာတွင်ပင် အလားတူ အဓိပ္ပါယ် သက်ရောက်လာစေခဲ့သည်။