ကုလသမဂ္ဂသည် မြန်မာ အရေး အပေါ် တိုးတက်မှု ရှိအောင် လောက်လောက်လားလား လုပ်ပေး နိုင်စွမ်း မရှိ ဖြစ်နေသော်လည်း ထိုသို့ လုပ်ပေးနိုင်စွမ်း ရှိနေသည့် အဖွဲ့အစည်း တခု ရှိနေပေ သေး သည်။ ဤသည်မှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ ပင် ဖြစ်သည်။ အာဆီယံသည် အဖွဲ့ဝင် နိုင်ငံအများ အကြား စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ပေါင်းကူးပေးသည့် အဖွဲ့ကြီးလည်း ဖြစ်သည်။ ထိုအဖွဲ့ကြီးသည် ၎င်းတို့၏ အဖွဲ့ဝင် နိုင်ငံဖြစ် လာသော မြန်မာ အပေါ် သည်းညည်း ခံနိုင်စွမ်း တစထက်တစ ယုတ်လျော့လာနေပြီ ဖြစ်သည်။
အာဆီယံသည် မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် နှစ်ပေါင်းများစွာ ကြာ အောင် နှုတ်ဆိတ်နေခဲ့သည်။ “ပြည်တွင်းရေးကို ဝင်မစွက်” ဟူသော ပုံ မျိုးဖြင့် ဖာသိဖာသာ နေလာ ခဲ့ကြခြင်းလည်း ဖြစ်သည်။
သို့သော် နာဂစ် ဆိုင်ကလုံးကြီး သည် မြန်မာပြည်အတွက် အပြုသဘော ကဏ္ဍမှ ပါဝင်လာနိုင်သည့် အခွင့်အလမ်း ရရှိလာခဲ့သည်။ မေလ ၅ ရက်နေ့တွင် အာဆီယံ ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပီဆူဝမ် သည် မြန်မာအား သဘာဝ ဘေးအန္တရာယ် တားဆီရေး အတွက် ချမှတ်ထားသော လုပ်ငန်း ဘောင်အတွင်းမှ အကူအညီများ ပေးရန် ပြောဆိုလာသည်။ ပီဆူဝမ်သည် သာမန် အတွင်း ရေးမှူး ချုပ် မဟုတ်၊ ၎င်း၏ အမြော်အမြင် ရှိသော အတွေးအခေါ်များကြောင့် အများက လေးစားရ သည့် ထိတ်ထိတ်ကြဲ သံတမန် တဦးလည်း ဖြစ်သည်။
ပီဆူဝမ်သည် အာဆီယံ၏ အရေးပေါ် အကူအညီ အတွက် အလျှင်အမြန် လေ့လာဆန်းစစ်ရေး အဖွဲ့ (Asean Emergency Rapid Assessment Team (ERAT) ကို ပထမဆုံး အကြိမ် အဖြစ် အသုံးချ လာခဲ့သည်။ မြန်မာ စစ်ခေါင်းဆောင်များကလည်း ERAT နှင့် ပူးပေါင်းလုပ်ဆောင်ပါမည်ဟု ကတိ ခံဝန်ချက် ရလာခဲ့သဖြင့် အစိုးရ အရာရှိများ၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကျွမ်းကျင်သူများ၊ ဒေသတွင်းရှိ အင်ဂျီအိုများ နှင့် ဖွဲ့စည်းပေးပြီး မြန်မာသို့ မေလ ၉ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ ဝင်ရောက် လေ့လာခဲ့ကြသည်။
အာဆီယံ အတွင်းရေးမှူးချုပ်သည် ကယ်ဆယ်ရေး လုပ်ငန်းများ နှင့် အကူအညီပေးရေး တို့အတွက် အာဆီယံ၊ မြန်မာ စစ်အစိုးရနှင့် ကုလ အဖွဲ့အစည်းများကို စုံရုံးနိုင်ရန် ကြိုးစားလာခဲ့သည်။ ထိုမှတဆင့် ပြည်တွင်း အင်ဂျီအိုများပါ ထည့်သွင်းလာနိုင်သည်။ လုပ်ငန်းများ အတွက် နေ့စဉ် ဆောင်ရွက်နေမှုများ၊ လိုအပ်သည့် အရင်းအမြစ်များ ရရှိရေး ညှိနှိုင်းဆွေးနွေးမှုများ၊ လိုအပ်ချက်များကို သူ၏ ရုံးချုပ်သို့ နေ့စဉ် အစီရင်ခံစေကာ ကြီးကြပ်လာခဲ့သည်။
ထိုမှတဆင့် နောက်ထပ် အဖွဲ့ကြီး တခုကို ထပ်မံ ဖွဲ့စည်းလာနိုင်သည်။ ထိုအဖွဲ့အား နာဂစ်အလွန် ပူးတွဲ လေ့လာ ဆန်းစစ်ရေး အဖွဲ့ Post-Nargis Joint Assessment (PONJA) ဟု အမည်ပေးလာခဲ့သည်။ ထိုအဖွဲ့တွင် နိုင်ငံတကာ ရှိ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ အင်ဂျီအို အဖွဲ့ကြီးများ ပါဝင်လာသည်။ ထိုအဖွဲ့ကြီး မှ စေလွှတ်လိုက်သော လူ သုံးရာကျော်သည် ဆယ်ရက်ကာလ အတွင်း ဆိုင်ကလုံး ဘေးသင့်ခဲ့ရာ အရပ်များကို ပြဲပြဲစင်အောင် လေ့လာပြီး အပျက်အစီးများ၊ ဆုံးရှုံးမှုများ နှင့် ရှေ့လျှောက် လုပ်ကိုင်ပေးစရာ ရှိသည်များကို ဆန်းစစ်ခဲ့ကြသည်။
ဇူလိုင် ၂၁ ရက်နေ့တွင် တော့ PONJA ၏ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာခဲ့သည်။ ဆိုင်ကလုံး နာဂစ်ကြောင့် စုစုပေါင်း ပျက်စီး ဆုံးရှုံးမှုသည် အမေရိကန် ဒေါ်လာ ၄ ဘီလီယံ တန်ဖိုး ရှိပြီး မြန်မာ အမျိုးသား ထုတ်ကုန် ပမာဏာ ဂျီဒီပီ ၏ ၂.၇ ရာနှုန်း ရှိသည်ဟု တွက်ချက်တင်ပြနိုင်ခဲ့သည်။ ထို့အပြင် ပြန်လည် ထူထောင်ရေး အတွက် ဒေါ်လာ တစ် ဘီလီယံ လိုအပ်ကြောင်း ပါရှိလာသည်။
အဆုံးတွင် နာဂစ် ဆိုင်ကလုံးကြီးသည် ဒေသအတွင်း အသေအပျောက် အများဆုံး ကြောက်ဖက်ဖွယ် သဘာဝ ဘေးဆိုးကြီး အဖြစ် အသိအမှတ်ပြုလာခဲ့ကြသည်။ တရားဝင် စာရင်းဇယားများအရ လူပေါင်း ၁၃၈,၀၀၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားခဲ့ပြီး ဒေါ်လာပေါင် ဘီလီယံ ချီသည် အထိ ပျက်ဆီး ဆုံးရှုံးသွားခဲ့ရသည်။
ကျေးရွာ အများအပြားလည်း လူသူကင်းမဲ့ကုန်ပြီ ဖြစ်သည်။ နေထိုင်ခဲ့သူများ သေဆုံး သို့မဟုတ် အခြားသို့ ပြောင်းရွှေ့သွားခဲ့ကြ၍ ဖြစ်သည်။ အသက်ရှင်ကျန်ခဲ့သူများလည်း ညအချိန်တွင် အသံ နက်ကြီးများ ဖြင့် အော်ဟစ်သံများ ကြားလာရခြင်း၊ တစုံတယောက်က မိမိလက်မောင်းကို ဖမ်း ဆုပ်ခြင်း ခံခဲ့ရပုံများ၊ သေဆုံးသွားသော မိသားစုဝင်များ အား ဟိုနေရာ ဒီနေရာတွင် လျပ်တပြက် မြင်လာခဲ့ရပုံ အစရှိသည့် အကြောင်းများ ပြောပြလာကြသည်။ သူရဲတစ္ဆေများနှင့် နတ်များသည် မြန်မာတို့၏ နေ့စဉ် ဘဝတွင် အမြဲလို စွဲမြဲစွာ တည်ရှိနေကြသဖြင့် မြစ်ဝကျွန်းပေါ် ဒေသ သည် သူရဲ အချောက်ခံရဆုံး အရပ်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။
မြစ်ဝကျွန်းပေါ်ရှိ သဘာဝ ပတ်ဝန်းကျင် ရေမြေ အနေအထားလည်း လုံးဝပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ အပေါ်ယံ မြေလွှာသည် မုန်တိုင်း ဒဏ်ကြောင့် ရေတိုက်စားခြင်း ခံခဲ့ရသည်။ သီးနှံ များ၊ ဟင်းသီးဟင်းရွက်များ၊ လမုပင်များ ပေါက်ရောက်နိုင်သည့် မြေဆီမြေလွှာများ ပျောက်ကွယ်သွား၍ ရွာသူရွာသားများသည် အခြား အလုပ်များကို ပြောင်းလဲ လုပ်ကိုင်ခဲ့ကြရသည်။
အကူအညီများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများသည် နောက်ပိုင်း လ အနည်းငယ်အထိ ဆက်လက် တည်ရှိနေခဲ့သော်လည်း စစ်အစိုးရသည် အကူအညီ အဖြစ် ပေးလာသည့် ဒေါ်လာငွေများ အပေါ်မှ အကျိုးအမြတ်များ ရရှိနေသည့် အထောက်အထားများ တွေ့လာ၍ နောက်ဆုံးတွင် အဆုံး သတ်သွားခဲ့ရသည်။
ယင်းနှင့် အတူ တနိုင်ငံလုံးသည် ယခင်အတိုင်း ဝမ်းနည်းညှိုးငယ်စွာ စိတ်လက်မချမ်းမသာဖြင့် ဆက်လက် ရုန်းကန်နေကြရသည့် ဘဝကို ပြန်၍ ကျင်လည် လာခဲ့ရပြီ ဖြစ်သည်။ စစ်အစိုးရကတော့ ၎င်းတို့ လမ်းပြမြေပုံကြီးပါ ကျန်ရှိနေသည့် အဆင့်များကို အကောင်အထည် ဖေါ်ရန် ပြန်၍ အာရုံ စိုက်ခွင့် ရလာခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် ချထားမှုကို နောက်ထပ် တနှစ် သက်တမ်းတိုးခဲ့ကြသည်။
ထိုသို့ အခြေအနေများကြားမှ စိတ်အားတက်ဖွယ် အချင်းအရာများ အနည်းငယ် ထွက်ပေါ်လာခဲ့သည်။ နာဂစ်သည် အမေရိကန် အစိုးရမှ စစ်အစိုးရ အပေါ် အရေးယူ ပြစ်ဒဏ်ချမှတ်နေသည့် မူဝါဒများကို တိုက်စား ပြစ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ၁၉၈၈ အရေးတော်ပုံကြီး နောက်ပိုင်းတွင် အမေရိကန် သည် အကူအညီပေးရေး အစီအစဉ်များကို သိသိသာသာ ဖြတ်တောက်ခဲ့သည်။ ထိုအစား ထိုင်း-မြန်မာ နယ်စပ်ရှိ ပြည်တွင်းစစ်ဒဏ်မှ ထွက်ပြေးလာကြသည့် ဒုက္ခသည်များအား ပြောင်း၍ အကူ အညီများ ပေးလာခဲ့သည်။ သို့သော် အမေရိကန် သံရုံး၏ အမေရိကန် စင်တာတွင်ရှိ အင်္ဂလိပ်စာ သင်တန်းကဲ့သို့ အစီအစဉ် အသေးစားလေးများ၊ စာကြည့်တိုက် နှင့် နိုင်ငံရေးရာ များ လွတ်လပ်စွာ ဆွေးနွေးနိုင်ရန် လုံခြုံစိတ်ချရသည့် နေရာများကို မူ ဆက်လက်ထားရှိပေးခဲ့သည်။
တကယ်တမ်းတွင် ထိုအစီအစဉ်များသည် ဒီမိုကရေစီ လှုပ်ရှားမှု ဆက်လက် အသက်ဝင်နေနိုင်အောင် အထောက်အကူများ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသားများ အတွက်လည်း စည်းရုံး လှုံ့ဆော် နိုင်သည့် အရည်အချင်းများ ပျိုးထောင်ပေးနိုင်ခဲ့သဖြင့် ထိုသူများကပင် နာဂစ်ကာလ အတွင်း ဦးဆောင်မှု ပေး လာနိုင်ခဲ့သည်။
အမေရိကန်နှင့် အဓိက အလှူရှင် နိုင်ငံများသည် မြန်မာရှိ အင်ဂျီအိုများ၏ လုပ်ရည်ကိုင်ရည် အပေါ် ပြောင်းလဲ ရှုမြင်လာသည်အထိ ဖြစ်လာခဲ့ရသည်။ စီအက်အို ခေါ် မြို့ပြ လူ့အဖွဲ့အစည်းများ၊ အင်ဂျီ အိုများသည် နာဂစ်မတိုင်မီက သူတို့၏ လှုပ်ရှားနိုင်ခွင့် ဘောင်သည် ကျဉ်းမြောင်းနေခဲ့သည်။ သူတို့ လုပ်ကိုင်လိုသည့် အစီအစဉ်များ အတွက်ပင် ရံပုံငွေများ ရရှိအောင် မစွမ်းဆောင်နိုင် ဖြစ် နေသည်။
ထိုသို့ အနေအထားများ ကြားမှ အင်ဂျီအိုများသည် မိမိတို့ ကွန်ယက်များကို စုစည်းကာ လှုပ်ရှားနိုင် ခဲ့ကြသည်။ ဒေသခံ အင်ဂျီအိုများသည် အလှူရှင်များ နှင့် ပြည်ပ အစိုးရများ မသွားနိုင်၊ မသိနိုင်သည့် ဆိုင်ကလုံးဒဏ်ခံရသည့် ကျေးရွာများသို့ အရောက်သွားနိုင်စွမ်း ရှိကြသဖြင့် ရွာသူရွာသားများ အတွက် အသက်သွေးကြောကြီး သဖွယ် ဖြစ်လာရသည်။ အင်ဂျီအို များသည် ဖြစ်ပျက်နေသည်များ ကို အချိန်နှင့် တပြေးညီ သိနိုင်ရန် အစစ်အမှန် သတင်းများကို ရန်ကုန်သို့ ပြန်လည် ပေးပို့နိုင်ခဲ့ကြသည်။
နာဂစ်ကာလ အတွင်း နှင့် နာဂစ်အလွန် အင်ဂျီအို များ လုပ်ခဲ့ရသည်များက အေးအေးချမ်းချမ်းတော့ မဟုတ်၊ အန္တရာယ်များ နှင့် ရောပြွမ်းနေစမြဲ ဖြစ်သည်။ ထိုသို့ အကူအညီပေးသူများထဲမှ နှစ်ဆယ့် တယောက် ဖမ်းဆီးခံခဲ့ရပြီး ထောင်ချ အပြစ်ပေး ခံခဲ့ရသည်။ ထိုအထဲတွင် ထင်ရှားသော ဟာသ အနုပညာရှင် ဇာဂနာ လည်း ပါဝင်ခဲ့သည်။ သူသည် ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် လတ်တ လော ဖွဲ့စည်းခဲ့သည့် လူ ၄၂၀ ဦးပါ အဖွဲ့တွင် ပါဝင်ခဲ့သူ ဖြစ်သည်။ သူ့အား ထောင်ဒဏ် ၃၅ နှစ် အပြစ် ဒဏ် ချမှတ်ခံရသည်။ သူ့အား စွဲချက်တင်သော အမှုများထဲတွင် မြစ်ဝကျွန်းပေါ်ရှိ ဆိုင်ကလုံးဒဏ် ခံရသည့် နေရာများကို ဗီဒီယို ဖြင့် မှတ်တမ်းတင်ခဲ့မှုလည်း ပါဝင်ခဲ့သည်။
ဆိုင်ကလုံး နာဂစ်သည် စစ်အစိုးရ တွင် အဖွဲ့ဝင် အဖြစ် ပါဝင်နေသည့် သိန်းစိန် အပေါ် သိသိသာသာ သဘောထား ပြောင်းလာအောင် ပြုလုပ်နိုင်ခဲ့သည်ဟု ကျမ ယုံကြည်မိသည်။ နောက်ဆုံးတွင် တိုင်း ပြည်ကို တံခါးဖွင့်ပေး အောင် ပြုလုပ်နိုင်ခဲ့ပြီး နာဂစ်အတွင်း အစပျိုးခဲ့သည့် အင်ဂျီအိုများ အတွက် လုပ်နိုင်ကိုင်နိုင်ရန် နေရာများ ဖွင့်ပေးခဲ့သည်။ ဒုက္ခသည်များအား အကူအညီပေးခဲ့၍ ထောင်ဒဏ်ကျ ခံနေရသူများကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ ကျမ အတွက်လည်း ထိုအတောအတွင်း တလတာမျှ တာဝန်ပေးခံခဲ့ရမှု သည် အဆုံးသတ်မသွားတော့ဘဲ ဆက်၍ လုပ်ရမည့် မစ်ရှင်ကြီး အဖြစ် ပြောင်းလဲ သွားခဲ့ရပေတော့သည်။
ဆက်လက်၍ အခန်း (၂) ဖြစ်သည့် မူးယစ်ဆေးဝါး၊ စစ် နှင့် ငြိမ်းချမ်းရေး ကြားက အမျိုးသား ရင်ကြား စေ့ရေး အား တင်ပြသွားပါမည်။