စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (5)

by Hla Soewai - May 20 2022

နိုင်ငံတကာ နှင့် ယုံကြည်မှု တည်ဆောက်လာခြင်း

 

နိုင်ငံတကာမှ ဆိုင်ကလုံး ဘေးသင့် ပြည်သူများကို အကူအညီ ပေးနိုင်ရန် အပူတပြင်း ကြိုးပမ်းလာ နေကြသည်။ အကူအညီများ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိရန် ပြောဆိုညှိနှိုင်းရသည့် အပြင် စစ်အစိုးရ ၏ အကျင့်ပျက် ခြစားမှုများ နှင့် ထိတ်တိုက်တွေ့လာရသည်။ ယခင်က ‌ခေါင်းမာစွာ ငြင်း ဆန်ခဲ့မှုကြောင့် အချိန်များ ပို၍ ကြာလာခဲ့ရခြင်း ဖြစ်သည်။

 

၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာအတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြီးနှင့် အတူ ဖြစ်ပေါ်လာသော ဆူနာမီ ဒဏ် ခံခဲ့ရသည့် တပတ်အတွင်းမှာပင် ပြည်ပ အစိုးရများက ဒေါ်လာ သန်းပေါင်းများစွာ ကူညီမည်ဟု ကတိပြုလာကြပြီး ဖြစ်ပွားရာ ဒေသများသို့ တန်ချိန် ၆၀ ခန့်ရှိ ကယ်ဆယ်ရေး ပစ္စည်းများ ပို့ပေး နိုင်ခဲ့သည်။ နိုင်ငံပေါင်း သုံးဆယ်ခန့်မှ စစ်သည်များ၊ ရဟတ်ယာဉ်များ စေလွှတ်ခဲ့ကြသဖြင့် အင်ဒိုနီရှားရှိ အာချေ့ အရပ်သို့ ရဟတ်ယာဉ် ဖြင့် အခေါက်ရေ ၄၃၀ ခန့် ပျံသန်း ပို့ဆောင် ပေးနိုင် ခဲ့သည်။ အမေရိကန် လေယာဉ်များ၊ သင်္ဘောများ နှင့် စစ်သည်အင်အား ၁၈,၀၀၀ ခန့် ပါဝင်ကူညီ ပေးခဲ့ကြသည်။ 

 

မြန်မာ စစ်အစိုးရကတော့ မုန်တိုင်းဒဏ် ခံရပြီး တပတ်အတွင်း အာရှသား မဟုတ်သော ကုလကယ် ဆယ်ရေး ဝန်ထမ်း ၃၄ ဦးကိုသာ ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးခဲ့သည်။ ထို့အတွက် ကုလသမဂ္ဂ မှ ကယ်ဆယ်ရေး ဝန်ထမ်းများ အမြန် ဝင်ခွင့်ပေးပါရန် ဖိအားပေးလာခဲ့ရသည်။ သို့သော် ယခင် အတိုင်း ပင် ဗီဇာများကို ဖြေးဖြေးချင်းသာ ထုတ်ပေးနေမြဲ ဖြစ်သည်။ ကုလ အတွင်း‌ရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် မေလ ၁၂ ရက်နေ့တွင် လွန်စွာ စိတ်ပျက်မိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြော လာခဲ့ရသည်။ မြန်မာပြည်ထဲ ရောက်နှင့်ပြီးသား ကုလ ဝန်ထမ်းများသည်လည်း မုန်တိုင်းသင့် ပြည်သူ သုံးပုံ နှစ်ပုံ ခန့် ကိုပင် ထိထိရောက်ရောက် အကူအညီ မပေးနိုင် ဖြစ်နေသည်ဟု ပြောလာသည်။ မြန်မာ စစ်ခေါင်းဆောင်များကတော့ ၎င်းတို့ အရေး မဟုတ်သည့်အလား ကုလကို အလော သုံးဆယ် အကူ အညီ ပေးခဲ့ကြခြင်းမျိုး မတွေ့ရပေ။

 

မြန်မာသည် ကုလသမဂ္ဂ နှင့် သမိုင်းကြောင်းက ရှိနေခဲ့ပြီး ဆက်၍ ရှိနေဆဲလည်း ဖြစ်သည်။ မြန်မာမှ ပညာတတ် သံတမန် တဦး ဖြစ်သော ဦးသန့်သည် တတိယမြောက် ကုလ အထွေထွေ အတွင်းရေးမှူး ချုပ် ဖြစ်လာသည်အထိ အဆင်ပြေသော ဆက်ဆံရေးမျိုး ရှိခဲ့သော်လည်း ငြိမ်ပိ စစ်အစိုးရ (SLORC) လက်ထက်တွင် ခွါပြဲလာခဲ့သည်။ 

 

စစ်အစိုးရ ၏ အာဏာရှင် ဆန်ဆန် အုပ်ချုပ်လာခဲ့ခြင်းကြောင့်လည်း ကမ္ဘာတဝှမ်းတွင် နဂိုရှိပြီးသား မိတ်‌‌ဆွေများ ဆုံးရှုံးကုန်သည်။ ကုလသည် မြန်မာအား ပြစ်မထားဘဲ သံတမန်ရေးအရ အထူး ကြိုးစား ပမ်းစား လုပ်ပေးခဲ့သည်။ ထို့အတွက် ကုလ အထူးသံတမန်များ၊ ညှိနှိုင်းပေးရေး တာဝန်ခံများ အတော မသတ် ခန့်အပ်ပေးခဲ့သည့် အပြင် ဆုံးဖြတ်ချက်များလည်း တသီကြီး ချမှတ်ပေးလာခဲ့သည်။ သို့သော် ကုလ နှင့် ဆန့်ကျင်ဖက် အမြင်ရှိသော အဖွဲ့ဝင်နိုင်ငံများနှင့် ခေါင်းမာသော စစ်အစိုးရကြောင့် အခြေ အနေများ လွယ်လင့်တကူ ဖြစ်မလာဘဲ ဒီမိုကရေစီ ဖေါ်ဆောင်နိုင်ရေး အတွက် စစ်အစိုးရအား တွန်း အားပေးမှုများမှာ အောင်မြင်မှု မရခဲ့ပေ။

 

ကုလ မှ ပထမဆုံးအကြိမ် အဖြစ် ဂျပန်မှ ပညာရှင်လည်းဖြစ် သံတမန် တဦးလည်း ဖြစ်သည့် ဆာဒါကို အိုဂါတာ အား တာဝန်ပေးခဲ့သော်လည်း တကြိမ်တည်းနှင့် လက်လန်ပြီး ပြန်လာခဲ့ရသည်။ ၁၉၉၀ ရွေး ကောက်ပွဲ အပြီးတွင် လူ့အခွင့်အရေး ဆိုင်ရာ ကုလ ကော်မရှင် ကိုယ်စား တသီးပုဂ္ဂလိက ကျွမ်းကျင်သူ အဖြစ် တာဝန်ပေးပြီး မြန်မာ စစ်အစိုးရ၏ NLD အနိုင်ရရှိခဲ့မှု ကို ငြင်းပယ်ခဲ့မှု နှင့် စပ်လျှင်းပြီး တိုက်ရိုက် ဆက်သွယ်စေခဲ့သည်။

 

၁၉၉၄ ခုနှစ်တွင် ကုလ အတွင်းရေးမှူးချုပ် ဖြစ်သည့် ဘူထရိုစ် ဘူထရိုစ် ဂါလီ သည် ရာဖူဒင် အာမက် ဆိုသူအား‌ စေလွှတ်ပြီး သူ၏ စာကို SLORC လက်ထဲ ထည့်ပေးခဲ့ပြန်သည်။ 

 

၁၉၉‌၂ တွင် ကုလ အထူး ဖြန်ဖြေရေးမှူး အဖြစ် ယိုဇို ယိုကိုဝာာ အား ခန့်အပ်တာဝန်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူ၏တာဝန်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတော့ဟု ဆိုကာ ၁၉၉၆ တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ ယိုကိုတာ နေရာတွင် မော်ရစ်ရှ မှ ရာဂ်ျဆူးမား လာလား အား တာဝန်ပေးခဲ့ သော်လည်း စစ်အစိုးရသည် မည်သည့် အကြောင်းကြောင့်မှန်း မသိ၊ သူ့အပေါ် အမျက်သိုပြီး သူ၏ လေးနှစ် သက်တမ်းအတွင်း နိုင်ငံတွင်းသို့ လုံးဝ ဝင်ခွင့် မပြုခဲ့ပေ။ သူ့နေရာတွင် အယ်ဗာရို ဒီ ဆိုတိုအား ပြောင်းလဲ ခန့်အပ်ခဲ့ပြန်ရာ ၁၉၉၉ တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့ပြန်သည်။ ၎င်း၏ တာဝန် ဖြစ်သော စစ်အစိုးရ နှင့် နိုင်ငံရေး အဖွဲ့အစည်းများ အကြား ‌တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကြံဆောင် မပေးနိုင်ခဲ့ သောကြောင့် ဟု ဆိုသည်။

 

ကုလ အတွင်းရေးမှူးချုပ် အထူးသံတမန် အဖြစ် ရာဇာလီ အစ္စမေးအား ခန့်အပ်ခဲ့သော်လည်း နောက် ပိုင်းတွင် နှစ်နှစ် ကြာသည့်အထိ ပြည်ဝင်ခွင့် မပြုခဲ့ပြန်သဖြင့် သူသည်လည်း ၂၀၀၆ တွင် နှုတ်ထွက် သွားခဲ့ရသည်။

 

သူ့နေရာတွင် အီဘရာဟင် ဂမ်ဘာရီက ဆက်ခံလာခဲ့သည်။ ဂမ်ဘာရီ အား နိုင်ငံ အတွင်းသို့ ဝင်ခွင့်ပြု ခဲ့သဖြင့် စစ်ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင် ဆက်နွယ်နေသည့် ပုဂ္ဂိုလ်များ နှင့်ပါ တွေ့ခွင့်ရလာသည်။ သို့သော် စစ်အစိုးရ အပြင်  ဒေါ်အောင်ဆန်းစုကြည်မှ အေးတိအေးစက် ဆက်ဆံလာခဲ့မှု နှင့် အဖွဲ့ဝင် နိုင်ငံများ၏ နှောက်ယှက်ခံရမှု များကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ကာ သူ၏ သက်တမ်းလည်း ဆုံးခန်းတိုင်သွားခဲ့ရသည်။

 

နောက်ထပ် ရောက်လာသူက ပေါလို ပီညဲယို ဖြစ်သည်။ သို့သော် အင်းစိန် ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ အား တွေ့ဆုံမေးမြန်းနေစဉ် အတွင်း စားပွဲအောက်တွင် အသံဖမ်းကိရိယာ တပ်ထား သည်ကို ‌တွေ့လိုက်ရသဖြင့် ခရီးစဉ်ကို အဆုံးသတ်ပြီး ပြန်သွားခဲ့သည်။ 

 

ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ၂၀၁၂ တွင် သူ၏ အထူး သံတမန် အဖြစ် ဗီဂျေး နမ်ဘီယာ အား တာဝန်ပေးလာခဲ့သည်။ နမ်ဘီယာသည် စစ်အစိုးရ ၏ နိုင်ငံရေး ပွင့်လင်းမှု၊ ပြုပြင်ပြောင်းလဲမှု များ နှင့် ကြုံသွားရသဖြင့် ဆက်ဆံရေး အထူး ကောင်းမွန်ခဲ့သည်။ 

 

၂၀၁၈ ဧပြီလတွင် အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ် ခန့်အပ်ခဲ့သည့် ခရစ်စတင်း ဘာဂင်ဂါ အဖို့ကတော့ ပထမဆုံး အထူး သံတမန် အိုဂါတာ ကြုံခဲ့ရသည့် အနေအထားသို့ ပြန်ရောက်သွားခဲ့ ရပေတော့သည်။ အာဏာသိမ်းပြီး လပေါင်းများစွာ အကြာ ၂၀၂၁ အောက်တိုဘာလ တွင် ဂူတာရက်စ်သည် စင်္ကာပူမှ နိုလင်း ဟေဇာအား သူ၏ အထူးသံတမန် အဖြစ် ထပ်မံ ခန့်အပ်ခဲ့ပြန်သည်။

 

၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အား စစ်အစိုးရမှ ငြင်းပယ်ခဲ့ပြီးနောက်တွင် ကုလသမဂ္ဂ မှ ဆုံးဖြတ်ချက် များ ချမှတ်လာခဲ့သည်။ စစ်အစိုးရအား ဒီမိုကရေစီဖေါ်ဆောင်နိုင်ရေး ဆောင်ရွက်ရန်၊ ဒေါ်အောင်ဆန်း စုကြည်အား အကျယ်ချုပ်မှ ချွင်းချက် မရှိ လွှတ်ပေးရန်၊ စိတ်မကောင်းဖွယ်ရာ ဆိုးဝါးလာနေသည့် လူ့အခွင့်အရေး များ တိုးတက်လာအောင် ပြုလုပ်ပေးရန် တို့ကို အမြဲလို ဖိအားပေးလာခဲ့သည်။ ပထမ ဆုံးအကြိမ် ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်သည် စာမျက်နှာ တဝက်ခန့်သာ ရှိခဲ့သော်လည်း နောက်ပိုင်း တွင် စာမျက်နှာပေါင်း များစွာ ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

သို့သော် ကုလ မှ အသုံးမပြုသေးဘဲ ကျန်နေသေးသော လက်နက် ကိရိယာ တခုက ရှိနေပေသေး သည်။ ထိုအရာကို အသုံးပြုရန် နာဂစ် ကာလ အတွင်း စတင် စဉ်းစားလာခဲ့သည်။ ဤသည်ကား R2P ဟု လူသိများသည့် "Responsibility to Protect"ဆိုသည်ပင် ဖြစ်သည်။

 

မြန်မာပြည် တွင် R2P ထုတ်သုံးမှ ဖြစ်မည်ဟု စပြောလာသူမှာ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဘားနတ် ကူရှနာ ပင် ဖြစ်သည်။ သူက SPDC သည် တမင်သက်သက် လူအများ ဆင်းရဲ ဒုက္ခ ရောက်ပြီး သေ ကြေအောင် လုပ်နေသောကြောင့် ၎င်းတို့ အားလုံးသည် လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်နေ ကြသူများ ဖြစ်သည်ဟု ပြောလာခဲ့သည်။

 

R2P သည် ရဝမ်ဒါရှိ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးများကြောင့် ပထမဆုံးအကြိမ် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။ ၁၉၉၀ ကျော် နှစ်များ အတွင်း ဖြစ်ပွားခဲ့သော ဘော်လကန် စစ်ပွဲများတွင်လည်း အသုံး ပြုလာခဲ့သည်။ နောက်နောင်တွင် ထိုကဲ့သို့ အဖြစ်ဆိုးမျိုး အား ဟန့်တားနိုင်ရန် အတွက် ဖြစ်သည်။ နိုင်ငံတနိုင်ငံသည် ၎င်း၏ နိုင်ငံသားများ အပေါ် ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်လာပါက နိုင်ငံ တကာ မိသားစုမှ ဝိုင်းဝန်း၍ အကာအကွယ် ပေးရမည်ဆိုကာ ၂၀၀၅ ခုနှစ်တွင် တရားဝင် ပြဋ္ဌာန်း ပေးခဲ့သည်။

 

ဆိုင်ကလုံး နာဂစ် ကြောင့် R2P ပါ စကားရပ်များ အပေါ် ဥပဒေ ကြောင်းအရ ထိုအနေအထား အထိ ရောက် မရောက် နှင့် စံနမူနာ ပြ အဖြစ် အသုံးပြုသင့် မပြုသင့်ကို အသက်ရှူ မှားမတတ် ‌ဆွေးနွေး ငြင်းခုံလာခဲ့ကြသည်။

 

နောက်ထပ် သုံးနှစ် အကြာ ၂၀၁၁ တွင်မှ လစ်ဗျား၊ အိုင်ဗရီကိုစ် နှင့် ဆူဒန် တောင်ပိုင်း၊ ယီမင် တို့တွင် အသုံးပြုရန်  လုံခြုံရေး ကောင်စီ မှ ထုတ်နှုတ် အသုံးချလာခဲ့သည်။ အလားတူပင် ၂၀၁၂ တွင် ဆီးရီးယား၊ ၂၀၁၃ တွင် ဗဟို အာဖရိက သမ္မတ နိုင်ငံများတွင်ပါ ဆက်လက် အသုံးပြုလာခဲ့သည်။