စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (1)

by Hla Soewai - May 13 2022

အခန်း (၁)

 

အကူအညီ အထောက်အပံ့များ - မုန်တိုင်းမလာမီ ငြိမ်သက်ခြင်း

 

#မိုးကုပ်စက်ဝိုင်းပေါ်က မိုးသက်လေပြင်း

 

၂၀၀၈ ခုနှစ် မေလ (၂) ရက် သောကြာနေ့ တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် တောင်ပိုင်းသို့ လေပြင်းများ စတင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ထိုလေပြင်းများ အားကောင်းလာကာ တနာရီလျှင် မိုင် ၁၃၀ ထိ ရောက်ရှိလာပြီး ၁၅ ပေ အမြင့်အထိ ရေများ တလိမ့်လိမ့် တက်လာသည်အထိ စွမ်းအား ရှိသော သေမင်းတမန် ဆိုင်ကလုံး မုန်တိုင်းကြီး အဖြစ် အသွင်ကူးပြောင်းလာ၍ ကုန်းတွင်းပိုင်း ၂၄ မိုင် ပတ်ပတ်လည် အထိ စိစိညက်ညက်ကြေအောင် ထိုးနှက် တိုက်ခိုက်လာသည်။ နောက်တနေ့ မနက် အိပ်ယာထလျှင် လုပ်စရာ ရှိသည်များကို တွေးတောရင်း အိပ်ယာဝင်သွားကြသူများ၊ တိရိစ္ဆာန်များ၊ သစ်ပင်များ၊ အဆောက်အဦး များ အားလုံးသည် ရေထဲမျောပါ လွင့်စင် ပျောက်ပျက်သွားခဲ့ကြလေပြီ။

 

မုန်တိုင်းကြီးသည် ထိုမျှ နှင့် အားရတင်းတိမ်မှု မရှိသေး၊ ရန်ကုန် မြို့တော်ကြီး ဆီသို့ ဆက်လက် ဦးတည်လာနေ ပြန်သည်။ ကပ္ပလီ ပင်လယ်ပြင် နှင့် နီးစပ်နေမှုကြောင့်လည်း နာဂစ် မုန်တိုင်း အရှိန်သည် အားပျော့ သွားခြင်း မရှိဘဲ ရန်ကုန် မြို့တော်ကြီးအား မေလ (၃) ရက်နေ့တွင် တနာရီ မိုင် ၈၀ နှုန်းဖြင့် ဆယ့်နှစ်နာရီကြာမျှ ဝင်ရောက် မွှေနှောက် ထိုးနှက်လာခဲ့သည်။

 

သက်တမ်းကြာမြင့်လှပြီ ဖြစ်သော ကုက္ကိုလ်ပင်ကြီးများသည် အမြစ်မှ ကျွတ်ထွက်သွားခဲ့ပြီး လူနေအိမ် ခေါင် မိုးများ လည်း လွင့်စင်ထွက်ကုန်ကြသည်။ ထိုနောက်တွင်တော့ မုန်တိုင်းကြီးသည် မြန်မာ-ထိုင်း နယ်ခြားသို့ ရွေ့လျားသွားမှု နှင့် အတူ အားပျော့သွားခဲ့ပေတော့သည်။

 

နာဂစ် ဆိုင်ကလုံး မုန်တိုင်းသည် မြန်မာသမိုင်းတွင် အဆိုးရွားဆုံး နှင့် အသေအပျောက် အများဆုံး မုန်တိုင်းကြီး အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ မြန်မာ စစ်အစိုးရအား အကူအညီပေးရန် အမေရိကန် အပါအဝင် နိုင်ငံ တကာ ၏ ကမ်းလှမ်းမှုများက အုံနှင့် ကျင်းနှင့် ဝင်ရောက်လာခဲ့လေသည်။

 

သို့သော် စစ်အစိုးရကတော့ ထိုသို့ ကမ်းလှမ်းမှုများကို လက်မခံဘဲ ငြင်းဆန်ခဲ့ကြသည်။

 

#ကဏ္ဍသစ်

၂၀၀၇ ခုနှစ် ဇွန်လ တွင် ကျမသည် စီအိုင်အေ အဖြစ် လူသိများသော အမျိုးသား ထောက်လှန်းရေး အေဂျင်စီ သို့ အာရှ ရေးရာ ဆိုင်ရာ နိုင်ငံရေး လေ့လာသုံးသပ်သူ အဖြစ် အလုပ် စတင် ဝင်ရောက်ခဲ့သည်။ မိမိ အဖို့က နိုင်ငံ ခြားရေး မူဝါဒ အပေါ် အဓိက ထား သုံးသပ်သည့် အစိုးရ အလုပ် အတွက် ပညာပိုင်းအရရော၊ လုပ်ငန်း သဘော သဘာဝအရ လုံလောက်အောင် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း မရှိသေးပေ။ ကျမသည် Tuft University တွင် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို အထူးပြု လေ့လာခဲ့သည်။

 

နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်နှင့် ပတ်သက်လျှင် ထိုကျောင်းတိုက်ကြီးသည် ကျော်ဇော သတင်း မွှေးပျံ သဖြင့်လည်း ကျမသည် နောက်ထပ် နှစ်နှစ် သင်ကြားမှု အပြန်အလှန် ဖလှယ်ရေး အစီအစဉ်အရ ဂျပန်သို့ စေလွှတ်ခံခဲ့ရပြီး ကျေးလက်ဒေသ တခု ဖြစ်သည့် ဆာဂါ စီရင်စုတွင် အင်္ဂလိပ်ဘာသာ သင်ကြား‌ပေးရန် တာဝန် ယူခဲ့ရသည်။

 

ထို့အတွက်လည်း ကျမသည် အာရှ မြောက်ပိုင်း နှင့် အရှေ့တောင်ပိုင်း ဒေသများကို ခရီးလှည့်လည် သွားလာနိုင် ခဲ့သဖြင့် ကျမအတွက် အာရှ ၏ အကြောင်းခြင်းရာ များအား လေ့လာလိုစိတ် ဖြစ်ပေါ်လာခဲ့ရခြင်းလည်း ဖြစ် သည်။

 

ကျမ နှစ်စေ့၍ အမေရိကန်သို့ ပြန်ရောက်လာသည့် အခါတွင်တော့ ဂျွန် ဟော့ကင်း တက္ကသိုလ်ကြီး၏ နိုင်ငံ တကာ လေ့လာရေး အဆင့်မြင့်တန်း တွင် ဂျပန် ဘာသာ ဘွဲ့လွန် သင်တန်း တက်ရောက်အောင်မြင်ခဲ့သည်။ ထိုတက္ကသိုလ်ကျောင်းတိုက်ကြီးသည် ဝါရှင်တန် ဒီစီ ရှိ မူဝါဒ ရေးဆွဲသူများ အတွက် ရေခံမြေခံများ ဖန်တီးပေး သဖြင့်လည်း ဘွဲ့ရပြီးလျှင် ပြီးချင်း စီအိုင်အေ တွင် အလုပ်ရရှိလာခဲ့ရခြင်း ဖြစ်သည်။

 

ကျမ အား ကနဦး ပေးလာသည့် သုတေသန အလုပ်သည် အမျိုးသား လုံခြုံရေး နှင့် စပ်လျှင်း၍ ဦးစားပေး အဆင့်တွင် မရှိသေးသည့် အကြောင်းအရာမျိုးသာ ဖြစ်သည်။ ကျမအဖို့ အတွေ့အကြုံ နှင့် ကျွမ်းကျင်မှု ရရှိ ရေးတွင် ကန့်သတ်ခံရသလို ဖြစ်ခဲ့ရသည်။ ကျမ၏ ကျွမ်းကျင်မှု ကို မှတ်ကျောက်တင်ခံရရေး အတွက် မန်နေဂျာအား အခြား တာဝန်ပေးရန် နားပူနားဆာ လုပ်ခဲ့၍ မကြာမီမှာပင် ကျမ၏ လိုအင် ဆန္ဒပြည့်ဝလာ ခဲ့ရသည်။

 

မြန်မာသည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ဆယ့်ရှစ်နှစ်အကြာ ၂၀၀၈ မေလ ၁၀ ရက်နေ့တွင် အငြင်းပွား ဖွယ် ဖြစ်လာနေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုသည်ကို လူထုဆန္ဒခံယူပွဲ ပြုလုပ်လာခဲ့သည်။ မြန်မာ၏ နိုင်ငံရေး ဖြစ်စဉ်များတွင် အကြမ်းဖက်မှုများက အမြဲလို ကပ်ပါလာလေ့ ရှိသဖြင့်လည်း ကျမအား ထိုဆန္ဒခံယူပွဲ နှင့် ပတ်သက်၍ မဲဆွယ် စည်းရုံးခြင်း၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူများအပေါ် အကြမ်းဖက်လာခြင်း အစရှိ သည်များကို အနီးကပ် လေ့လာ စောင့်ကြည့်လာခဲ့ရသည်။

 

သမ္မတ ဂျော့ချ် ဒဗလျူ ဘွတ်ရှ် နှင့် ဇနီး ဖြစ်သူ လော်ရာ ဘွတ်ရှ်တို့သည် မြန်မာအရေး အပေါ် အထူး စိတ်ပါ ဝင်စားနေကြ၍ ထိုဆန္ဒခံယူပွဲ နှင့် နောက်ပိုင်းတွင် ဖြစ်လာနိုင်သည်များကို စိုးရိမ်မကင်း ဖြစ်နေကြသည်။ လော်ရာ ဘွတ်ရှ်သည် မြန်မာ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကာလ ကြာမြင့်စွာကပင် ထောက်ခံအားပေးနေသူ ဖြစ်သည်။ ထိုသို့ ဖြစ်လာအောင်လည်း သမ္မတ ဘွတ်ရှ်၏ ဝမ်းကွဲ ညီမ တဦး ဖြစ်သည့် အယ်ဆီ ဝေါ်ကာ ကေးဘွန်း မှ ဒေါ်အောင်ဆန်းစုကြည် ၏ အခြေအနေများကို အသိပေးလာခဲ့ရာမှ စတင်လာ ခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင်တော့ လော်ရာ ဘွတ်ရှ်သည် ဒေါ်အောင်ဆန်းစုကြည် လိုအပ်သမျှ ကို ပို့ပေး ခဲ့ပြီး သူမ၏ ဒီမိုကရေစီ အရေးအတွက် ခင်ပွန်းဖြစ်သူ သမ္မတ ဖြစ်နေစဉ် ကာလတလျှောက်လုံး တောက် လျှောက် ထုတ်ဖေါ်ပြောဆိုလာခဲ့သူ ဖြစ်သည်။

 

မြန်မာတွင် စစ်အစိုးရ၊ ကမ္ဘာတဝှမ်း ထင်ရှားကျော်ကြားလှသည့် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ တဦး၊ စစ်အစိုးရအား ဆန့်ကျင် တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ခြေပုန်းခုတ်မှုများ၊ မူးယစ်ဆေး ဝါး၊ ဘူမိနိုင်ငံရေး ကစားကွက်များ နှင့် ပြည့်နှက်နေသဖြင့်လည်း ကျမ လို သုတေသီ တဦး အဖို့ စိတ်လှုပ်ရှား စရာများဖြင့် ပြည့်နှက်နေသော နိုင်ငံ အဖြစ် ရှုမြင်လာခဲ့သည်။

 

မြန်မာ သမိုင်းအပေါ် ရနိုင်သမျှ စာတမ်းများကို စတင် လေ့လာခဲ့ရာမှ နောက်ပိုင်းတွင် သမိုင်း အချက် အလက်များ၊ ဂျာနယ်များ၊ ဝတ္ထု၊ ကဗျာ၊ ကိုယ်တွေ့ မှတ်တမ်းများ၊ အတ္ထုပ္ပတ္တိများ ကိုပါ နှိုက်နှိုက်ချွတ်ချွတ် ဖတ်ရှုလာခဲ့သည်။

 

လတ်တလော သတင်းများက ရဖို့ ခက်ခဲနေရသော်လည်း စစ်အစိုးရ ပိုင် ဆင်ဆာ လုပ်ခံထားရသည့် New Light of Myanmar, MRTV များ အပြင်  ကမ္ဘာတဝှမ်း နှင့် မြန်မာ အဝေးရောက်တို့၏ သတင်းထုတ်ပြန်ချက်များ ကို လည်း အမှီပြုခဲ့ရသည်။ အချို့ သတင်းများသည် မျက်မြင်သက်သေများ ကလည်း ကိုးကား၍ ရလောက်အောင်  ပြည့်ပြည့်စုံစုံ ပြောပြနိုင်ခြင်း မရှိ၊ လ္ဘက်ရည်ဆိုင် မှ စကားများ၊ နိုင်ငံအပြင်ဖက်သို့ လျို့ဝှက် ထုတ်ယူလာရသည့် မက်ဆေ့ချ် များ ဖြစ်နေပြန်သည်။

 

ရရှိသည့် သတင်းအချက်အလက်များမှာ မေးခွန်းထုတ်စရာ များ ဖြင့် ပြည့်နှက်နေသည်။ နိုင်ငံ ဖွံ့ဖြိုး ရေး ဆိုင်ရာ ကျွမ်းကျင်သူများကလည်း လူနေမှု အဆင့်အတန်း နှင့် လူဦးရေ စစ်တမ်းကို နောက်ဆုံးအကြိမ် အမှန်တကယ် တိတိကျကျ ကောက်ယူနိုင်ခဲ့သည့် ၁၉၃၀ ကျော် နှစ်များက အချက်အလက်များ ကို မူတည်ပြီး တွက်ချက် ခန့်မှန်းထားမှုများသာ ရှိသည်။

 

မြန်မာ စစ်အစိုးရ၏ သွေးထွက် သံယို နှိမ်နှင်းလာမှုများ၊ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ၊ လူ့အခွင့် အရေး များအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာနေမှုများ ကြောင့် အမေရိကန် နှင့် မြန်မာ ဆက်ဆံရေးသည် ၂၀၀၈ ခုနှစ်တွင် အောက်ဆုံးသို့ ထိုးဆင်းသွားခဲ့ရသည်။ ထို့အတွက်လည်း တရားဝင် သတင်းရပ်ကွက်များမှ သတင်းအချက်အလက်များ ကျဲတိကျဲတောက် သာ ရရှိလာခဲ့သည်။

 

အမေရိကန်သည် ၁၉၉၀ တွင် သံတမန် အဆင့်အတန်းအား သံအမတ်ကြီး အဆင့်မှ သံရုံးယာယီ တာဝန်ခံ အဆင့်သို့ လျော့ချထားခဲ့ပြီး ဖြစ်သော်လည်း သံရုံးကိုမူ ဝန်ထမ်း အပြည့်အစုံ နှင့် ဆက်လက် ဖွင့်ထားဆဲပင် ဖြစ်သည်။

 

သို့သော် အမေရိကန်၏ နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့ခံထားရမှု နှင့် ဝေဖန်ရှုတ်ချသည့် ကြေညာချက်များ ထုတ်ပြန်နေမှုများကြောင့် စစ်အစိုးရဖက်မှ အမေရိကန် သံအရာရှိများ နှင့် ထိတွေ့ဆက်ဆံလိုစိတ် မရှိ ဖြစ်နေ သည်။ ထိုသို့ ဆက်သွယ်ရေးများ ဆိုးဝါးလာနေသည့် ကြားမှ အခက်အခဲများ ထပ်ဖြစ်လာခဲ့ရသည်မှာ နိုင်ငံတော် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဟု တရားဝင် အမည်ပေးထားသော စစ်အစိုးရသည် မမျှော်လင့်ဘဲ မြို့တော်ကို ရန်ကုန်မှ မြောက်ဘက်ရှိ မိုင် နှစ်ရာ ခန့် ‌ဝေးသော နေပြည်တော်သို့ ၂၀၀၅ ခုနှစ်တွင် ရွှေ့ပြောင်းသွား ခဲ့သည်။ ၎င်းတို့နှင့် ဆက်သွယ်ရန် ဖက်စ် နံပါတ်သာ ချန်ထားရစ်ခဲ့သည်။