တော်လှန်ရေး၏ ဖန်တီးရှင်များ (၆)
မီဒီယာများ သည် တွေဝေ မိန်းမောနေတတ်သော လူထုကြီးအား ၎င်းတို့ ရင်ဆိုင်ကြရတော့မည့် အန္တရာယ် များကို မကြာခဏ ဆိုသလို မီးမောင်းထိုးပြတတ်သဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ တော်လှန်ရေး သမားများသည်လည်း မီဒီယာများကို အသုံးချလာကြခြင်း၊ သို့မဟုတ် မိမိတို့ ပြောလိုသည့် အကြောင်းအရာများအား ကိုယ်တိုင် ကိုယ်ကျ ဖြန့်ချီ လာကြခြင်းမျိုး ပြုလုပ်လာခဲ့သည်။ ခြံစည်းရိုး ပေါ် ခွထိုင်နေသူများ ဘက်ပြောင်းလာကြစေရန် ကြေကွဲဖွယ် ဖြစ်ရပ်များကို ထုတ်ဖေါ်လာကြသည်။
တော်လှန်ရေး အဖွဲ့များ၏ အမှန်တရား မြတ်နိုးမှုများကို အကျင့်ပျက် ဖေါက်ပြန်ပြီး လူထုအား ဖိနှိပ်နေသော “နိုင်ငံတော်” ၏ ကျူးလွန်နေသည့် မတရားမှုများ နှင့် နှိုင်းယှဉ် ဖေါ်ပြလာကြသည်။ ထိုကဲ့သို့ ထုတ်ဖေါ် တင်ပြ လာမှုများကြောင့် ကန့်ကွက် ဆန္ဒပြပွဲများ၊ ကြေညာချက် ထုတ်ပြန်လာခြင်းများ၊ အင်အား ကောင်းလာခဲ့သည်။ တိတ်ဆိတ် နေမှု နှင့် တုံဏှိဘာဝေ နေမှုများသည် အာဏာရှင်များ နှင့် ကြံရာပါများသာ ဖြစ်ကြောင်း ထင်ရှား သည်ထက် ထင်ရှားလာခဲ့ရသည်။ နိုးကြားလာသော အသိတရားများသည် လှုပ်ရှား လာအောင် မွေးမြူပေး လာခဲ့ကြသည်။
နိုင်ငံရေး ဝါဒဖြန့်ချီမှုများသည် ၁၉၁၇ တွင် ဇာဘုရင်အား ဖြုတ်မချ နိုင်မီကပင် ဘော်ရှီဗစ် လှုပ်ရှားမှုကြီး၏ အဓိက အသက်သွေးကြောကြီး အဖြစ် ရပ်တည်လာခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း ၁၉၆၀ ကျော် နှစ်များ အတွင်း နိုင်ငံရေး နှင့် လူမှု အဆင့်အတန်းများ တိုးတက်လာစေရေး အတွက် မြို့ပြ အခွင့်အရေး လှုပ်ရှားသူများက ၎င်းတို့ ဆင်နွှဲနေသော ထိုင်သပိတ်၊ လွတ်လပ်ရေး ကားတန်းရှည်ကြီး နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြ မှုများ အတွက် မီဒီယာ များ အပေါ် အားထားခဲ့ရသည်။
ထိုအကြောင်းနှင့် ပတ်သက်၍ သတင်းစာ ဆရာ မတ် ကာလင်စကီး က ယခုလို ပြောဆိုခဲ့သည်။ “ထိုင်သပိတ် တို့၊ ခရီးရှည် ချီတက်ပွဲ တို့ ကို သတင်းယူတာမျိုးတွေ မရှိခဲ့ဘူးဆိုရင်၊ အဲ့တာမျိုးတွေ မဖြစ်ပါဘူးလို့ ငြင်းလို့ ရတယ်၊ ပြီးတော့ တကမ္ဘာလုံးကလည်း ဒါကိုပဲ စောင့်ကြည့်နေကြတယ်”
၁၉၄၀ ကျော် နှစ်များ အတွင်းကလည်း အိန္ဒိယ လွတ်လပ်ရေး အတွက် မဟတ္တမ ဂန္ဒီ ၏ လှုပ်ရှားမှု များအတွက် နိုင်ငံတကာ သတင်းဌာန များ၏ အရေးပါသော အခန်းကဏ္ဍ ကို မေ့လျော့ထား၍ မဖြစ်ပြန်ပေ။ အလားတူစွာပင် ၁၉၇၀ နှင့် ၁၉၈၀ ကျော် ကာလများအတွင်း တောင်အာဖရိက၏ အသားရောင် ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှား မှုများ အတွက်လည်း ပါဝင်ခဲ့ကြပြန်သည်။
သတင်းဌာနများသည် ထိုသို့ ကောင်းကျိုး ပေးခဲ့မှုများ ရှိသလို တော်လှန်ရေး အား ဆန့်ကျင်ခဲ့မှုများလည်း ရှိခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ဂွါတီမာလာ တော်လှန်ရေး အား အဆိုးမြင့် ရှုဒေါင့်မှ ရေးသားပြီး လူထု လှုပ်ရှားမှုကြီး ကို တိုက်ဖျက်လာခဲ့ကြသည်။ ပြင်သစ် နှင့် ကျူးဘား တော်လှန်ရေးများအား လည်း အကြမ်းဖက်မှုများ ဖြစ်လာအောင် မီးထိုးပေးခဲ့ကြသည်။
နိုင်ငံရေး စနစ်တခု၊ နိုင်ငံတခုနှင့် ကမ္ဘာကြီးအား ပြောင်းလဲရန် ကြိုးပမ်းမှုများသည် နည်းနည်းနောနော တာဝန် ကြီးတော့ မဟုတ်ပေ။ မည်သည့်အခါမျှလည်း လျှင်မြန်ခဲ့သည့် ထုံးစံမရှိပေ။ ထို့နေ့ ထိုရက် တွင် တော်လှန်ရေး ကြီး အောင်မြင်သွားသည်ဟု ဂုဏ်ပြု မော်ကွန်း ထိုးခဲ့ကြသော်လည်း ထို့နေ့ထိုရက်သို့ ရောက်ရန် နှစ်ပေါင်း များစွာ၊ အဆင့်ပေါင်း များစွာ ကို အခက်အခဲ အတားအဆီး အမျိုးမျိုး ကြားမှ မြွေလိမ်မြွေကာက် ပမာ ဖြတ်ကျော် လာခဲ့ရသည်ချည်းသာ ဖြစ်သည်။
ထို့ပြင် အမျိုးသား လွတ်လပ်ရေး နေ့များ၊ အခြား နေ့ထူးနေ့မြတ်များ အား လွန်စွာ စီစစ်ပြီး ဘက်လိုက် ရွေးချယ် သတ်မှတ်လေ့ ရှိခဲ့ကြသည့် ဆိုသော အချက်ကိုလည်း မေ့လျော့ထား၍ မရပြန်ပေ။ တော်လှန်ရေးကြီး အား အမှတ်တရ ရှိခဲ့မှုသည် အချိန်ကာလ ကြာညောင်းလာသည်နှင့် အမျှ အကြီးအကျယ် ပြောင်းလဲလာနိုင်ဖွယ် ရှိသည်ဟု တနည်းအားဖြင့် ပြော၍ ရပေသည်။
ထိုသို့ လူပုဂ္ဂိုလ် တဦးချင်းစီ၊ အုပ်စုတစုစီ နှင့် နိုင်ငံတော် ဆိုသည်တို့ အကြား သတိတရ နှင့် အထိမ်းအမှတ် မှတ်ယူကြပုံ ကွဲပြားနေခဲ့သည် များကပင် တော်လှန်ရေးသည် မိမိတို့အား အတိတ်ကိုသာမက လက်ရှိ ပစ္စုပ္ပန် နိုင်ငံရေး အခြေအနေများကိုပါ ညွှန်ပြလာခဲ့သည်။
ယင်းနှင့်အတူ တော်လှန်ရေးသည် အောင်မြင်ခဲ့သည်၊ ကြေကွဲဖွယ်ရာ ကျရှုံးခဲ့သည်၊ အချို့သော တော်လှန်ရေး သမားများသည် သူရဲကောင်းများ ဖြစ်လာကြပြီး အချို့သည် ဗီလိန်များ၊ သစ္စာဖေါက်များ၊ အကြမ်းဖက်သမား အဖြစ်သို့ ရောက်သွားခဲ့ရပေသည်။
ဤနေရာတွင် သိထားသင့်သည့် အချက်သည်ကား အနိုင်ရခဲ့သူများသာမက အရေးနိမ့် ကျရှုံးသွားခဲ့သူများလည်း ရှိနေသည် ဆိုသည်ပင် ဖြစ်သည်။ ထိုသို့ အသိအမှတ်ပြုလာသည်နှင့် အခါတွင် တော်လှန်ရေး ဆိုသည်မှာ ရုပ်ပြောင် စာပြောင် တခုထက် ပိုကြောင်း၊ အထိမ်းအမှတ် သင်္ကေတ သက်သက် သာ မဟုတ်ကြောင်း၊ နှစ်စဉ် အခမ်းအနား ပြုလုပ်ရုံမျှသက်သက် မဟုတ်၊ လူသမိုင်း၏ တစိတ်တပိုင်း ဖြစ်ပြီး လူသားတို့ ဖြတ်သန်းလာခဲ့ရမှု တွင် မရှိမဖြစ် ပါဝင်နေသည့် ဝိသေသ တခု ဖြစ်ကြောင်း သိရှိလာကြမည် ဖြစ်သည်။
အပိုင်း (၂) ဖြစ်သည့် “အမျိုးသားရေး အား တော်လှန်ရေး သဘောတရားများ အဖြစ် ခံယူလာကြခြင်း” ကို ဆက်လက်တင်ပြသွားပါမည်။