သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(4)

by Hla Soewai - May 06 2022

တော်လှန်ရေး၏ ဖန်တီးရှင်များ (၄)

 

ချီကာဂို တက္ကသိုလ်မှ သမိုင်း ပညာရှင် Steven Pincus သည် “နေ့စဉ်ဘဝ တွင် နိုင်ငံတော်နှင့် ထိတွေ့ဆက်ဆံခွင့် ရရှိလာသည့်အတွက် ယခင်က အမျိုးသား နိုင်ငံရေး အား ဖာသိဖာသာ နေခဲ့ကြသူများ၊ အစိုးရ၏ ဝါဒရေးရာ နှင့် နိုင်ငံရေးလားရာ အပေါ် အရေးမပါလှဟု သဘောထားပြီး ဂရုမစိုက်သူများသည် ခေတ်မှီ ပြောင်းလဲလာသော နိုင်ငံ တော်သည် နိုင်ငံရေး တွင် လူထု အခန်းကဏ္ဍအတွက် ဖန်တီးပေးလာနေသည်ကို သိမြင်လာကြ၍ အား တက်သရော ဖြစ်လာကြသည်” ဟု ရှင်းပြခဲ့သည်။ တနည်းအားဖြင့် ဆိုသော် “လူထုသည် အတိတ် ကို အတိတ် မှာပဲ ထားခဲ့ကြပြီး ခေတ်မီ လာသော နိုင်ငံသစ်ကြီးမှ ဖွင့်ဟပေးလာသည့် တံခါးပေါက်မှတဆင့်  သဘော တရားရေး အယူအဆများ သွတ်သွင်းလာခဲ့ကြရာမှ တော်လှန်ရေးသည် အမြစ်တွယ်လာခဲ့ရခြင်း ဖြစ်သည်ဟု Steven Pincus မှ ဆက်လက် အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။

 

ဤနေရာတွင် သဘောတရားရေး ဆိုသည့် စကားရပ်အား သတိပြုမိရန် လိုသည်။ တော်လှန်ရေးအတွက် သဘောတရားရေး သည် မရှိမဖြစ် ပါဝင်ဖက် ပစ္စည်းမျိုးပင် ဖြစ်သည်။ သဘောတရားရေး အယူဝါဒသည် နိုင်ငံရေး လှုပ်ရှားမှုများကို ပဲ့ကိုင် ပေးသည်။ ဖြစ်လာမှ တုန့်ပြန်ခြင်းထက် ဖြစ်ချင်သည်များကို ဖန်တီး ယူတတ်သည်။

 

အဓိကရုဏ်း အသေးစား သို့မဟုတ် ပုန်ကန်မှု တခုခုသည် ရေတို ဖြစ်စေ၊ ရေရှည် ဖြစ်စေ၊ အခြေအနေ တရပ်ကို ငြင်းပယ်ခံခဲ့ရာမှ မီးလောင်ရာ လေပင့်ဆိုသလို ဖြစ်ပွားလာခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ပွားလာသော အဓိ ကရုဏ်းများသည် ခံယူထားသော သီအိုရီများ၊ ရည်မှန်းချက်များ အပေါ် မူတည်ပြီး ဖြစ်ပေါ်လာခဲ့ခြင်းမျိုး မဟုတ်ပေ။

 

တော်လှန်ရေး ဆိုသည်ကား ထိုသို့ မဟုတ်၊ နိုင်ငံရေး သို့တည်းမဟုတ် လူမှု နိုင်ငံရေး အခင်းအကျင်းများ၏ စေ့ဆော်မှုကြောင့် ပေါ်ပေါက်လာခဲ့ရခြင်းပင် ဖြစ်သည်။ တော်လှန်ရေး နှင့် ပုန်ကန်မှု ခြားနားသည့် အချက်မှာ တော်လှန်ရေးသည် လက်ရှိ အနေအထား အတိုင်း ဆက်သွားရန်ကို ငြင်းပယ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့ ငြင်းပယ်ခဲ့သည့်အပြင် ရှေ့သို့ လျှောက်လှမ်းရမည့် ခရီးအတွက်လည်း အမြင်သစ်များ ချပြခဲ့သည်။ လမ်း ဟောင်းကို ဖျက်ဆီးပြစ်ကာ တိုးတက် ပြောင်းလဲ လာမည့် စနစ်သစ် ဆီသို့ လျှောက်လှမ်းရန် ဖေါက်လုပ်နေသည့် လမ်းသစ်အတွက် လမ်းပြမှတ်တိုင်များ စိုက်ထူပေးခဲ့ကြသည်။

 

အမေရိကန် နှင့် ပြင်သစ် တော်လှန်ရေးကြီးများ ဖြစ်ပွားပြီးနောက်တွင် အမေရိကန် နိုင်ငံရေး နှင့် တော်လှန်ရေး တွေးခေါ် ပညာရှင် သောမတ်စ် ပိန်းသည် သူ ကိုယ်တိုင် ရေးသား ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင် တခုတွင် “ကျွန်တော်တို့ အရင်က ခေါ်ဝေါ် သုံးနှုံးနေတဲ့ တော်လှန်ရေး ဆိုတာတွေက လူပုဂ္ဂိုလ် ပြောင်းသွားတာမျိုး၊ အခြေအနေ တရပ် ပြောင်းလဲ သွားတာမျိုး လောက်ပဲ ရှိမယ်၊ ကမ္ဘာကြီး မှာ အခု ကျွန်တော်တို့ မြင်နေရတဲ့ တော်လှန်ရေး ဆိုတာကတော့ သဘာဝ အတိုင်းလို့ ယူဆထားတဲ့ ဖြစ်စဉ်တွေကို အသစ် ပြုပြင် တည်ဆောက် နေတာမျိုးပါ ” ဟု ဖေါ်ပြခဲ့သည်။

 

ထိုသို့ သဘာဝ အတိုင်း ဖြစ်ရိုး ဖြစ်စဉ် ကြီး ဆိုသည်ကို မိမိတို့ အလိုကျ ပြုပြင် ဖန်တီးယူရာတွင် လွန်စွာ ပဓာန ကျလှ‌သော လိုအပ်ချက်မှာ ရည်ရွယ်ချက် တူညီမှု ပင် ဖြစ်သည်။ တော်လှန်ရေး သမားတိုင်း တခုတည်းသော မက်ဆေ့ချ်၊  ရှေ့နောက်ညီညွတ်သော မူဝါဒများ ကိုင်စွဲထားနိုင်မှသာ စနစ်ဟောင်းကို ထိထိရောက်ရောက် ဖြိုဖျက် ပြစ်နိုင်မည့် တိုက်ပွဲတရပ် ကို ဆင်နွှဲနိုင်ကြမည် ဖြစ်သည်။ သဘောတရား ရည်ရွယ်ချက် ရှင်းလင်း ပြတ်သား မှသာ လျှင် တော်လှန်ရေး သမားတိုင်းအတွက် မိမိတို့ လူ့ဘောင် အဖွဲ့အစည်းကြီး၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် ပျက်ကွက်နေသော နိုင်ငံတော် ကို ဆန့်ကျင် တွန်းလှန် နိုင်မည့် လွန်စွာ အင်အား ကောင်းသော လက်နက်ကို ပိုင်ဆိုင်လာကြမည်လည်း ဖြစ်သည်။

 

သဘောတရားရေး ပိုင်းတွင် တစိတ်တဝမ်းတည်း ရှိနေမှု ပြိုကွဲလာသည့် အခါတွင် ပြဿနာ ပေါ်ပေါက်လာခဲ့ရပြီ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော် ဟောင်း နှင့် စနစ်ဟောင်းကို ဖြိုချဖျက်ဆီးပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်လာ စမြဲလည်း ဖြစ်သည်။ အသွင်ကူးပြောင်းမှု ကာလ ရှည်ကြာလာသည်နှင့် အမျှ ဝါဒရေးရာ သန့်စင် ကြည်လင်မှု ကို ထိန်းသိမ်းနိုင်ရန် ပို၍ ခက်ခဲလာရစမြဲပင် ဖြစ်သည်။

 

ထိုအခါတွင် မိမိတို့ ခံယူချက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုသူများ နှင့် အလျော့အတင်း လုပ်လိုသူများ အကြား အကွဲအပြဲ များ ဖြစ်ပေါ်လာတတ်သည်။ ခံယူချက်ကို ကျောက်ဆောင် ကျောက်သား ပမာ ခိုင်ခံ့နေမှ ဖြစ်မည်ဟု ယူဆသူများက အလျော့အတင်း သမားများကို မိစ္ဆာဒိဋ္ဌိများ အဖြစ် သတ်မှတ်လာကြသည့် အခါတွင် တော့ ဂလဲ့စား ချေလိုသည့် FURY နတ်ဘုရားမသည် ခေါင်းထောင် လာပေတော့သည်။

 

နှစ်ဆယ်ရာစု နှစ် အစောပိုင်း ကာလများ အတွင်း ဩစတီးယား တွေးခေါ် ပညာရှင် နှင့် စိတ်ပညာရှင် ဖြစ်သည့် အယ်ဖရက် အက်ဒလာ မှ “မိမိတို့ ခံယူချက်များ အတွက် တိုက်ပွဲဝင်ရခြင်းသည် ထိုခံယူချက်များ ရေရှည် တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး ထက် စာလျှင် ပို၍ လွယ်ကူပေသည်” ဟု ထောက်ပြခဲ့ဖူးသည်။  မိမိတို့ ပြောင်းလဲပြစ်ခဲ့သော နိုင်ငံတော်နှင့် အလားတူစွာပင် တော်လှန်ရေးသမား များသည်လည်း ခက်ခဲ ကြမ်း တမ်းသော ခရီးကို စတင် လျှောက်လှမ်းနေရပြီ ဆိုသည်ကို သိရှိလာခဲ့ ကြတော့သည်။