တော်လှန်ရေး၏ ဖန်တီးရှင်များ (၃)
လမ်းပေါ်တွင် အတားအဆီးများ ချလာခဲ့သည် အလေ့အထသည်ကား နန်းတွင်း အရှုပ်အထွေးများ၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားနေသည့် ၁၆ ရာစု အတွင်း ပထမဆုံး အကြိမ် ပေါ်ပေါက်လာခဲ့သည်။ ၁၉ ရာစုနှစ် အတွင်းတွင် တော်လှန်ရေး ၏ ပြရုပ် တခု အဖြစ် ကိုယ်စားပြုလာခဲ့ကာ ထိုပြရုပ်သည် သာမန် ဟု ယူဆ၍ မရတော့ဘဲ လူထု တရပ်လုံး၏ စုပေါင်း ဆောင်ရွက်မှုကို ကိုယ်စားပြုလာနိုင်ခဲ့သည်။
Delacroix က သူ၏ စာထဲ၌ တော်လှန်ရေး တွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်နိုင်မည့် ကဏ္ဍတခုအဖြစ် မျှော်မှန်း ထားသည့် အမြင်ကို ထည့်သွင်း ဖေါ်ပြခဲ့သည်။ အဆိုပါ အတားအဆီးများကို သူကိုယ်တိုင် စောင့်ကြပ်ရမည့် သဘော မသက်ရောက်စေဘဲ တော်လှန်ရေး ဆိုသည်အား နိုင်ငံရေး အာဏာ ကို သိမ်းပိုက်ရယူခြင်း ထက် ပို၍ လေးနက် ကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်သည်။
တော်လှန်ရေး ဆိုသည်မှာ ရှည်လျားသော လုပ်ငန်းစဉ်ကြီး ဖြစ်ပြီး အောင်မြင်ရန်အတွက် နိုင်ငံသားတိုင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရမည် ဖြစ်သည်။ ထိုသို့ ပူးပေါင်း ပါဝင်လာကြမှသာ နောက်ဆုံးတွင် တော်လှန်ရေး သည် ဖြစ်သင့်ဖြစ်ထိုက်သော လှုပ်ရှားမှုကြီး အဖြစ် အသိအမှတ်ပြုလာကြမည်လည်း ဖြစ်သည်။
တော်လှန်ရေး တခုအား ဖြစ်သင့်ဖြစ်ထိုက်သော လှုပ်ရှားမှုကြီး အဖြစ် အသိအမှတ် ပြုလာရေးတွင် အားလုံး ထောက်ခံ ပါဝင်ကြမှသာ ဖြစ်မည်ဆိုလျှင် ထိုသို့မပါဝင်ဘဲ ဆန့်ကျင်နေသူများ၊ လစ်လျူရှုနေသူများ၊ ကြားနေ သူများကိုကော မည်သို့ သဘောထားမည်နည်း ဆိုသည်ကို မေးဖို့ လိုအပ်လာသည်။ စုပေါင်း ဆောင်ရွက်ရမည် ဆိုခြင်းသည် တသွေးတည်း တသားတည် ညီညွတ်စွာ ရှိနေသည့် သဘောကို ဆိုလိုခြင်းလား၊ ထိုအမေးကို ခေတ်သစ် တော်လှန်ရေး အများစုအတွက်တော့ ဟုတ်သည်ဟု ပြောရမည် ဖြစ်သည်။ သို့သော် လူ့အစည်းအရုံး မှန်သမျှသည် တသွေးတည်း တသားတည်း တသဘောတည်း အဘယ်အခါများ ရှိခဲ့ဖူးပေသနည်း။ ထို့ကြောင့် တော်လှန်ရေး တိုင်းသည် ဤကဲ့သို့သော ဆန့်ကျင်လာမှုများကို မည်သို့ မည်ပုံ ဖြေရှင်းကြမည်နည်း။
တော်လှန်ရေး သမားတိုင်းသည် မိမိတို့ နှင့် အတူ မရပ်တည်သူ မှန်သမျှ မိမိတို့အား ဆန့်ကျင်သူများ အဖြစ်သာ ယူဆခဲ့ကြသည်။ သို့အတွက်ကြောင့်လည်း တော်လှန်ရေး တိုင်းလိုလို အကြမ်းဖက် မှုများ ဒွန်တွဲ ပါလာရစမြဲ ဖြစ်သည်။
ပရင်စတန် တက္ကသိုလ်မှ သမိုင်းပညာရှင် အာနိုး မေယာ သည် တော်လှန်ရေး တိုင်းအား FURY ဆိုသည့် ပြစ်ဒဏ် ကျူးလွန်သူများကို ဒဏ်ခတ်တတ်သော ခေါင်းတွင် ဆံပင်အစား မြွေများသာ ရှိသည့် ဂရိနတ်ဘုရားမ၏ ဂလဲ့ စားချေခြင်း နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။ သူ၏ အဆိုအရ တော်လှန်ရေး နှင့် ဆက်နွယ်လာသော အကြမ်းဖက် မှုများသည် အရင်းခံအားဖြင့် ပြည်တွင်း ပြည်ပတွင် ရှောင်လွှဲ၍ မရ ဖြစ်လေ့ဖြစ်ထ ရှိသော ဆန့်ကျင်ဖက် အင်အားစုများ နှင့် ၎င်းတို့၏ အတွေးအခေါ် အယူအဆများ တွေ့ကြုံလာရမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြောင်းလဲမှုများ ပို၍ ဖေါ်ဆောင်လာလေ၊ တော်လှန်ရေးတွင် ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်း ပြစ်မှ ဖြစ်မည်ဆိုသော သဘောဆောင်လာလေ ဆန့်ကျင်သော အစွန်းနှစ်ရပ်သို့ ပို၍ရောက်လေ၊ FURY နတ်ဘုရားက ပို၍ ခေါင်းထောင်လာလေပင် ဖြစ်သည်ဟု ဆိုသည်။
ထင်ရှားသော တော်လှန်ရေး သမားကြီးများအဖြစ် မက္ကဆီမီလန် ရို့စ်ပီယား၊ ဗလာဒီမာ လီနင်၊ မော်စီတုံး၊ မာတင် လူသာကင်း၊ နယ်လ်ဆင် မင်ဒဲလား၊ မဟတ္တမ ဂန္ဒီ တို့ ကို တွေ့နိုင်ပေသည်။ ၎င်းတို့ အားလုံးသည် ယခင် တည်ရှိ ခဲ့သော စနစ်များ၊ ဆက်နွယ် ပတ်သက်နေမှုများ၊ စရိုက်လက္ခဏာများ၊ သံယောဇဉ် ငြိတွယ်မှုများ အားလုံးကို လုံးဝဥဿုံ ဖြိုဖျက်ပြစ်နိုင်မှ သာ အခြေခံကျကျ အောင်မြင်စွာ အသွင်ပြောင်းနိုင်မည် ဖြစ်သည်ကို ယုံကြည်ထား ကြသူများ ဖြစ်သည်။
ထိုတော်လှန်ရေး သမားကြီးများသည် အများ လက်ခံထားသော ယုံကြည်မှုများကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ပြောဆိုရဲကြသူများ လည်း ဖြစ်ပေသည်။ ပြောင်သလင်း ခါအောင် ရှင်းလင်းပြီးသား မြေပြင်ပေါ်တွင်သာ လောကသစ်ကို တည်ဆောက်ရန် စိတ်အားထက်သန်ကြသူများ ဖြစ်သည်။ ထိုသို့ လုပ်ရန်ကား လွယ်ကူလှ သည်တော့ မဟုတ်ပေ။ လက်ရှိ စနစ်၏ နိုင်ငံရေး အခွင့်ထူးခံများ၊ အများ လက်ခံထားသော မျှော်လင့်ချက်များ၊ စိတ်ကူးများ နှင့် ပုံကြီးချဲ့ ပြောဆိုနေမှုများ အားလုံးကို စိန်ခေါ် ချေဖျက်နိုင်မှလည်း ဖြစ်ပေမည်။
သတိပြုရမည့် အချက်သည်ကား တော်လှန် ပြောင်းလဲမှု လုပ်ငန်းစဉ်များ ရှည်ကြာလာလေလေ လူ့အစည်း အရုံးအတွင်း တူညီသော ရပ်တည်ချက်များ ပြိုလဲလိုက်လာနိုင်သည့် အန္တရာယ် ရှိနေခြင်းပင် ဖြစ်သည်။ ပြန်လည် တည်ဆောက်ရေး ကာလများ အတွင်း သဘောထား အမျိုးမျိုး ထွက်ပေါ်လာနိုင်ပေသည်။ သဘောထား ကွဲလွဲမှုမှသည် ပဋိပက္ခ အသွင်သို့ ကူးပြောင်းလာနိုင်ပြီး ထိန်းမရ သိမ်းမရ အဆင့် ရောက်ရှိ သွားနိုင်သည်။ အဆိုပါ ဖြစ်စဉ်ကြီးများ သမိုင်းစဉ်တလျှောက် တော်လှန်ရေးကြီးများတွင် အတိအကျ ဖြစ်ပွားလာခဲ့သည်ကို ဆက်လက် ဆွေးနွေးသွားမည်သာ ဖြစ်သည်။
တရားဝင် ဖြစ်တည်ပိုင်ခွင့် ရှိရန် နှင့် အချုပ်အခြာ အာဏာပိုင်စိုးနိုင်ရန် ကြိုးပမ်းလာမှုများ တွင် တော်လှန်ရေး နှင့် အတူ အာဏာကို တက်လှမ်းလာသူများမှ ခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းလမ်းများကို ကျင့်သုံးလာ နိုင်သည်။ ထို့ကြောင့် ၎င်းတို့ မဆုပ်မနစ် တွန်းလှန်တိုက်ခိုက်ခဲ့သော ဖိနှိပ်ချုပ်ချယ်ရေး ယန္တရားများကို ပြန်လည် အသုံးပြုလာခဲ့ကြရသည့် အဖြစ်သို့ ရောက်ရှိခဲ့ကြသည်။
၁၇၉၃ ခုနှစ်တွင် ဘုရင်စနစ် လိုလားသူ ဆွစ် လူမျိုး Jacques Mallet du Pan သည် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ယခုလို ရေးသားခဲ့သည်။ “နတ်ဆိုးကြီးအလား တော်လှန်ရေးသည် လူငယ်လူရွယ်များကို ဝါးမြိုလာနေပြီ” ဟူ၍ ဖြစ်သည်။ Mallet du Pan သည် ပြင်သစ် တော်လှန်ရေးကြီး အောင်မြင်ခဲ့ရ၍ ပျော်ရွှင်မြူးတူးနေရသည့် ကာလ များ အဆုံးသတ်သွားပြီး တန်ပြန်တော်လှန်ရေး ဝါဒီများဟု ဆိုကာ နိုင်ငံသားများ နေ့စဉ်နှင့် အမျှ ကွပ်မျက်ခံ လာနေရခြင်းကို မြင်တွေ့လာ၍ လည်း ဖြစ်သည်။
ထိုဖြစ်စဉ်များသည် ပြင်သစ် တော်လှန်ရေး တခုတည်းသာ ကွက်၍ ဖြစ်ပေါ်ခဲ့သည်မျိုး မဟုတ်ဘဲ နောင် နှစ်ပေါင်း နှစ်ရာ အတွင်း ပေါ်ပေါက်လာသည့် တော်လှန်ရေး ဖြစ်စဉ်များတွင် ထိုသို့ အကြမ်းဖက်ခံရမှု များနှင့် အကြောက်တရားများ လွှမ်းမိုးလာခဲ့ရသည်ချည်း ဖြစ်သည်။
နှစ်ပေါင်း ၂၀၀ ကျော် ကြာ ၁၉၆၈ တွင် ဖြစ်ပွားလာခဲ့သော မုန်တိုင်းထန်သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ဘီတဲလ် တေးဂီတ အဖွဲ့ကြီး၏ “White Album LP” တွင် “Revolution” ဟု အမည်တပ်ထားသော တေး သီချင်းကို ထုတ်လွှင့်လာခဲ့သည်။ ထိုသီချင်းတွင် တော်လှန်ရေး သဘောတရားများကို ဂုဏ်ပြုထားပြီး ကမ္ဘာကြီးအား အခြေခံကျကျ ပြောင်းလဲရန် လိုအပ်ပုံ နှင့် အလွန်အကျွံ လုပ်ရပ်များ ရှောင်ရှားကြရန် သတိပေးလာခဲ့သည်။ “ခင်ဗျားတို့ သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့ အားလုံးဟာ ကမ္ဘာကြီးကို ပြောင်းလဲ စေချင်သူတွေပါ” ဟု မျိုးဆက်သစ်များကို စကားအရာအဖြင့် အသိပေးလာခဲ့သည်။
ထိုကာလများ အတွင်း ဗီယက်နမ် စစ်ပွဲကြီး အရှိန်အဟုန် ပြင်းထန်လာနေပြီး၊ တရုတ်ပြည်၏ ယဉ်ကျေးမှု တော်လှန်ရေး ကြီး က တပြည်လုံး ကို ဝါးမျိုလာနေချိန်တွင်ပင် ဗြိတိသျှ ပေါ့ အဆိုတော်များက ချုပ်တည်း ကြပါရန် ယုံယုံကြည်ကြည် ဖြင့် တိုက်တွန်းလာခဲ့ကြသည်။ သီချင်း ပါ စာသားများကို ရှာဖွေ လေ့လာကြည့်မည် ဆိုလျှင် ဂျွန် လင်နွန် နှင့် ပေါ မက္ကာသီ တို့၏ အကျိုးသင့် အကြောင်းသင့် သတိပေးခဲ့သည်များကို တွေ့မြင် ကြရမည် ဖြစ်သည်။ ၎င်းတို့ ၏ သတိပေးချက်များတွင် တော်လှန်ရေး ၏ နဂိုမူလ သဘောကပင် ပျက်စီးမှုများ နှင့် တည်ဆောက်မှုများ ရောယှက်ပါလာတတ်သည်ဟု ထောက်ပြနေခဲ့သည့် အတွက် ပြဿနာ ဖြစ်လာခဲ့ ရသည်။
ဤသည်ကို ကြည့်လျှင် တော်လှန်ရေး၏ တတိယ အချက် ကို ပြောဖို့ လိုအပ်လာပြီ ဖြစ်သည်။ တော်လှန်ရေး ဆိုသည်က နတ်သိကြားများက လူတို့ ဒုက္ခကို မကြည့်ရက်၍ ဖန်ဆင်းပေးလိုက်ခြင်းမျိုး မဟုတ်။ “တော်လှန်ရေး ဆင်နွှဲရန် အခွင့်အလမ်း များ ပေါ်ပေါက် လာဖို့ ဆိုသည်က နိုင်ငံကို အုပ်ချုပ်နေသူများက မရည်ရွယ်ဘဲနှင့် တော်လှန်ရေး ၏ မျိုးစေ့များ ကြဲပေးခဲ့ကြသောကြောင့်သာ ဖြစ်သည်” ဟု သမိုင်း ပညာရှင် မိုက်ကယ် ဒီ ရစ်ချတ်က ထောက်ပြခဲ့သည်။
တော်လှန်ရေးသည် အထွေထွေ အကျပ်အတည်းကြီး ကြားမှ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ ၁၈ ရာစုနှစ် အတွင်း အမေရိကန် နှင့် ပြင်သစ် တွင် ကြုံခဲ့ရသည့် ဘဏ္ဍာရေး အကျပ်အတည်းများ မှ ၎င်း၊ ၁၉၁၇ တွင် ရုရှားတွင် ပေါ်ပေါက်ခဲ့သော တော်လှန်ရေးကြီးသည် စစ်ပွဲကြီးကြောင့် ၎င်း ဖြစ်လာခဲ့ရသည်ကို တွေ့မြင် နိုင် ပေသည်။ ၂၀ ရာစု နှစ် အစောပိုင်း မက္ကဆီကို တော်လှန်ရေး သည်လည်း အုပ်ချုပ်သူ အစိုးရ မျက်ဖြူဆိုက်လာ ရာမှ ပေါ်ပေါက်လာခဲ့ရပြန်သည်။ အာရှ နှင့် အာဖရိက နိုင်ငံများ တွင် ကိုလိုနီ စနစ် ဖျက်သိမ်းရေး နှင့် အတူ ပေါ်ပေါက်လာသော အာဏာလေဟာနယ် ထဲသို့ အလုအယက် တိုးဝင်ကြရင်းကလည်း အကျပ်အတည်းကြီးများ ပေါ်ပေါက်လာခဲ့ရသည် များလည်း ရှိပေသည်။
အားလုံးကို ခြုံကြည့်လျှင် တော်လှန်ရေးများ ပေါ်ပေါက်လာရခြင်း၏ တူညီသော အကြောင်းတချက်မှာ အာဏာ ရသူများက နိုင်ငံအား ခေတ်မှီအောင် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းလာခဲ့မှု များမှ အရင်းခံလာခဲ့သည်ကို တွေ့နိုင် မည် ဖြစ်သည်။ ထိုသို့ဆိုက အများ လက်ခံ မျှော်လင့်ထားမှုများ နှင့် ဆန့်ကျင့်ကောင်း ဆန့်ကျင်နေမည် ဖြစ် သည်။ အစိုးရမှ ထိုသို့ ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်ခြင်းဖြင့် တော်လှန်ရေးကို ရှောင်လွှဲ၍ မရနိုင် ဘူးလော ဟု စောဒက တက်၍ ရပေသည်။ လုံးဝမဟုတ်ဟု လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကပင် ပြင်သစ် နိုင်ငံရေး တွေး ခေါ်ပညာရှင်ကြီး Alexis de Tocqueville က ပြတ်သားစွာ ငြင်းဆိုထားခဲ့ပြီး ဖြစ်သည်။ “အစိုးရဆိုး များ အတွက် အန္တရာယ် အရှိဆုံး အချိန်သည် ပြုပြင်ပြောင်းလဲရေး များ စတင်လုပ်ဆောင်လာသော ကာလ ဟု ယေဘုယျ ပြော၍ ရသည်” ဟု မိန်ဆို့ခဲ့သည်။ ထိုသို့ ပြောရသည်မှာလည်း အကြောင်းရှိပေသည်။ ပြုပြင် ပြောင်းလဲရေး များကြောင့် နိုင်ငံသားများ တဦး နှင့် တဦး ပို၍ ပွင့်လင်းစွာ ထိတွေ့ဆက်ဆံခွင့် ရလာခဲ့ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။
ဆက်လက်တင်ပြပါမည်...
ပြီးခဲ့သည့် အပိုင်းများကို ပြန်လည် ဖတ်ရှု့ရန် ....
http://www.yawnathan.com/mm/News/Chapters/658