စစ်ကြီး အတွင်း ဆိုဗီယက် နိုင်ငံခြားရေး မူဝါဒသည် ကျူးကျော်သူ ဖက်ဆစ်များ အား လုံးဝဥဿုံ ချေမှုန်းနိုင်ရေး နှင့် ဥရောပနိုင်ငံများ လွတ်မြောက်ရေး အတွက် အကောင်းဆုံး အနေအထားများ ဖြစ်ပေါ်လာအောင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကို ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံ သုံး၍ ရယူသွားနိုင်ရေးပင် ဖြစ်သည်။ ထို့အတွက် ယူအက်စ်အက်စ်အာ ၏ သံတမန်များ အဖို့ ဟစ်တလာ ဆန့်ကျင်ရေး ညွှန်ပေါင်း အဖွဲ့ကြီး ခိုင်မာစွာ ပေါ်ပေါက်လာရန် နှင့် ဒုတိယ စစ်မျက်နှာ တရပ် ဖွင့်လှစ်နိုင်ရေး အတွက် မနားမနေ ကြိုးပမ်းလာခဲ့ကြရသည်။
၁၆ လမ်းရှိ ဝါရှင်တန် သံရုံးသည်လည်း ဆိုဗီယက် နှင့် အမေရိကန် ထိပ်တန်း ခေါင်းဆောင်များ အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်လာခဲ့သည်။ အပြန်အလှန် ပေးစာများနှင့် ကြေးနန်းစာများထဲတွင် အရေးပါသော ပြဿနာ များကို တင်ပြဆွေးနွေးလာခဲ့ကြသည်။
စည်းမျဉ်းစည်းကမ်းအရ ရုစ်ဘဲလ် သည် စတာလင်မှ ပေးပို့လိုက်သော စာကို လက်ခံရရှိလာသည့်အခါ သမ္မတ ၏ စစ်ဖက် လက်ထောက် ဗိုလ်ချုပ်ကြီး အက်ဒွင် ဝပ်ဆန်အား သံရုံးသို့ လာရန် ဆင့်ခေါ်ရသည်။ ထိုသို့စီစဉ် ထားသည်ကိုလည်း ရုစ်ဘဲလ် မှ သဘောတူခဲ့ပြီး ဖြစ်သည်။ စာပေးစာယူ မှန်သမျှ ကို သက်ဆိုင်သူ လက်ဝယ် အမြန်ရရှိအောင် တက်သုတ်ရိုက် လုပ်ခဲ့ကြရသည်။ ကျွနုပ်ထံမှ စတာလင်၏ စာကို လက်ခံရရှိသွားပြီး နောက်တွင် ဗိုလ်ချုပ်ကြီး ဝပ်ဆန် သည် သမ္မတထံ ဆယ့်ငါးမိနစ် ထက် နောက်မကျစေဘဲ ပို့ပေးရန် တာဝန် ရှိလာသည်။
“အခုရက်တွေမှာ ဝပ်ဆန် ခင်ဗျား ဆီ ခဏခဏ ရောက်လာနေလို့ စိတ်အေးလက်အေး နေရမယ်တော့ မထင်ဘူး” ဟု သမ္မတ က ကျွနုပ်အား အရွှန်းဖေါက်ခဲ့ဖူးသေးသည်။
“သမ္မတကြီး ခင်ဗျား.. ကျွန်တော်တို့ဖက်က သူလာတာကို အမြဲလို ကြိုဆိုနေပါတယ်” ဟု ကျွနုပ်က ပြန်ပြောခဲ့ရသည်။ “ပြီးတော့ မော်စကိုမှာလည်း ဒီလုပ်နည်းလုပ်ဟန်ပဲ လုပ်နေကြရတာပါ”
ရုစ်ဘဲလ်နှင့် ဆွေးနွေးမှုများက အဓိက အားဖြင့် လတ်တလော ဖြစ်ပေါ်နေသော ကိစ္စများသာ ဖြစ်သည်။ သူနှင့် ကျွနုပ် တွေ့ဆုံခဲ့ရမှုများကို ကျွနုပ် ခေါင်းတွင် သံမှိုစွဲသလို စွဲကျန်ရစ်ခဲ့ရသည်။ ယခုထိလည်း အမေရိကန် ခေါင်းဆောင်များထဲတွင် အထူးချွန်ဆုံး လူတဦး ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေဆဲလည်း ဖြစ်သည်။ သူသည် ပါးရေနပ်ရေ ရှိရုံမက အမြင်ကျယ်သူ တဦး ဖြစ်သည်။ ထို့အပြင် သူ့တွင် ထူးခြားထင်ရှားသော အရည်အသွေးများလည်း ပိုင်ဆိုင်နေပြန်သည်။
၁၉၄၃ ခုနှစ်တွင် အမ်အမ် လစ်ဗီနော့ နေရာတွင် သံအမတ်ကြီး အဖြစ် ကျွနုပ်အား ရာထူးတိုးမြှင့် ခန့်အပ် လိုက်ပြီးနောက်တွင် ကျွနုပ်၏ သံအမတ် ခန့်အပ်လွှာကို ရုစ်ဘဲလ်ထံ သွားရောက် ပေးအပ်ခဲ့ရသည်။ “အမေရိကန် နိုင်ငံဆိုင်ရာ ဆိုဗီယက် သံအမတ်ကြီး အနေနဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လာနိုင်ရေး နဲ့ မဟာမိတ်တွေ အဖြစ် ဆက်ဆံရေး ခိုင်မာသွားဖို့ ကျွန်တော် ကြိုးစားသွားပါမယ်” ဟု ကျွနုပ်က ပြောခဲ့သည်။
“ကျွန်တော်ဖက်ကလည်း ဆိုဗီယက်-အမေရိကန် အကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာဖို့ လုံးဝကို မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားပါတယ်၊ ဒါကလည်း နှစ်နိုင်ငံစလုံး အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနိုင်ပါတယ်” ဟု ရုစ်ဘဲလ်က ပြန်ပြောခဲ့သည်။
ရုစ်ဘဲလ်၏ မှတ်ချက်ပေးခဲ့မှုသည် သံအမတ်ခန့်အပ်လွှာ ပေးအပ်သည့်အခါတိုင်း ပြောရိုးပြောစဉ် ပြောခဲ့ခြင်းမျိုး မဟုတ်ပေ။ နောက်ပိုင်း ကျွန်တော်နှင့် အတူထိုင် စကားပြောဖြစ်ခဲ့စဉ် အတွင်း ရုစ်ဘဲလ်က သူ့ထုံးစံအတိုင်း ခပ်ဘွင်းဘွင်း ထပ်ပြောလာခဲ့ပြန်သည်။ “ခင်ဗျား ရော၊ ကျွန်တော်ရော ပြောသင့်တာ ပြောခဲ့ပြီးပြီ၊ ဒီအကြောင်းတွေကို မနက်ဖန် သတင်းစာတွေမှာ ပါလာမှာပဲ၊ ကဲ..အခု အမေရိကန်၊ ဆိုဗီယက် နဲ့ ဗြိတိသျှ ခေါင်းဆောင်တွေ အကြား တွေ့ဆုံဆွေးနွေးပွဲ တခု ဖြစ်အောင် ဘယ်လို စီစဉ်ရမယ် ဆိုတာ ပြောကြရအောင်”
သူ၏စိတ်ထဲတွင် နောက်တချိန် ဖြစ်ပေါ်လာမည့် တီဟီရန် ကွန်ဖရင့် အကြောင်း ရည်ရွယ် ပြောလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စိတ်ထဲတွင် ရှိနေသည် အကြောင်းကို သွယ်ဝိုက်မနေဘဲ အလုပ်သဘော ဆန်ဆန် တဲ့တိုး ပြောလာသည်ကို ကျွနုပ်အနေဖြင့် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ သူဆိုလိုချင်သည်မှာ စစ်ကြီး ဖြစ်နေတာမို့ သံတမန် လုပ်ထုံးလုပ်နည်းတွေ ဘေးချိတ်ထားဖို့ပင် ဖြစ်သည်။ သူသည် ကျွန်တော် စိတ်ထဲက အတွေးကို ရိပ်စားမိသည့် အလား ပြောလာခဲ့ခြင်းပင် ဖြစ်သည်။
ကျွနုပ်စိတ်ထဲတွင်လည်း ဒီပုဂ္ဂိုလ်ကြီးသည် တဖက်လူက အထင်တကြီး ဖြစ်လာစေရန် အာရုံထားပြီး ပြောနေသည့် မင်းစိုးရာဇာ ဝင်များလို မဟုတ်ဘဲ အမှန်တကယ် ဖြစ်အောင် လုပ်မည့် လူမျိုးဟုလည်း တွေးလိုက်မိသည်။
ရုစ်ဘဲလ် သည် သူတွင်ရှိ အကြံအစည်များကို တဖက်လူက ချက်ခြင်း လက်ခံလာအောင် မရမက ပြောတတ်သည့် လူမျိုး မဟုတ်ပေ။ သူ့စိတ်ထဲတွင် အလိုလို ပေါ်လာသည့် စကားလုံးများ သုံးပြီး သူ၏ အယူအဆများကို ရှင်းပြလိုသူ သာ ဖြစ်သည်။ ထိုသို့ ရှင်းပြရာတွင်လည်း ပြောခဲ့ပြီးသည်များကို နောက်တကြော့ ပြန်၍ အမြင်တမျိုး ဖြင့် ပြောတတ်ပြန်သည့် ဟာသ ပြောတတ်သူ တဦးလည်း ဖြစ်သည်။ အခြားလူများ ဟာသပြောသည်ကိုလည်း သဘောကျသူ ဖြစ်သည်။ ထိုသို့ အရွှန်းဖောက်တတ်သော်လည်း သူပြောလိုသည့် အကြောင်းကတော့ ဝေဝါးသွားခဲ့ခြင်း မရှိပေ။ ကျွနုပ်သည် သူ့အား သိကျွမ်းလာခဲ့ရသည့် ငါးနှစ်တာ ကာလအတွင်း စကားပြောရင်းက သူ့မျက်လုံးအိမ်ထဲ တွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ယှက်သန်းသွားသည်မျိုးကို သတိမမူဘဲ မနေနိုင်ခဲ့ပေ။ သူသည် ပြုံးနေသော်လည်း သူ့တွင် ခံစားနေရသော ရောဂါဝေဒနာ တချက်တချက် ဖေါက်လာသည်ကို ဖုံးဖိရန် တဖက်မှ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
ရုစ်ဘဲလ်သည် ၁၉၂၁ ခုနှစ် အတွင်း မိသားစုနှင့် အတူ မိန်းပြည်နယ်ရှိ ကမ်ပိုဘဲလို ကျွန်းသို့ အပန်းဖြေ ခရီးထွက်ခဲ့စဉ်က ပိုလီယို ရောဂါ ကူးစက်ခံခဲ့ရပြီး ခြေနှစ်ချောင်း ဆုံးရှုံးသွားခဲ့ရသည်။ ထိုအချိန်က အမေရိကန်တွင် ပိုလီယို ကပ်ရောဂါကြီး ဖြစ်ပွားနေစဉ်လည်း ဖြစ်သည်။ ဆရာဝန်များလည်း သူ့အတွက် ဘာမျှ မတတ်နိုင်ပဲ လက်မှိုင်ချခဲ့ကြရသည်။ ရုစ်ဘဲလ်သည် ယခုလို မသန်မစွမ်း ဘဝနှင့် တသက်လုံး နေသွားရတော့မည်ကို သဘောပေါက်ထားခဲ့ပြီ ဖြစ်သော်လည်း စိတ်ဓါတ် ကျဆင်းသွားခြင်း အလျင်းမရှိ၊ စိတ်ခွန်အား သက်သက်ဖြင့် လူထုကြားဝယ် မိန့်ခွန်းများ ပြောနိုင်ခဲ့သည်။ သူ၏ ရဲရင့် ပြတ်သားစွာ ပြောဆိုခဲ့မှု များသည် ကျန်းမာရေး ကောင်းမွန်နေသူများ ထက်ပင် သာလွန်ခဲ့ရပေသည်။
သူသည် ပရိသတ် မျိုးစုံကို ဟောပြောရန် မကြာခဏ ဖိတ်ကြားခံခဲ့ရသည်။ သမ္မတ ဖြစ်လာသည့် အခါ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းထဲမှ “မီးဖိုဘေး စကားဝိုင်း” အမည်ဖြင့် နာရီဝက်ကြာ ရေဒီယို စကားပြောခန်းသည် အစဉ်အလာတခု ဖြစ်လာခဲ့ရသည်။ အမေရိကန်တွင် ရုပ်မြင်သံကြား ပေါ်ဦးစကာလ ဖြစ်သော ၁၉၃၈ တွင် သူ့ရုပ်ပုံကို ဖန်သားပြင်ပေါ်တွင် မြင်တွေ့လာခဲ့ကြရပြီး ၁၉၄၁ တွင်တော့ တနိုင်ငံလုံး ရုပ်မြင်သံကြားမှတဆင့် ကြည့်နိုင်ခွင့် ရလာခဲ့ကြသည်။
ရုစ်ဘဲလ်သည် အစည်းအဝေးများတွင် ဖြစ်စေ၊ ရေဒီယို နှင့် ရုပ်မြင်သံကြားပေါ်တွင် ဖြစ်စေ စကားကို ဖြေးညှင်းစွာ ပြောတတ်သူ ဖြစ်သည်။ စကားလုံးတိုင်းကိုလည်း ရှင်းလင်းပြတ်သားစွာ အသံထွက် ပြောတတ်သူ ဖြစ်ပြီး ပြောသည့်အခါလည်း လက်ဟန်ခြေဟန်များ မသုံးမပြုတတ်ဘဲ မျက်နှာ အမူအယာနှင့်ပင် ဖေါ်ပြလေ့ရှိသည်။ သူ၏ မိန့်ခွန်းများကို နားထောင်ရသည့် အမေရိကန် နိုင်ငံသားတိုင်း ကျေနပ်အားရ သွားခဲ့ရကြရုံမျှမက စိတ်ဓါတ်ခွန်အားများလည်း တက်ကြွလာခဲ့ရသည်ချည်းသာ ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ အသင်းကြီးက “ခေတ်သစ် အမေရိကန် သမိုင်းတွင် စကားပြော အကောင်းဆုံး ပုဂ္ဂိုလ်” အဖြစ် ဆုချီးမြှင့်ခြင်း ခံခဲ့ရသည်။ ကျွနုပ် တွေ့ခဲ့ဖူးသော မည်သည့် အမေရိကန် သမ္မတ မျှ ထိုအရေးတွင် သူ့ကို မှီသူ မရှိသေးဟု ယခုတိုင် မှတ်ယူထားခဲ့သည်။
နောက်ထပ် ရုစ်ဘဲလ်၏ ထူးခြားသော စရိုက်လက္ခဏာတခုကား စကားပြောရာတွင် မည်သည့်အခါမျှ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့သည်မျိုး မရှိခြင်းပင် ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေးသမားများနှင့် ပြောဆိုရာတွင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ သို့သော် စစ်ကြီးအတွင်း ရန်သူများ အပေါ် ပြောဆိုရာတွင်တော့ ထိုသို့ မဟုတ်ပေ။ ကြမ်းတမ်းသော စကားလုံးများ သုံးနှုံးရဖို့ ဖြစ်လာသည့် အခါတိုင်း သူသည် ဟာသနှော၍ ပြောတတ်သည်။ သူ၏ ဟာသများက တဖက်လူအား အတော်လေးကို နာလိုခံခက် ဖြစ်သွားခဲ့ရသည် ချည်းပင် ဖြစ်သည်။
ယော်လ်တာ ကွန်ဖရင့်တွင် ကျွနုပ် အကဲခတ်မိရသည်က သူသည် အမြဲလို မိမိစိတ်ကို မိမိထိန်းထားနိုင်ပြီး တင်းမာလာနေသော အခြေအနေများ ကြားတွင်ပင် အချင်းချင်း အပြန်အလှန် လိုက်လျောမှု များ ရှိလာအောင် ဖန်တီးပေးနိုင်စွမ်း ရှိသူ ဖြစ်သည်။
ထိုနေရာတွင်တော့ သူသည် ချာချီ နှင့် အပုံကြီး ကွာခြားနေရသည်။ သူတို့နှစ်ယောက်စလုံးသည် အကျင့် စရိုက်ရော၊ ခန္ဓာကိုယ် ဖွဲ့စည်းမှု အရပါ ကွာခြားနေသော်လည်း ချာချီသည် ဆွေးနွေးပွဲတိုင်းတွင် အမြဲလို စိတ်တိုနေတတ်သူ ဖြစ်သည်။ သို့သော် တီဟီရန် နှင့် ယော်လ်တာ ကွန်ဖရင့်များ တွင် တော့ သူ့စိတ်ကိုသူ အများ လက်ခံနိုင်သည့် အတိုင်းအတာ အထိ ကြိုးစား ထိန်းထားနိုင်ခဲ့သူ ဖြစ်သည်။
ယော်လ်တာ ကွန်ဖရင့် မတိုင်မီ အကြိုဆွေးနွေး ခဲ့ကြစဉ်က ရုစ်ဘဲလ်သည် ချာချီ အကြောင်း ထည့်ပြောရသည့် အခါတွင် သူ့မျက်နှာတွင် မဲ့ပြုံး ပြုံးပြီး ကျွန်တော်ကို ပြောခဲ့ဖူးသည်။ ဤသည်ကလည်း သူတို့ သုံးဦး အကြား အမြဲလို စာပေးစာယူ လုပ်၍ ပြောဆို ဆွေးနွေးခဲ့ရာတွင် ပိုလန် ပြဿနာ နှင့် ဂျာမန်တို့ စစ်လျော်ကြေး ပေးရမည့် ကိစ္စများတွင် ချာချီ ၏ သဘောထားသည် စတာလင် နှင့် လုံးဝကွဲပြားခြားနားနေမှန်း သိထား၍လည်း ဖြစ်သည်။ ထိုအရေး တွင် ရုစ်ဘဲလ်သည် စတာလင်နှင့် သဘောထားခြင်း အတော်ကို တူပေသည်။ ရုစ်ဘဲလ်သည် ထုံးစံအတိုင်း သူ့စိတ်ထဲ ရှိသည်များကို အကုန်အစင် ထုတ်၍ ပြောဆိုတတ်သူ မဟုတ်ပေ။ ချာချီကတော့ မမျိုသိပ်နိုင်သူ ဖြစ်သည့် အားလျှော်စွာ အကြိမ်ပေါင်းများစွာ သူ့စိတ်ထဲ ပေါ်လာသမျှ ကို ထုတ်ပြောတတ်သူ ဖြစ်သည်။ ထိုသို့ ပြောလာသည့် အခါတိုင်းလည်း ရုစ်ဘဲလ်က ပြေရာပြေကြောင်း ဝင်ရောက် ပြောဆိုခဲ့ ရသည်ချည်းပင် ဖြစ်သည်။
ထိုသို့ ပြော၍ သမ္မတသည် အလျှော့ပေးလွန်းသူ ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူသည် အမေရိကန် ၏ အကျိုးစီးပွားကို ကာကွယ်ပြောဆိုဖို့ အရေးတွင် တပြားသားမျှ အလျော့ပေးခဲ့သူ မဟုတ်ပေ။ ရလာသည့် အခွင့်အရေးမှန်သမျှ ကို လက်လွှတ်ခံသူ မဟုတ်၊ သို့သော် ချာချီထက် ပို၍ ပါးပါးနပ်နပ် နှင့် ပြောဆို လုပ်ကိုင်တတ်သူ ဖြစ်သည် ကို ဆိုလိုခြင်း ဖြစ်သည်။