ဘော့ခ်ဟောက်ဆင် သည် ငွေရနိုင်မည့် နည်းလမ်း များကို စိတ်ကူးပုံဖော်တွေးတော နေသည်။ အဘယ်ကြောင့်ဆိုသော် ဂျူးများထံတွင် ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံး ရှိနေသေးပြီး၊ အစကတည်းက ဂျာမန်များထံမှ ခိုးယူထားသည့် ပစ္စည်းများကို ဖွက်ထားကြခြင်းသာ ဖြစ်သည်ဟု သူ ယူဆထားသောကြောင့်ပင်။ ထိုသို့ တွေးတောနေရင်းဖြင့် ယာဘလွန်စကီးလမ်း သို့ ခပ်သုပ်သုပ် ပြန်လာခဲ့သည်။
လှေကားထစ်သို့ ရောက်သောအခါ သူသည် နားစွင့်လိုက်သည်။ ရှေ့ဘက်အဆောက်အအုံမှ တယောက် ယောက်က သူ့ကို မြင်သွားမည်ကို စိုးရိမ်နေသည်၊ သူကိုယ်တိုင်ကမူ နောက်ဘက်အဆောက်အအုံ၏ “ဥယျာဉ်ဘလောက်” ရှိ “အောက်ထပ်မြေညီထပ်” — တနည်းအားဖြင့်ဆိုသော် နောက်ဘက် မြေအောက်ခန်းတွင် နေထိုင်သူဖြစ်သည်။ ထိုနေရာတွင် နေရသည်မှာ သူ့အတွက် ကိစ္စမရှိသော်လည်း လူများ လာရောက်သည့်အခါမျိုးတွင်မူ တခါတရံ ရှက်ရွံ့ နေမိသည်။
လှေကားခွင်တွင် မည်သူမျှ ရှိမနေသဖြင့် ဘော့ခ်ဟောက်ဆင်သည် လှေကားထစ်များအတိုင်း တိတ်တဆိတ်နှင့် ခပ်သွက်သွက်ပင် တက်လာခဲ့သည်။ ပါဆစ်ကီး တို့၏ တိုက်ခန်းဆီမှ ရယ်မောသံများ၊ အော်ဟစ်သံများဖြင့် ဆူညံပွက်လောရိုက်နေသည်၊ ၎င်းတို့ တခုခုကို ထပ်၍ အောင်ပွဲခံနေကြခြင်းသာ ဖြစ်ရမည်။ ထိုကဲ့သို့သော လူမျိုးများနှင့် သူ အမှန်တကယ် အဆက်အသွယ် လုပ်ရန် လိုအပ်နေသည်—၎င်းတို့ထံတွင် အထက်တန်းလွှာ အသိုက်အဝန်း မှ အဆက်အသွယ်ကောင်းများ ရှိကြသည်။ အကယ်၍ သူသာ ထိုသို့ အဆက်အသွယ် ရခဲ့လျှင် သူ့အတွက် အခြေအနေများ ကောင်းမွန်လာပေလိမ့်မည်။
ထိုကဲ့သို့သော လူမျိုးများက သူ့လို အချိန်ပိုင်း အလုပ်သမားမျိုးကို လှည့်၍ပင် ကြည့်မည်မဟုတ်ချေ၊ အထူးသဖြင့် SS တပ်ဖွဲ့ဝင် လူငယ်များ ဖြစ်ကြပြီး၊ ဗာဒါ ဆိုလျှင် ယုံနိုင်စရာမရှိလောက်အောင် မာန်မာန ထောင်လွှားနေသူ ဖြစ်သည်။ အဘိုးကြီးကမူ တမျိုး ဖြစ်သည်၊ သူ အမူးလွန်နေချိန်မျိုးနှင့် ကြုံကြိုက်ပါက သူ့ထံမှ ငါးမတ်ခ် လောက်တော့ အသာလေး ရနိုင်ပေသည်။
ကွမ်ဂဲလ် တို့၏ တိုက်တန်းလျှားထဲတွင် တိတ်ဆိတ်နေပြီး အပေါ်ထပ်ရှိ မစ္စစ်ရိုဆန်သဲလ် ၏ အခန်းရှေ့တွင်လည်း တံခါးကို နားနှင့် အတန်ကြာ ကပ်နားထောင်ကြည့်သော်လည်း ဘာသံမျှ မကြားရပေ။ ထို့ကြောင့် စာပို့သမားတဦးကဲ့သို့—တနေရာမှ တနေရာသို့ အလျင်အမြန် သွားလာနေရသူအလား—လျင်မြန်ပြီး အလုပ်သဘောဆန်ဆန် လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။
သို့သော် အထဲမှ ဘာမျှ လှုပ်ရှားသံ မကြားရသဖြင့် တမိနစ်၊ နှစ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ဘော့ခ်ဟောက်ဆင် သည် နောက်တကြိမ် ထပ်နှိပ်ကြည့်ဦးမည်ဆိုကာ တတိယအကြိမ် ထပ်နှိပ်ပြန်သည်။ တကြိမ်နှင့်တကြိမ် ကြားထဲတွင် အသာနားစွင့်ကြည့်သော်လည်း ဘာသံမျှ မကြားရသဖြင့် နောက်ဆုံးတွင် သော့ပေါက်မှတဆင့် လေသံတိုးတိုးဖြင့် ရှူးရှူးရှဲရှဲ ပြောလိုက်တော့သည်— “မစ္စစ်ရိုဆန်သဲလ်၊ တံခါးဖွင့်ပါဦး! ခင်ဗျားယောက်ျားနဲ့ ပတ်သက်တဲ့ သတင်း ကျုပ်ဆီမှာ ပါလာတယ်! မြန်မြန်လုပ်ပါ၊ ဒီမှာ ကျုပ်ကို တယောက်ယောက် မမြင်ခင် မြန်မြန်ဖွင့်ပါ။ ခင်ဗျား အထဲမှာ ရှိနေတာ ကျုပ်ကြားနေရတယ် မစ္စစ်ရိုဆန်သဲလ်၊ တံခါးဖွင့်ပါ!”
သူသည် လူခေါ်ခေါင်းလောင်းကို ဆက်တိုက်နှိပ်နေသော်လည်း မည်သည့်တုံ့ပြန်မှုမျှ ထွက်မလာခဲ့ပေ။ နောက်ဆုံးတွင်တော့ သူ ဒေါသအမျက်ချောင်းချောင်း ထွက်လာတော့သည်။ သူ့အနေဖြင့် လက်ချည်းဗလာဖြင့် အိမ်ပြန်သွား၍ မဖြစ်ပေ—ပြန်သွားလျှင် အော့တီနှင့် အကြီးအကျယ် ပြဿနာတက်ပေလိမ့်မည်။ ဒီ ဂျူးအဘွားကြီးအနေဖြင့် သူခိုးယူထားသည့် ပစ္စည်းများကို အေးအေးဆေးဆေး ပြန်ပေးလိုက်လျှင် ပြီးနေပြီဖြစ်သည်။ သူသည် လူခေါ်ခေါင်းလောင်းခလုတ်ကို လက်ညှိုးဖြင့် ဖိထားရင်းက သော့ပေါက်မှတဆင့်...
“တံခါးဖွင့်စမ်း ခွေးမကြီး၊ ဂျူးအယုတ်တမာမကြီး၊ မဖွင့်ရင် ခင်ဗျား မျက်နှာကို မျက်လုံးတောင် ဖွင့်မကြည့်နိုင်အောင် ကျုပ် လုပ်ပစ်လိုက်မယ်။ အခုချက်ချင်း တံခါးမဖွင့်ရင် ဂျူးစုတ်မ၊ နင့်ကို ဒီနေ့ပဲ အကျဉ်းစခန်းဆီ ဆွဲခေါ်သွားမယ်”
သူ့လက်ထဲတွင် ဓာတ်ဆီနည်းနည်းသာ ရှိနေခဲ့လျှင် ဂျုး ခွေးမကြီး၏ တံခါးကို မီးရှို့ပစ်လိုက်မည် ဖြစ်သည်။
ရုတ်တရက် ဘော့ခ်ဟောင်ဆန် တကိုယ်လုံး ငြိမ်ကျသွားသည်။ အောက်ထပ်မှ တံခါးဖွင့်သံကို သူ ကြားလိုက်ရသဖြင့် နံရံနှင့် ကျောကပ်၍ ပုန်းနေလိုက်သည်။ ဤနေရာတွင် သူ့ကို မည်သူမျှ မြင်သွား၍ မဖြစ်ပေ။ အောက်ထပ်မှ လူများ အပြင်ထွက်သွားကြမည်မှာ သေချာသဖြင့် သူ့အနေဖြင့် လုံးဝ အသံမထွက်ဘဲ တိတ်တိတ် နေရန်သာ လိုအပ်သည်။ သို့သော် ခြေသံများမှာ နှေးကွေး၍ တုံ့ဆိုင်းနေသည့်တိုင်အောင် တဖြည်းဖြည်း ပို၍ပို၍ နီးကပ်လာနေလေတော့သည်။
ပါဆစ်ကီး မိသားစုဝင်ထဲ က တဦး အထူးသဖြင့် အရက်မူးနေ သော ပါဆစ်ကီး မဟုတ်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။ လာနေသူမှာ အပေါ်ဆုံးထပ် ဆီသို့ တက်လာနေခြင်းဖြစ်သော်လည်း ထို နေရာကို သံတံခါးဖြင့် လုံခြုံစွာ ပိတ်ထားပြီး ဖြစ်၍ ပုန်းအောင်းစရာ နေရာဟူ၍ တနေရာမှ မရှိပေ။
လာနေသူမှာ အလွန်အမင်း မူးယူးနေသဖြင့် သူ့ကိုပင် မမြင်ဘဲ တန်း၍ လျှောက်သွားပါ စေဟု ဆုတောင်းနေမိပြန်သည်။ အဖိုးကြီး ပါဆစ်ကီး ဆိုလျှင်မူ ဖြစ်နိုင်ကောင်း ဖြစ်ပေမည်။
ယခုတော့ သူ့သား ဗာဒါ လား၊ ဘရူနို လား၊ သူကြိုက်သလို ခေါ်နေသည့် စက်ဆုပ်ဖွယ် ကောင်စုတ်လေး ဖြစ် နေသည်။ တနေ့ကုန်လုံး ဟစ်တလာလူငယ်အဖွဲ့ ယူနီဖောင်းကို ဝတ်ဆင်ကာ မောက်မာစွာ လျှောက်သွားနေပြီး၊ လူငယ်လေးတယောက်သာ ဖြစ်ပါလျက်နှင့် လူကြီး လူငယ် မရွေး သူ့ကို အရင်ဦးအောင် နှုတ်ဆက်ရမည်ဟု ထင်နေသူဖြစ်သည်။
လက်တန်းကို တင်းတင်းဆုပ်ကိုင်ရင်း ဗာဒါသည် အတော်လေး မူးနေ၍ နောက်ဆုံးလှေကားထစ်များကို ဖြည်းဖြည်းချင်း တက်လာနေသည်။ သူ၏ ဖန်သားကဲ့သို့ စူးရှမှုကင်းမဲ့နေသော မျက်လုံးများက နံရံကိုမှီနေသည့် ဘော့ခ်ဟောင်ဇန်ကို မြင်သွားခဲ့ပြီ ဖြစ်သော်လည်း၊ ဘာမှ မပြောသေးဘဲ သူရှေ့တည့်တည့်သို့ ရောက်လာမှသာ စကားစလာသည်။
"ဒီ အခန်း ရှေ့ မှာ ခင်ဗျားဘာလာလုပ်နေတာလဲ။ ခင်ဗျား ကို ဒီမှာ လက်မခံဘူး နော်၊ ခင်ဗျားရဲ့ ပြည့်တန်ဆာမ ရှိတဲ့ မြေအောက်ခန်းက တွင်းထဲ ဆင်းသွား။ ဆင်းသွားလို့ ပြောနေတယ် နော်!"
ထို့နောက် သူသည် သံမှိုစိုက်ထားသော သူ့ဖိနပ်ကို မြှောက်လိုက်သော်လည်း ဘာကိုမှ ကန်ကျောက်ရမှန်း မသိသည့်အလား ခြေထောက်ကို အမြန်ပင် ပြန်ချလိုက်သည်။ ဘော့ခ်ဟောက်ဆင် မှာမူ ထိုသို့သော လေသံမျိုးဖြင့် အပြောခံလိုက်ရပါက မခံရပ်နိုင် ဖြစ်ခဲ့ဖူးသော်လည်း သူ့ကို အာဏာသံဖြင့် ဆူပူကြိမ်းမောင်းလိုက်ပါက သူသည် ကြောက်လန့်တကြားဖြင့် ခွေး တကောင်လို အမြီး ကုတ်သွားတတ်သည်။ သူက တိုးတိုးလေး ပြန်ပြောလိုက်သည် - "တောင်းပန်ပါတယ်၊ ဟာရ် ပါဆစ်ကီး ရေ! ကျုပ်က ဖရော် ရိုဆင်သယ် နဲ့ ပျော်စရာလေး ဘာလေး များ ဖြစ်မလားလို့ လာ ကြည့်နေရုံပါဗျ!"
ဗာဒါ က မျက်မှောင်ကြုတ်ကာ စဉ်းစားနေလိုက်သည်။ ခဏကြာသော် သူက ဤသို့ဆို၏ - "ခွေးသားကြီး ခင်ဗျား လာတာက ခိုးဖို့ပဲမလား။ ကဲ၊ အခု သွားစရာရှိတာ သွားတော့။" စကားလုံးတွေက ကြမ်းတမ်းသော်လည်း အသံနေအသံထားမှာမူ အနည်းငယ် ပို၍ ယဉ်ကျေးပျူငှာခြင်း သို့မဟုတ် အားပေးလိုသော သဘောမျိုး ပါဝင်နေသည်။ ဘော့ခ်ဟောက်ဆင်က နားပါးသူဖြစ်သည်။ ထို့ကြောင့် သူက ဟာသလုပ်မိသည်ကို ခွင့်လွှတ်ပေးရန် တောင်းပန်သည့် သဘောဖြင့် ပြုံးပြီး - "ကျုပ်က ခိုးတာမျိုး မလုပ်ပါဘူး၊ ဟာရ် ပါဆစ်ကီ - တခါတလေကျရင်တော့ လိုအပ်သလို အလဟသ မဖြစ်ရအောင် နေရာပြောင်းရတာမျိုးတော့ ရှိတာပေါ့!"
ဗာဒါ ပဆစ်ကီက ပြန်၍ မပြုံးပေ။ သူသည် ထိုကဲ့သို့သော လူမျိုးတို့ကို အသုံးချ၍ ရ နေလျှင်တောင်မှ ၎င်းတို့၏
အဆင့်အတန်းမျိုး ရောက်အောင် အဆင်းခံ မည့်လူ မဟုတ်။ သူသည် ဘော့ခ်ဟောက်ဆင်၏ နောက်မှနေ၍ သတိကြီးကြီးဖြင့် အောက်ထပ်သို့ လိုက်ဆင်းသွားလေသည်။
သူတို့နှစ်ဦးစလုံးမှာ အတွေး ကိုယ်စီ နှင့် နစ်မျောနေကြသဖြင့် ကွမ်ဂဲလ် တို့၏ အခန်း တံခါး အနည်းငယ် ဟနေသည်ကို သတိမပြုမိကြပေ။ ထို့ပြင် ထိုလူနှစ်ဦး ဖြတ်ကျော်သွားပြီးနောက် တံခါးပြန်ပွင့်လာသည်ကိုလည်း မသိလိုက်ကြချေ။ အင်နာ ကွမ်ဂဲလ် သည် လှေကားလက်ရန်းဆီသို့ ခပ်သွက်သွက် လှမ်းသွားပြီး လှေကားအောက်ဘက်ဆီသို့ နားစွင့်လိုက်သည်။
ပါဆစ်ကီ တို့၏ တံခါးအပြင်ဘက်တွင် ဘော့ခ်ဟောက်ဆင် က “ဂျာမန်နှုတ်ဆက်နည်း” ဖြင့် လက်မောင်းကို ဆန့်တန်းလိုက်ကာ “ဟိုင်းလ် ဟစ်တလာ၊ ဟဲရ် ပါဆစ်ကီး။ ပြီးတော့ ကျေးဇူးအများကြီးတင်ပါတယ်” ဟု ဆိုလိုက်သည်။ ပြောသာ ပြောလိုက်ရသည် သူ့အနေဖြင့် ဘာအတွက် ကျေးဇူးတင်နေရမှန်းပင် သေချာမသိပေ။ သူ့တင်ပါးကို ဖိနပ်နှင့်ဆောင့်ကန်ပြီး လှေကားပေါ်မှ ကန်မချလိုက်သည့်အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လူကောင်သေးသေးညှပ်ညှပ်လေးသာ ဖြစ်သည့် သူ့အနေဖြင့် ထိုသို့လုပ်ခံရလျှင်လည်း ဘာမျှ ပြန်လုပ်နိုင်မည်မဟုတ်ပေ။
ဗာဒါ ပါဆစ်ကီ က အလေးပြုနှုတ်ဆက်မှုကို ပြန်လည်တုံ့ပြန်ခြင်း မပြုပေ။ တဖက်လူ မျက်တောင်တဖျပ်ဖျပ်ခတ်ကာ အကြည့်လွှဲသွားသည်အထိ ဖန်သားကဲ့သို့ အသက်မဲ့ နေသည့် မျက်လုံးစိမ်းများဖြင့်သာ စူးစိုက်ကြည့်နေတော့သည်။
ဗာဒါ က "ဒီတော့ ခင်ဗျားက မစ္စစ်ရိုဆန်သဲလ် နဲ့ နည်းနည်းပါးပါး ပျော်ပါးချင်တယ်ပေါ့လေ" ။
"ဟုတ်ပါတယ်" လို့ ဘော့ခ်ဟောက်ဆန် က သူ့ကို မကြည့်ဘဲ တိုးတိုးလေး ပြန်ဖြေသည်။
"ခင်ဗျား စိတ်ထဲမှာ ဘယ်လိုပျော်ပါးမှုမျိုးကို တွေးထားတာလဲ"၊ နည်းနည်းပါးပါး ရိုက်လားနှက်လား လုပ်ပြီး လုတာမျိုးလား"
ဘော့ခ်ဟောက်ဆန်က ဗာဒါ မျက်နှာကို ခပ်မြန်မြန်လေး မော့ကြည့်လိုက်ရင်းက "အာ့" လို့ သူက ပြောရင်း "ကျွုပ် သူ့ကို ကောင်းကောင်းကြီး ရိုက်နှက်ဆုံးမပစ်လိုက်ယုံပါ"
"ဪ.."အဲဒီလိုလား"
ခဏလောက် သူတို့နှစ်ယောက် ဘာစကားမှ မပြောဘဲ ရပ်နေကြသည်။ ဘော့ခ်ဟောက်ဆန်က သူသွားလို့ရ လောက်ပြီဟု တွေးနေ သော်လည်း သွားခွင့်ရှိပြီလို့ အပြောမခံရသေး၍ သူက မျက်လုံးကို လွှဲထားရင်း တိတ်တဆိတ် ဆက်စောင့် နေသည်။
"အထဲဝင်စမ်း" လို့ ဗာဒါ ပါဆစ်ကီ က ရုတ်တရက် အသံဩဩကြီးနှင့် ပြောလိုက်သည်။ သူက ပါဆစ်ကီ တိုက်ခန်း၏ ပွင့်နေတဲ့ တံခါးဆီကို လက်ညှိုးညွှန်ပြရင်း "အခု ကိစ္စက မပြီးသေးဘူး၊ကြည့်ကြသေးတာပေါ့"
ဘော့ခ်ဟောက်ဆန်ဟာ လက်ညှိုးညွှန်ပြရာ ပါဆစ်ကီ တိုက်ခန်းထဲကို ခပ်သွက်သွက် ဝင်သွားသည်။ ဗာဒါ ပါဆစ်ကီကလည်း ခြေလှမ်းနည်းနည်း ယိုင်နေ သော်လည်း ခါးမတ်မတ်နှင့် နောက်ကနေ လိုက်ဝင်လာသည်။ ထို့နောက် တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။