နာဇီမုဆိုးကြီး ဝီဆင်သယ်လ်၏ ချဲ့ကားပြောဆိုတတ်သော အလေ့အထကို လူအများ ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဝီဆင်သယ်လ်သည် သူနေထိုင်ခဲ့ဖူးသည်ဟု ဆိုသော လူသတ်စခန်း အရေအတွက်မှ နှစ်စဉ်နှင့်အမျှ တိုးပွားလာပုံရသည်။ သို့သော် လည်း ဆိုင်မွန် ဝီဆင်သယ်လ် ထက် SS တပ်ဖွဲ့ဝင်များကို ရှာဖွေဖော်ထုတ်ရန်နှင့် တရားစွဲဆိုရန် ပိုမိုစိတ်အားထက်သန်စွာ မြှုပ်နှံထားသူ မည်သူမျှ မရှိခဲ့ပေ။
ထိုသို့ဖြစ်ရခြင်းမှာလည်း ခိုင်လုံသော အကြောင်းရင်း ရှိနေသောကြောင့် ဖြစ်သည်။ စစ်မဖြစ်မီက ဗိသုကာပညာရှင်တစ်ဦး ဖြစ်ခဲ့သော ဆိုင်မွန် သည် ဂျူးလူမျိုးတုံး သတ်ဖြတ်မှုကြီး အတွင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် ယခုလို ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။
တခါတွင် သူ သည် မော့်သော်ဆန် လူသတ်စခန်း၌ ထိန်းသိမ်းခံနေရစဉ် ကြုံတွေ့ ခဲ့ခြင်း ဖြစ်သည်။ SS ခေါင်းဆောင် ဟိုင်းနရစ် ဟင်းမလား သည် စခန်းသို့ လာရောက်စစ်ဆေးခဲ့သည်။ သူ့အား ဖျော်ဖြေဧည့်ခံရန် ကြိုးပမ်းသည့်အနေဖြင့် စခန်းအစောင့်များသည် ၎င်းတို့ဘာသာ "လေထီးခုန်ခြင်း" ဟု အမည်ပေးထားသော လုပ်ရပ်တစ်ခုကို လုပ်ပြခဲ့ကြသည်။
ဝီဆင်သယ်လ်သည် ဒတ်ချ်လူမျိုး ဂျူးဘာသာဝင် တထောင်ကျော်အား ကျောက်မိုင်းတွင်း အစွန်းမှ ပစ်ချခံရပြီး ပေပေါင်း ၁၆၅ ပေ အမြင့်မှ ပြုတ်ကျကာ သေဆုံးသွားကြသည့် မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလေသည်။
နောက်ထပ် ကြောက်မက်ဖွယ် အဖြစ်အပျက်တစ်ခုမှာ ၁၉၄၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုနေ့တွင် SS အစောင့်တပ်ဖွဲ့ဝင်များသည် ဝီဆင်သယ်လ် နှင့် အခြား ဂျုး အမျိုးသား လေးဆယ်တို့ကို အလောင်းမြှုပ်နှံရာ ကျင်းကြီးတစ်ခု၏ ဘေးတလျှောက်တွင် တန်းစီရပ်ခိုင်းခဲ့သည်။ ပေအနည်းငယ်မျှသာ ဝေးကွာသောနေရာမှ အခြား SS တပ်ဖွဲ့ဝင် ခြောက်ဦးက ထိုလူအုပ်စုဘက်သို့ စက်သေနတ်ငယ်များဖြင့် ချိန်ရွယ်ထားကြသည်။ ဝီဆင်သယ်လ်နှင့် အကျဉ်းသားများကို အဝတ်အစားများ ချွတ်ရန် အမိန့်ပေးခဲ့သည်။
သို့သော် ၎င်းတို့အားလုံး ပစ်သတ်မခံရမီလေးတွင် တပ်ကြပ်တဦးသည် ကျင်းနှုတ်ခမ်းဆီသို့ ပြေးလာပြီး ဝီဆင်သယ်လ်ကို ဆွဲထုတ်သွားခဲ့သည်။ အဒေါ့ဖ် ဟစ်တလာ၏ မွေးနေ့ နီးကပ်လာပြီဖြစ်ရာ စခန်းမှူးသည် ခေါင်းဆောင်ကြီး အား ဂုဏ်ပြုသည့် နံရံဆေးရေးပန်းချီကားကြီးတချပ် ရေးဆွဲပေးမည့်သူ တဦးဦးကို လိုအပ်နေခဲ့သည်။ ပန်းချီဆွဲရာတွင် ကျွမ်းကျင်လှသော ဝီဆင်သယ်လ် မှာ ထိုအလုပ်အတွက် အသင့်တော်ဆုံးသူ ဖြစ်နေခဲ့သည်။ သူသည် အဝတ်အစားများကို အလျင်အမြန် ပြန်ဝတ်ကာ အလောင်းမြှုပ်နှံရာ ကျင်းကြီးဆီမှ အမြန်ဆုံး ပြေးထွက်လာခဲ့ရပြီး၊ တချိန်တည်းမှာပင် စက်သေနတ် နှင့် ပစ်ခတ်သံများ ကြားလိုက်ရ၍ သူ၏ ဘဝတူ အကျဉ်းသားရဲဘော်များ သေဆုံးသွားပြီဖြစ်ကြောင်း ချက်ချင်းဆိုသလို သိလိုက်တော့သည်။
ဝီဆင်သယ် လေ့လာသိရှိခဲ့ရသည့် မည်သည့် ရက်စက်ကြမ်းကြုပ်မှုကိုမဆို ရွံရှာစရာ မကောင်းလှဟု မည်သူမျှ မယူဆခဲ့ကြပေ။ ဝီဆင်သယ်သည် ဘဝတူ အကျဉ်းသားများအား ကျွဲကျောင်းသည့် ကြာပွတ်များဖြင့် ရိုက်နှက်ခံရခြင်း၊ ဓားဖြင့်ထိုးခံရခြင်း၊ ပူပြင်းသော ထုံး ကျင်းများထဲသို့ တွန်းချခံရခြင်း၊ မီးပုံများထဲတွင် အရှင်လတ်လတ် မီးရှို့သတ်ခံရခြင်း သို့မဟုတ် ထွက်ပြေးရန် ကြိုးပမ်းသည်ဟူသော စွပ်စွဲချက်ဖြင့် အကြောင်းမဲ့ ပစ်သတ်ခံရခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူ ဖြစ်သည်။
အကယ်၍ အကျဉ်းသားတဦးဦးက တကယ်တမ်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပါက လက်တုံ့ပြန်သည့်အနေဖြင့် စခန်းထဲမှ အကျဉ်းသား ၂၅ ဦးကို ပစ်သတ်လေ့ရှိသည်။ သို့သော် ဆိုင်မွန် ဝီဆင်သယ် အတွက် စစ်ပွဲ၏ နောက်ဆုံးရက်များသို့ ရောက်ရှိလာချိန်မှသာ အလှည့်အပြောင်းကြီးတခုနှင့် ကြုံ လာခဲ့ရသည်။ မာ့ဇ် အမည်ရှိ ဂျာမန်ကြပ်ကြီးတစ်ဦးက ဤရက်စက်ကြမ်းကြုပ်မှုများကို ကိုယ်တိုင်မျက်မြင်မကြုံခဲ့ရသူများအား မည်သို့ပုံဖော်ပြောပြမည်နည်းဟု ဝီဆင်သယ်ကို မေးမြန်းခဲ့လေသည်။
"ကျွန်တော်ကတော့ လူတွေကို အမှန်တရားအတိုင်း ပြောပြရမယ်လို့ ယူဆထားပါတယ်” ဟု ဝီဆင်သယ်လ်က ပြန်ဖြေလိုက်သည်။
“အဲဒီလိုပြောရင် ဘာဖြစ်သွားမလဲ ခင်ဗျားသိလား ဝီဆင် သယ်လ်” ဟု မာ့ဇ်က ပြုံးရင်း ပြန်မေးလိုက်သည်။ “သူတို့ ခင်ဗျားကို ယုံမှာမဟုတ်ဘူး။ ခင်ဗျားကို အရူးလို့ ပြောကြလိမ့်မယ်။ စိတ်ရောဂါကုဆေးရုံကိုတောင် ပို့ပစ်ကောင်း ပို့ပစ်ကြလိမ့်မယ်။ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်မျိုးကို ကိုယ်တိုင်ဖြတ်သန်း ကြုံတွေ့ဖူးသူ မဟုတ်ဘဲနဲ့ ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ဘူး"
ထိုစကားကြောင့် စိတ်အားတက်ကြွသွားသည့် ဝီဆင်သယ်သည် စစ်ပြီးခေတ် ပထမနှစ်အနည်းငယ်အတွင်း နျူရင်ဘတ် စစ်ခုံရုံးတရားစွဲဆိုမှုများအတွက် သက်သေအထောက်အထားများ စုဆောင်းတည်ဆောက်ရာတွင် အမေရိကန် အစိုးရရှေ့နေများနှင့်အတူ လက်တွဲလုပ်ကိုင်လာခဲ့သည်။ သို့သော် ထိုအရာမှာ အစမျှသာ ရှိသေးသည်။
ဩစတြီးယားနိုင်ငံ၊ လင့်ဇ်မြို့ရှိ အိုက်ခ်မန်း၏ စစ်ကြိုခေတ် နေအိမ်ဟောင်းနှင့် လမ်းအနည်းငယ်သာ ဝေးကွာပြီး ယခင် မော့သောင်ဆန် သေမင်းတမန် အကျဉ်းစခန်းဟောင်းနှင့်လည်း မိုင်အနည်းငယ်သာ ကွာဝေးသော ရုံးခန်းတခုမှ နေ၍ စတင်လှုပ်ရှားလာခဲ့သည့် ဝီဆင်သယ်လ်သည် မီးလောင်တိုက်သွင်းပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဂျူးလူမျိုး ခြောက်သန်းအတွက် ကိုယ်စားပြုထုတ် ဖေါ် ပြောဆို ပေးသူအဖြစ် မိမိကိုယ်ကို ခံယူလိုက်လေတော့သည်။
ဥရောပတစ်ဝန်းတွင် နာဇီတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ပြန်လည်သင့်မြတ်ရေးနှင့် ခွင့်လွှတ်ခြင်းသာဖြစ်သည်ဟူသော ယုံကြည်ချက် တဖြည်းဖြည်း ကြီးထွားလာနေသည်။ သို့သော် ဝီဆင်သယ်လ် နှင့် ၎င်း၏ဇနီး ဆိုင်လာ တို့ကမူ ဤအတွေးအခေါ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြသည်။
သူသည် စစ်ကြီး ပြီးသွားပြီး နောက် သူ့ဘဝတခုလုံးကို နာဇီစစ်ရာဇဝတ်ကောင်များအား တတ်နိုင်သမျှ ခြေရာခံဖော်ထုတ်ရန်အတွက်သာ မြှုပ်နှံထားခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော အိုက်ခ်မန်း အမှု စစ်ဆေးစီရင်ပြီး မကြာမီမှာပင် ဝီဆင်သယ်လ်သည် ၎င်း၏ ဌာနချုပ်ကို ဗီယင်နာမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနေရာရှိ မှတ်တမ်းကတ်ပြားဖိုင်များ၊ အရောင်ဝါဖျော့နေပြီဖြစ်သော သတင်းစာဟောင်းများနှင့် နာဇီလူသတ်သမားများ၏ ဓာတ်ပုံများ ရှုပ်ပွနေသည့် အခန်းသုံးခန်းပါ ရုံးခန်းလေးထဲတွင် ပျောက်ဆုံးနေသော စစ်ရာဇဝတ်ကောင် ရာပေါင်းများစွာကို သူက ခြေရာခံ စောင့်ကြည့်နေခဲ့သည်။
သူ၏ အတွင်းရေးမှူးက ဝီဆင်သယ်လ်၏ ယခင် ဗိသုကာပညာရှင်ဘဝကို အစွဲပြုကာ သူ့အား "အင်ဂျင်နီယာကြီး" ဟူ၍သာ ရိုးရိုးရှင်းရှင်း ခေါ်ဝေါ်လေ့ရှိသည်။
သူသည် ကမ္ဘာတစ်ဝန်းမှ ပေးပို့လှူဒါန်းငွေများနှင့် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက် မှ ရရှိသည့် ထောက်ပံ့ကြေး အနည်းငယ်ဖြင့်သာ ရပ်တည်နေသူ ဖြစ်သည်။ ဆိုင်မွန် ဝီဆင်သယ်လ် အတွက်မူ ထိုသို့ ချို့ချို့တဲ့ တဲ့ ဖြင့် နေထိုင်ရသည်ကပင် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ဝီဆင်သယ်လ် သည် နာဇီများကို ဖော်ထုတ်နိုင်ရန် သတင်းပေးများ၏ အရိပ်အမြွက်ပြောဆိုချက်များကို အဓိက မှီခိုအားထားရလေ့ရှိသည်။ သံသယရှိခံရသူအများစုမှာ စခန်းစောင့်များ၊ ရဲသားများနှင့် အောက်ခြေအရာရှိငယ်များ ဖြစ်ကြသည်။ ၎င်းတို့ ဖမ်းဆီးခံရခြင်းက ဒေသတွင်း၌သာ လှုပ်လှုပ်ရှားရှား ဖြစ်စေနိုင်သည်၊ ဥပမာအားဖြင့် ၁၉၄၄ ခုနှစ်တွင် အန်းဖရန့် ၏ မိသားစုကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးခဲ့သူ၊ သြစတြီးယား ရဲအရာရှိနှင့် SS အရာရှိဟောင်း တစ်ဦးဖြစ်သော ကားလ် ဆီဘာဘောင်းဝါးဖမ်းဆီးခံရခြင်းမျိုးကဲ့သို့ ဖြစ်သည်။
သို့သော် ဝီဆင်သယ်လ် အစွဲအလမ်းအကြီးဆုံးနှင့် အလိုချင်ဆုံးမှာ SS ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းများကို ဖမ်းဆီးရန် ဖြစ်သည်။ ထိုစာရင်းထဲတွင် အဓိကပါဝင်သူမှာ အဒေါ့ ဟစ်တလာ၏ ကိုယ်ရေးအရာရှိ မာတင် ဘော်မန်း ပင်တည်း။
အမေရိကန်သမ္မတ ဟယ်ရီ ထရူမန်း က ၁၉၄၈ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် FBI အား ထိုနာဇီ ကို ရှာဖွေဖမ်းဆီးရန် တရားဝင် အမိန့်လက်မှတ်မရေးထိုးမီ ကတည်းကပင် ဝီဆင်သယ်လ် သည် သူ ပုန်းအောင်းနေသည့်နေရာကို စုံစမ်းစစ်ဆေးနေခဲ့သည်။ ဘော်မန်း သည် စစ်ပွဲ၏ နောက်ဆုံးရက်များတွင် ဘာလင်မြို့မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တောင်အမေရိကတိုက်တွင် သောင်တင်နေသည်ဟု နာဇီမုဆိုးကြီး က အခိုင်အမာ ယုံကြည်နေသည်။
စစ်ပွဲပြီးနောက် ဂျာမန်စီးပွားရေးကို ပြန်လည်ထူထောင်ရန် ဘောမန်း ၏ အစီအစဉ်သည် ထူးချွန်ပြောင်မြောက်စွာ အောင်မြင်နေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ကမ္ဘာတဝန်းရှိ ဂျာမန်စီးပွားရေးလုပ်ငန်းများမှာလည်း စံချိန်တင် လောက် အောင် တိုးတက်ကြီးပွားလျက်ရှိသည်။ ၁၉၄၈ ခုနှစ်မှစ၍ အာဂျင်တီးနား၊ ဥရုဂွေး၊ ဘရာဇီးနှင့် ပါရာဂွေးနိုင်ငံများတွင် ဘောမန်းကို တွေ့ရှိခဲ့သည်ဟူသော အတည်မပြုနိုင်သည့် သတင်းများ အများအပြား ထွက်ပေါ်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ဘောမန်းသည် ဘာအာ ဟူသော မျိုးရိုးအမည်ဖြင့် ဟန်ဆောင်လှည့်စားနေသည်ဟု ဆိုရမည်ဖြစ်ပြီး အာဆွန်စီယွန် မြို့ရှိ အလီဘာဘာ နိုက်ကလပ်၌ ၎င်းကို တွေ့ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
၎င်း၏ဘေးတွင် ဂျိုးဇက် မန်ဂယ်လီ ရှိနေခဲ့သည်။ ဘောမန်း၏ လက်ရှိတည်နေရာကို ဆိုင်မွန် ဝီဆင်သယ်လ် မသိရှိပေ။ ၎င်းသည် အာဂျင်တီးနားနိုင်ငံ၏ ကျွဲနွားမွေးမြူရေးဒေသတွင် ကြီးမားကျယ်ပြန့်သော မြေယာပိုင်ဆိုင်မှုများ ရှိထားသည်ဟု ယူဆရပြီး ဘာရီလိုချီ အပန်းဖြေမြို့သို့ သွားရောက်လည်ပတ်ရန် နှစ်သက်လေ့ရှိသည်။ ထိုမြို့တွင် ၎င်းသည် ဂျူးလူမျိုးအမည်ဝှက်တခုဖြင့် လှုပ်ရှားနေပြီး ယင်းသို့ပြုလုပ်ခြင်းက အစ္စရေးကွန်မန်ဒိုတပ်ဖွဲ့များ၏ ခြေရာခံ နေမှုကို လွဲချော်စေလိမ့်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
*******************