The Prisoner in His Palace (6)

by Hla Soewai - Nov 23 2026

အခန်း (၄)

 

ဘဂ္ဂဒက်၊ — ၂၀၀၆ ခုနှစ်၊ နွေရာသီ

 

စတီဗ် ဟတ်ချင်ဆန် မှာ ညဂျူတီ ပြန်ကျနေပြန်သည်။ သို့သော် သူသည် ဖလော်ရီဒါ အလယ်ပိုင်းရှိ Midnight Rodeo ဘားတွင် ကန်းထရီးဂီတ နားထောင်ရင်း မူးရူးသောင်းကျန်းနေသော ရန်ပွဲများကို ဝင်ရောက်ဖြန် ဖြေ ပေးခဲ့ရသည့် ပတ်ဝန်းကျင် နှင့် ကွာခြားချင်တိုင်း ကွာခြားလှသော နေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဆက်ဒမ်ကို စောင့်ကြပ်ရသည့် သူ၏ ပထမဆုံး ဂျူတီချိန်မှာ ညသန်းခေါင်တွင် စတင်ခဲ့၏။

 

ဆက်ဒမ်နှင့် သူ၏ ပူးတွဲတရားခံ ခုနစ်ဦးတို့အား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုရန် တည်ဆောက်ထားသည့် အီရတ် ထိပ်တန်းတရားရုံး Iraqi High Tribunal (IHT) ၏ မြေအောက်ခန်းအတွင်း၌ ဟတ်ချင်ဆန် ရောက်ရှိနေခဲ့သည်။

 

တရားခွင်၏ အောက်ဘက်တွင် ဆက်ဒမ်နှင့် ပူးတွဲတရားခံများကို တရားရုံးထွက်သည့် နေ့ရက်များ၌ ထိန်းသိမ်းထားရန် ဖန်တီးထားသော မြေအောက် အကျဉ်းခန်းများ ကို မှန်လှောင်အိမ်များ နှင့် ပြုလုပ်ထား သည်။ တရားခွင် စစ်ဆေးမှုများ ရှိနေသည့် အခါမျိုးတွင် တရားခံများသည် ထိုနေရာ၌ တကြိမ်လျှင် တပတ်ခန့်အထိ အိပ်စက်နေထိုင်ကြရသည်။

 

IHT တရားရုံးကို ဘတ်သ်ပါတီ ဌာနချုပ်ဟောင်း အဆောက်အအုံတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး၊ ဆက်ဒမ်၏ နန်းတော် အတော်များများ၏ ပုံစံအတိုင်း တိုင်လုံးကြီးများနှင့် ခမ်းနားထည်ဝါစွာ ဆောက်လုပ်ထားသော အဆောက်အအုံ ဖြစ်သည်။ ဤတရားရုံးကို အမေရိကန်တို့က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ၏ စစ်ရာဇဝတ်မှုဆိုင်ရာ ခုံရုံးများကို နမူနာယူ ဖန်တီးထားခြင်း ဖြစ်သည်။

 

၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းက ဒူဂျေးလ် မြို့သို့ ဆက်ဒမ် သွားရောက်စဉ် လုပ်ကြံရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ထိုမြို့ရှိ ရှီယိုက် မြို့သူမြို့သား ၁၄၈ ဦးကို သတ်ဖြတ်ခဲ့သည့် အမှုဖြင့် ဆက်ဒမ်အား ရုံးတင်စစ်ဆေးရန် တရားရုံးက ရွေးချယ်ခဲ့သည်။ အီရန်-အီရတ် စစ်ပွဲအတွင်း အီရတ် ကာဒ်လူမျိုးများအပေါ် ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့သည့် သာဓကများကဲ့သို့ ဆက်ဒမ်တွင် တာဝန်ရှိသည်ဟု ယူဆရသော အခြားသော လူသိများသည့် သတ်ဖြတ်မှုများနှင့် နှိုင်းယှဉ်ပါက ဤဒူဂျေးလ် နှိမ်နင်းမှု ဖြစ်စဉ်ကို ပထမဆုံး စွဲချက်အဖြစ် မဖြစ်မနေ ရွေးချယ်ခဲ့ခြင်းမှာ ဆန်းကြယ်လှပေသည်။

 

လွန်ခဲ့သော ရက်များစွာက ဟတ်ချ်အတွက်မူ မောပန်းခဲ့ရယုံမက စိတ်ထဲ ဝေ‌ဝါး လာခဲ့သော နေ့ရက်များ ဖြစ်ခဲ့သည်။ သူနှင့် ကျန်ရှိသော Super Twelve အဖွဲ့ဝင်များသည် မိမိတို့၏ တာဝန်သစ်အကြောင်းကို မည်သူ့ကိုမျှ မပြောရန် ပိတ်ပင်ခံထားရသည်။ မိသားစု ချစ်ခင်သူများကိုပင် ဘာလုပ်နေသလဲဆိုသည်ကို ပြောပြခွင့် မရှိရုံမျှမက၊ ကြုံတွေ့ရသည့် အတွေ့အကြုံများကို မှတ်တမ်းတင် ဂျာနယ်ရေးသားခွင့်ပင် မရှိခဲ့ပေ။ သူတို့၏ အီးမေးလ် ဆက်သွယ်မှုများကို စောင့်ကြည့်စစ်ဆေးမည် ဖြစ်ပြီး၊ တွေ့ရှိချက်များကို မှတ်စုရေးမှတ်ထားခြင်း ရှိမရှိ သိနိုင်ရန် အချိန်မရွေး ဝင်ရောက်ရှာဖွေ စစ်ဆေးခြင်း ခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။ 

 

ထိုသတိပေးချက်များ ခေါင်းထဲ ရောက်လာရင်း ဟတ်ချ်သည် ဆက်ဒမ် ဟူစိန်ကို ထားသော ရိုက်ခွဲ၍မရသော ပလက်စီဂလပ်စ် Plexiglas ဖြင့် ကာရံထားသော အချုပ် ခန်း အပြင်ဘက်ရှိ သံကုလားထိုင်ဟောင်းတခုပေါ်တွင် ဝင်ထိုင်လိုက်လေသည်။

 

ဆက်ဒမ် မှာ သက်သောင့်သက်သာ အိပ်မောကျနေပုံ ပေါ်သည်။ သူ၏ ယာယီနေအိမ်မှာ စင်္ကြံလမ်း၏ အဆုံး၌ တည်ရှိပြီး အချုပ်ခန်း လေးခန်းအနက် နောက်ဆုံးအခန်း ဖြစ်သည်။ တချိန်က မြေပေါ်တွင် နန်းတော်ပေါင်းများစွာ တည်ဆောက်ပိုင်ဆိုင်ခဲ့သူမှာ ယခုအခါ ဘွိုင်လာခန်း သာ သာရှိသည့် မြေအောက်စင်္ကြံတစ်ခုအတွင်း ပိတ်လှောင်ခံထားရလေပြီ။ 

 

ထိုနေရာမှာ ခြောက်ကပ်ပျင်းရိဖွယ်ကောင်းပြီး မွန်းကျပ်ဖွယ်ရာ ဖြစ်သည်။ အချုပ်ခန်းကိုယ်တိုင်ကမူ ဆေးရုံမှ မွေးကင်းစကလေးငယ်များ ထားရှိရာ အခန်းနှင့် ခပ်ဆင်ဆင်တူသည်။ အကျဉ်းသားကို အပြင်ဘက်မှ စောင့်ကြည့်နိုင်စေရန်အတွက် ခါးတစ်ဝက်ခန့်အမြင့်ရှိ ကွန်ကရစ်နံရံ၏ အပေါ်ပိုင်းကို ပလက်စတစ်မှန်ကြည် ဖြင့် ကာရံထားသည်။

 

"Super Twelve" အဖွဲ့ဝင်များသည် အီရတ်အထူးခုံရုံး (IHT) တရားခွင်အောက်ရှိ ၎င်းတို့၏ ယာယီတည်းခိုခန်းကို နောက်ပိုင်းတွင် "မြေအောက်သင်္ချိုင်းဂူ" ဟု ခေါ်ဝေါ်လာကြသည်။ အကြောင်းမှာ အကျဉ်းသားများ၏ အခန်းနှင့် စင်္ကြံတလျှောက်သာ ခြားထားသည့် ၎င်းတို့၏ နေရာသည် မည်သည့်အချိန်တွင်မဆို အဖွဲ့ဝင်အချို့ အိပ်စက်အနားယူနိုင်စေရန်အတွက် ၂၄ နာရီလုံးလုံး မှောင်မည်းနေအောင် ထားရှိသောကြောင့် ဖြစ်သည်။

 

 IHT ကို ရှစ်နာရီတဆိုင်းစီ ခွဲခြားထားသော်လည်း ဟတ်ချ် ယခု စတင်တာဝန်ကျနေသည့် ညဆိုင်းမှာမူ မည်သည့်အသံဗလံမျှ လုံးဝမရှိဘဲ တိတ်ဆိတ်လွန်းလှသည်။ "နားအူမတတ် တိတ်ဆိတ်လွန်းအားကြီးတော့ အဲဒီတိတ်ဆိတ်မှုကြီးကိုယ်တိုင်က ဆူညံနေသလိုပါပဲ" ဟု ဟတ်ချ်က နောက်ပိုင်းတွင် ပြန်ပြောပြခဲ့သည်။ သူသည် ယခင် ထိန်းသိမ်းရေးစခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က "အော်ဟစ်သတိပေးသူ" တဦး ဖြစ်ခဲ့ဖူးသည်။ ထိုအော်ဟစ်သတိပေးသူ၏ အလုပ်မှာ အကျဉ်းသားများ စတင်ရောက်ရှိလာချိန်တွင် ၎င်းတို့ထံမှ မည်သည့်အတွန့်တက်မှု၊ မချေမငံပြောဆိုမှုကိုမျှ သည်းခံမည်မဟုတ်ကြောင်း သိရှိစေရန် ဟိန်းဟောက်သတိပေးရခြင်းပင် ဖြစ်သည်။

 

ဟတ်ချ် သည် ဤတာဝန်ကို သာမန် လုပ်ရိုးလုပ်စဉ် တခုလိုသာ သဘောထားရန် သန္နိဋ္ဌာန်ချထားခဲ့သော်လည်း ထိုညဉ့်နက်ပိုင်းတွင် ဆက်ဒမ် ကို ထိုင်စောင့်ကြည့်နေရင်း မိမိကိုယ်ကို ယခင်ကထက် ပိုမို သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။ ဤထူးခြားသော တာဝန်အတွက် မိမိသည် သင့်တော်သူ ဟုတ်ပါရဲ့လားဟု သူ တွေးတောနေမိသည်။

 

 သူ၏အတွေးများသည် ပထမအကြိမ် ပင်လယ်ကွေ့စစ်ပွဲကာလဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုစဉ်က ကလေးအရွယ်သာရှိသေးသော သူသည် အီရတ်သို့ စေလွှတ်ခံရသည့် စစ်သည်များထံ စာရေးသားပေးပို့ခဲ့ဖူးပြီး၊ တခါတရံတွင် အမှတ်တရအဖြစ် ဆက်ဒမ်၏ ပုံပါရှိသော အီရတ်ဒီနာ ငွေစက္ကူများ ထည့်သွင်းထားသည့် ပြန်စာများကို လက်ခံရရှိခဲ့ဖူးသည်။ သူ အမြဲလို လူသာမန်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတကောင်အဖြစ် စိတ်ကူးပုံဖော်ခဲ့ဖူးသည့် ထိုလူသားမှာ ယခုအခါ သူ၏မျက်စိရှေ့တွင်ပင် ဟောက်သံပေးကာ အိပ်မောကျနေပြီ ဖြစ်သည်။

 

မိမိကိုယ်ကို အန္တရာယ်မပြုနိုင်စေရန် သို့မဟုတ် အခြားသူများ၏ တိုက်ခိုက်မှု မခံရစေရန်အတွက် စစ်သည်များအား ဆက်ဒမ် ကို အချိန်ပြည့် မျက်ခြည်မပြတ် စောင့်ကြည့်နေရန် ညွှန်ကြားထားသည်။ အဘူဂရိုက် အကျဉ်းသား ညှဉ်းပန်းနှိပ်စက်မှု အရှုပ်တော်ပုံ ဖြစ်ပွားပြီးနောက်ပိုင်းတွင် အကျဉ်းသားအား မတရားပြုမူသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပါက လူထုဆက်ဆံရေး ပိုင်း တွင် ကပ်ဘေးကြီးသဖွယ် ဖြစ်ပေါ်လာမည်ကို အမေရိကန်ပြည်ထောင်စုက အထူးသတိထားမိနေခဲ့သည်။ 

 

ရှစ်နာရီကြာမြင့်သော ဤညဆိုင်းတာဝန်အတွင်း ဟတ်ချ်နှင့်အတူ နောက်ထပ်အစောင့်နှစ်ဦးလည်း ပါဝင်သည်။ ပြန်တမ်းဝင်မဟုတ်သော အရာရှိငယ် (NCO) တဦးက ဆက်ဒမ်အား စီစီတီဗီ ကင်မရာမှတဆင့် အဝေးမှ စောင့်ကြည့်ရန် တာဝန်ပေးအပ်ခံထားရပြီး၊ "လှည့်ကင်း" အစောင့်တဦးကမူ ပတ်ဝန်းကျင်ကို အသင့် အနေအထားဖြင့် ကင်းလှည့်ကာ အသင့်ရှိနေရသည်။ 

 

မကြာသေးမီက အထိ အခြေခံစစ်ပညာသင်တန်းတွင် "ရော်ဘာဘဲရုပ်" ဟုခေါ်သည့် ရိုင်ဖယ်သေနတ်အတုများကို ကိုင်ဆောင်ကာ အလားတူ လှည့်ကင်းတာဝန်မျိုး ထမ်းဆောင်ခဲ့ကြရသည့် လူငယ်စစ်သည်အချို့အတွက်မူ ယခုကဲ့သို့သော တာဝန်မျိုးရရှိလိမ့်မည်ဟု စိတ်ကူးပင် ယဉ်ကြည့်ခဲ့ကြမည် မဟုတ်ပေ။

 

အီရတ် အထူးခုံရုံး (IHT) သည် အထပ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် ဧရာမ အဆောက်အအုံကြီးတခုဖြစ်ပြီး၊ အထဲတွင် တရားခွင်နှင့်အတူ “ဟူစတန်မြို့ရှိ အာကာသယာဉ် ထိန်းချုပ်ရေးခန်းမ ” နှင့် တူသည့် “လဟာပြင် ဇာတ်ရုံပုံစံ” အခန်းကြီးတခန်းလည်း ပါဝင်သည်။ 

 

ထိုအခန်းထဲတွင် လုံခြုံရေးဝန်ထမ်းများသည် မြေအောက်အကျဉ်းခန်းများကို မြင်နေရသည့် တီဗီဖန်သားပြင် အမြောက်အမြားကို စောင့်ကြည့်နေကြသည်။ “တကယ်လို့ ခင်ဗျားသာ ကြည့်ချင်စိတ်ရှိမယ်ဆိုရင် အဲဒီထိန်းချုပ်ခန်းထဲမှာ ထိုင်ပြီး အကျဉ်းသားတွေ အိမ်သာတက်နေတာကိုတောင် ထိုင်ကြည့်နေလို့ရတယ်” ဟု ဆက်ဒမ်ဟူစိန်၏ ရှေ့နေ အဖွဲ့တွင် ပါဝင်ရန် တာဝန်ပေးအပ်ခြင်းခံရသော ကနေဒါလူမျိုး ရှေ့နေ ဝီလျံ ဝိုင်လီ က ခပ်ရွဲ့ရွဲ့ ပြန်ပြောင်းပြောပြခဲ့ဖူးသည်။

 

ဆက်ဒမ်၏ အကျဉ်းခန်းအပြင်ဘက် ကပ်လျက်ရှိ သက်သောင့်သက်သာ မရှိလှသော ထိုင်ခုံပေါ်တွင် နေရာယူပြီးနောက်၊ ဟတ်ချ် သည် အချိန်ကုန်လွန်စေရန်အတွက် Resident Evil: Code: Veronica အမည်ရှိ ရုပ်ပြဝတ္ထုစာအုပ်တအုပ်ကို ဟိုလှန်သည်လှန် ကြည့်နေခဲ့သည်။ ဤသည်ကလည်း သူသည် အိမ်သို့ ဖုန်းဆက်သည့်အခါ သမီးဖြစ်သူနှင့် ပြောဆိုဆွေးနွေးစရာ အကြောင်းအရာ များ ရှိစေရန် အတွက် ဖြစ်သည်။ ယခုအခါ ဟယ်ရီပေါ်တာ စာအုပ်များနှင့် Hunger Games စာအုပ်တွဲများ အားလုံးကိုလည်း အစအဆုံး ဖတ်ရှုခဲ့ပြီး ဖြစ်သည်။

 

တိတ်ဆိတ်ငြိမ်သက်နေမှုကို ‌ရုတ်ချည်း ဆိုသလို ပျက်ပြားသွားစေသည်က ဆက်ဒမ်ဟူစိန်၏ ထိတ်တန်း လက်ထောက်များထဲမှ တဦးဖြစ်သူ "Chemical" အလီ ဟာဆန် အယ်လ်-မာဂျစ် သည် အနီးရှိ အကျဉ်းခန်းတစ်ခုအတွင်းမှနေ၍ ဆုတောင်းပဌနာပြုလုပ်သံ ထွက်ပေါ်လာခဲ့ခြင်း ကြောင့် ဖြစ်သည်။ အလီသည် ဆက်ဒမ်၏ အုပ်စိုးမှုကို ခြိမ်းခြောက်လာသည်ဟု ယူဆခံရသော အီရတ်နိုင်ငံ၊ ကာ့ဒ်လူမျိုးများကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ဓာတုလက်နက်ရော သမားရိုးကျလက်နက်များကိုပါ အသုံးပြုကာ လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးကြီးတရပ်ကို ကြိုးကိုင်ခြယ်လှယ်ရာတွင် အဓိကပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။

 

ဘက်သ်ပါတီ ၏ မှတ်တမ်းများအရ ကုတင်ပေါ်မှ ရုတ်တရက်ထရပ်ကာ အသံထွက်၍ ဆုတောင်းနေသူ Chemical အလီသည် တချိန်က အီရတ်စစ်တပ်ကို အမိန့်ပေးညွှန်ကြားချက်များ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ဖူးသူ ဖြစ်သည်။ ၎င်းအမိန့်တွင် “တားမြစ်ထားသော နယ်မြေဒေသများအတွင်း ရှိနေကြသည့် လူဦးရေ အများဆုံး သေဆုံးစေရန်အတွက် နေ့ သို့မဟုတ် ည အချိန်မရွေး အမြောက်များ၊ ရဟတ်ယာဉ်များနှင့် လေယာဉ်များကို အသုံးပြု၍ တွေ့ရာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကြရန်” ဖော်ပြထားသည်။ 

 

မြောက်ပိုင်း ရှေ့တန်းစစ်မျက်နှာမှ တပ်မှူးများကို ပေးပို့ခဲ့သော ထိုညွှန်ကြားချက်များအရ “ထိုရွာများတွင် ဖမ်းဆီးရမိသမျှ လူတိုင်းကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးစစ်ဆေးရမည်ဖြစ်ပြီး၊ အသက် ၁၅ နှစ်နှင့် ၇၀ ကြားရှိသူများကိုမူ အသုံးဝင်သည့် သတင်းအချက်အလက် တစုံတရာ ရရှိပြီးနောက် သေဒဏ်ပေးစီရင်ရမည်” ဟု ညွှန်ကြားထားခဲ့သည်။ ခြုံငုံကြည့်လျှင် အလီ ဟာဆန် အယ်လ်-မာဂျစ်သည် လူသားပေါင်း တသိန်းကျော်၏ အသက်သေဆုံးမှုအတွက် တာဝန်ရှိသူ ဖြစ်ပေသည်။

 

ဟောက်သံပေး၍ အိပ်ပျော်နေသော ဆက်ဒမ်သည် အလီ၏ ဝတ်ပြုဆုတောင်းသံကြောင့် ရုတ်တရက် နိုးလာခဲ့ပြီး အိပ်ရာပေါ်တွင် မှောက်လျက်သား နေမြဲတိုင်းနေရင်းပင် မောပန်းနွမ်းနယ်စွာဖြင့် သူ့ဘာသာ ဝတ်ပြုစာများကို တိုးတိုးရေရွတ်စပြုလာသည်။ သူသည် စိတ်ပါလက်ပါ မရှိလှဘဲ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေပုံရပြီး ဤကိစ္စကို မြန်မြန်ပြီးဆုံးသွားစေရန် ကြိုးစားနေသည့်ဟန် ပေါက်နေသည်။

 

ဆက်ဒမ် ဦးဆောင်ခဲ့သော ဘာ့သ်ပါတီ သည် သဘောတရားအရ ဘာသာရေးနှင့် နိုင်ငံရေး သီးခြားစီခွဲခြားထားသည့် ပါတီဖြစ်သော်လည်း သူသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အီရတ်နိုင်ငံကို ဘာသာရေးပိုမို. ကိုင်းရှိုင်းသည့် လမ်းကြောင်းဆီသို့ တွန်းပို့ရန် ရည်ရွယ်သည့် "ယုံကြည်မှု စည်းရုံးလှုံ့ဆော်ရေး လှုပ်ရှားမှု" တရပ်ကို စတင်ခဲ့သည်။ 

 

ကိုရမ်ကျမ်းစာအုပ် တအုပ်လုံးကို အနီရင့်ရောင် သွေးရည်များဖြင့် အပြည့်အစုံ ရေးသားနိုင်ရန်အတွက် သူသည် ပုံမှန်လို အချိန်ခြား၍ပင် သွေးလှူဒါန်းခဲ့ဖူးသည်။ ဆက်ဒမ်၏ ဘာသာရေးယုံကြည်မှု မည်မျှ စစ်မှန်သနည်းဆိုသည့် အတိုင်းအတာမှာ အငြင်းပွားဖွယ်ရာ အကြောင်းအရာတခု ဖြစ်ခဲ့သည်။

 

သို့သော် ဟတ်ချ်ကမူ ဆက်ဒမ်၏ စိတ်မပါတပါ ဝတ်ပြုဆုတောင်းမှုမှာ စစ်မှန်ခြင်း ရှိ၊ မရှိ တွေးတောရင်း အချိန်ကုန်ခံမနေခဲ့ပေ။ ထိုအစား ဆွန်နီ သူပုန်များသည် ရာထူးမှ ဖြုတ်ချခံထားရသော ၎င်းတို့၏ ခေါင်းဆောင်ကို ကယ်ထုတ်ရန် ကြိုးပမ်းသည့်အနေဖြင့် အခိုင်အမာ ခံတပ်ချထားသော ဂရင်းဇုန် နယ်မြေအတွင်းသို့ တနည်းနည်းဖြင့် ဖောက်ထွင်းဝင်ရောက်လာနိုင်သည် ဟူသော အတွေးမျိုးဖြင့်သာ သူ၏စိတ်အစဉ်မှာ ပူပန်သောက ရောက်နေခဲ့လေသည်။