အခန်း (၁၅)
ကျွန်တော် အခုထိ ဝန်ခံထွက်ဆိုခဲ့သမျှ အများစုသည် တပ်မှူးကြီးနှင့် ကျွန်တော် မမြင်ဖူးသေးသည့် နိုင်ငံရေးမှူးကြီးတို့အတွက်တော့ အစိမ်းသက်သက် ဖြစ်နေ ပါလိမ့်မည်။ ‘အမေရိကန် အိပ်မက်’ ၊ ဟောလိဝုဒ် ယဉ်ကျေးမှု၊ အမေရိကန် ဒီမိုကရေစီ ကျင့်စဉ် အစရှိသည် တို့သည် ကျွန်တော်တို့လို အရှေ့တိုင်းသားများအတွက် အမေရိကသည် အတော်လေး စိတ်ရှုပ်ထွေးစရာ နေရာတခု ဖြစ် နေတတ်သည်။
အနောက်တိုင်းသွေး တဝက်ပါနေသည့် ကျွန်တော့်၏ အခြေအနေက အချစ်ရေးရာ ကိစ္စများ အပါအဝင် အမေရိကန်များ၏ စရိုက်လက္ခဏာ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို နားလည်နိုင်ဖို့ ပင်ကိုသဘောအရ အထောက်အကူ ဖြစ်စေခဲ့ပုံ ရသည်။
နားလည်ထားရမည့် အရေးအကြီးဆုံး အချက်သည်က ကျွန်တော်တို့ဆီမှာ ‘ပိုးပန်းခြင်း’ ဆိုတာ ရှိနေချိန်မှာ အမေရိကန်တွေက ‘ချိန်းတွေ့ခြင်း’ ကို လုပ် နေကြတာ ဖြစ်သည် ဆိုခြင်းပင်။ ဤသည်က အကျိုးအမြတ် ဖြစ်ထွန်းနိုင်ခြေရှိ သော စီးပွားရေး လုပ်ငန်းတခုအတွက် ညှိနှိုင်းဆွေးနွေးကြသလိုမျိုး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကြား နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် အချိန်တခုကို သတ်မှတ်ပြီး တွေ့ဆုံကြသည့် လက်တွေ့ကျ သော ဓလေ့တခု ဖြစ်သည်။
အမေရိကန်များသည် ချိန်းတွေ့ခြင်းဆိုသည်ကို ရေတို သို့မဟုတ် ကလည်း ရေရှည် ရင်းနှီးမြှုပ်နှံမှုများ၊ အကျိုးအမြတ်များ နှင့် သက်ဆိုင်သည်ဟု နားလည်ထားကြသော်လည်း ကျွန်တော်တို့ကတော့ အချစ်ရေးနှင့် ပိုးပန်းခြင်းဆိုတာ ဆုံးရှုံးပေးဆပ်ရမှုများ နှင့်သာ သက်ဆိုင်သည်ဟု မြင်ခဲ့ကြသည်။ အဆုံးစွန် ပြောရရင် တန်ဖိုးရှိလာမည့် ပိုးပန်းခြင်းဆိုသည်က ကိုယ့်၏ အားလပ်ချိန်ကို သိရဖို့ ပြက္ခဒိန်ကို ကြိုတင်လှန်လှော ကြည့်ရမည့် မိန်းမတယောက်ကို ချဉ်းကပ်တာမျိုး မဟုတ်ဘဲ၊ ဘယ်လိုမှ ဖျောင်းဖျနားချလို့ မရနိုင်တဲ့ မိန်းမတယောက်ကို မရရအောင် ကြိုးစားစည်းရုံးရတာမျိုးပဲ ဖြစ်သည်။
လာနာ သည် ပိုးပန်းဖို့ လိုအပ်နေသည့် မိန်းမတယောက်ဆိုတာ သိသာသည်။ ရှေးဦးငှက်ဘီလူးကြီးတွေလို ကြောက်စရာကောင်းသည့် သီလရှင်များ သင်ပေးထား သော လက်ရေးဆက် စာလုံးအလှ များ နှင့် ကျွန်တော့်၏ အချစ်ကို အသနားခံတောင်းပန်ထားသော စာများ သူမ ဆီ ရေးပို့ခဲ့သည်။
ကာရန်နဘေ စည်းဝါးကျမကျ မသေချာပေမဲ့ ရိုးသားမှု အပြည့်ပါတဲ့ ဗီလာနယ်လ် ကဗျာတွေ၊ ဆွန်းနက် ကဗျာတွေနှင့် နှစ်ကြောင်းစပ် ကဗျာတွေ စပ်ဆိုခဲ့သည်။ သူ့ဧည့်ခန်းထဲက မော်ရိုကို ကူရှင်ပေါ် ထိုင်ခွင့်ပေးတဲ့အခါတိုင်း သူ့ ဂစ်တာကို ကောက်ကိုင်ပြီး ဖမ်ဒွေး၊ ထရင်ကောင်းဆွန်း တို့၏ သီချင်းများ နှင့် ပြည်ပရောက် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြားမှာ အသစ်စက်စက် ရေပန်းစားလာသည့် တေးရေးတေးဆို ဒွတ်ဟွေး ၏ သီချင်းများကို ဆိုပြခဲ့သည်။
သူမကတော့ ညှို့အားပြင်းတဲ့ အပ္ပသရာ နတ်သမီးတပါးလို ပဟေဠိဆန်ဆန် အပြုံးတွေ၊ သူမ၏ ဖျော်ဖြေပွဲတွေမှာ ရှေ့ဆုံးတန်းက သီးသန့်နေရာတနေရာနှင့် တပတ်ကို တကြိမ်ထက် ပိုမရသည့် ဆက်လက်တွေ့ဆုံခွင့် အခွင့်အရေးတွေကို ဆုလာဘ်အဖြစ် ပြန်ပေးခဲ့သည်။
အရက်ဆိုင်မှာ ပျင်းရိဖွယ် နေ့လယ်ခင်းတွေ ကုန်ဆုံးရင်း ဘွန် ကို ကျွန်ဝောာ် ပြန်ပြောပြခွင့်ရသည့် အခါတိုင်း စိတ်ထဲမှာ ကျေးဇူးတင်မိသလို ပူလောင်ခံစားနေမိသည်ကလည်း အမှန်ပင် ဖြစ်သည်။ ဘွန်၏ တုံ့ပြန်ပုံကတော့ ထင်ထားသလိုပင် စိတ်ပါဝင်စားမှု လုံးဝမရှိခဲ့။ တနေ့ သူ့၏ ခပ်ပြတ်ပြတ် ပြောတတ်သည့် ပင်ကိုစရိုက်အတိုင်း “ကဲ.. ပြောစမ်းပါဦး အချစ်သူရဲကောင်းရယ်” လို့ ပြောလာသည်။ သူ့အာရုံက ကျွန်တော့်ဆီမှာ တဝက်၊ အသက်အရွယ်ရော ဉာဏ်ရည် (IQ) ပါ ဂဏန်းနှစ်လုံး အနိမ့်ပိုင်းလောက်ပဲ ရှိမည့် ဆယ်ကျော်သက် နှစ်ယောက် ပစ္စည်းတင်စင် လမ်းကြားထဲကို သားပိုက်ကောင်လေးတွေလို တိတ်တဆိတ် ချောင်းဝင်နေတာကို စောင့်ကြည့်နေတာက တဝက် ဖြစ်နေသည်။
“ဗိုလ်ချုပ်ကြီး သိသွားရင် ဘာဖြစ်မလဲ” ဟု ဘွန် က မေးလာသည်။
ဗိုလ်ချုပ်ကြီး နေ့လယ်ပိုင်း ရောက်လာမှာကို စောင့်ရင်း ကျွန်တော် သူနဲ့အတူ ကောင်တာနောက်မှာ ထိုင်နေခဲ့ချိန်ုက ဖြစ်သည်။ “ဗိုလ်ချုပ်ကြီးက ဘာလို့ သိရမှာလဲ” လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ “ဘယ်သူမှ သူ့ကို ပြောမှာ မဟုတ်ဘူး။ လာနာနဲ့ ငါက တနေ့ကျရင် လက်ထပ်ပြီး သူ့ဆီမှာ သွားဝန်ခံမယ်လို့ တွေးရလောက်အောင် စိတ်ကူးယဉ်ဆန်တဲ့သူတွေ မဟုတ်ဘူး”
“ဒါဆို မင်းပြောပြောနေတဲ့ ဒီလောက် ကြိုးစားပိုးပန်း နေတာတွေ၊ မျှော်လင့်ချက်မဲ့ အောင် ခံစားနေရတာတွေက ဘာအတွက်လဲ” လို့ ကျွန်တော် တင်စားပြောခဲ့ဖူးသည့် စကားလုံးများကို ပြန် သုံး ပြီး သူက မေးပြန်သည်။
ကျွန်တော်က “ပိုးပန်းမှုတွေနဲ့ အရဲစွန့်ခဲ့ရတဲ့ မျှော်လင့်ချက်မဲ့မှုတွေဟာ အိမ်ထောင်ရေးနဲ့ပဲ အဆုံးသတ်ရမှာလား။ အချစ်နဲ့ အဆုံးသတ်လို့ မရဘူးလား။ လက်ထပ်ခြင်းက အချစ်နဲ့ ဘာဆိုင်လို့လဲ” လို့ ပြန်မေးလိုက်သည်။
သူ က နှာခေါင်းရှုံ့လိုက်သည်။ “ဘုရားသခင်က ငါတို့ကို လက်ထပ်ဖို့ ဖန်ဆင်းထားတာကွ။ အချစ်ဆိုတာ လက်ထပ်ခြင်းနဲ့ အရာရာ ဆက်စပ်နေတယ်”
ဖန်တားဆီရား ကလပ်မှာ လို သူ စိတ်ထိခိုက်ပြီး ပြိုလဲသွားတော့မလားလို့ ကျွန်တော် တွေးမိလိုက် သေး သော်လည်း ဒီနေ့လယ်ခင်းမှာတော့ အချစ်၊ အိမ်ထောင်ရေးနှင့် သေခြင်းတရားအကြောင်း ဆွေးနွေးနေခြင်းက သူ့အပေါ် ဘာသက်ရောက်မှုမှ ရှိပုံမပေါ်။ ဆိုင်နောက်ဘက် ထောင့်မှာ ချိတ်ဆွဲထားသည့် ခုံးနေသည့် ကြည့်မှန်ဝိုင်းကြီးဆီကိုပဲ သူ အာရုံစိုက်နေလို့ ဖြစ် လိမ့်မည်။ မျက်လုံးတလုံးတည်း ရှိသလို ဖြစ်နေသည့် မှန်ဝိုင်းကြီးထဲတွင်တော့ ဆယ်ကျော်သက် နှစ်ယောက်သည် ပယင်းရောင် ဘီယာပုလင်းပေါ် ကျရောက်နေတဲ့ မီးချောင်းအလင်းပြန်မှုကို ငေးမောရင်း အေးစက်နေသည့် ဘီယာများကို အာသာငမ်းငမ်းနှင့် စိုက်ကြည့်နေကြသည်ကို မြင်နေရသည်။
“အိမ်ထောင်ရေးဆိုတာ ကျွန်ပြုတာပဲ” လို့ ကျွန်တော် ပြောလိုက်သည်။ “ပြီးတော့ ဘုရားသခင်က ငါတို့ကို လူသားအဖြစ် ဖန်ဆင်းခဲ့တုန်းက — ဘုရားသခင်သာ တကယ်ရှိခဲ့ရင်ပေါ့လေ — တယောက်ကိုတယောက် ကျွန်ပြုဖို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး”
"ငါတို့ကို လူသားအဖြစ် ရောက် စေတာ ဘာလဲဆိုတာ မင်းသိလား။”
ကြည့်မှန်ထဲတွင် တော့ စောစောက နှစ်ယောက်ထဲမှ အရပ်ပိုပု ပုံ ရသည့် တယောက်က ဘီယာပုလင်းတလုံးကို သူ့အိတ်ကပ်ထဲ လျှိုသွင်းလိုက်သည်။
ဘွန်းက စိတ်ပျက်လက်ပျက် သက်ပြင်းတချက် ချလိုက်ရင်း ငွေရှင်းကောင်တာ အောက်က ဘေ့စ်ဘောရိုက်တံဆီ လက်လှမ်းလိုက်သည်။
“ငါတို့ကို လူသား အဖြစ် ရောက်စေတဲ့ အရာကတော့ ဒီကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်စောက်ကျိုးနည်းအောင် လုပ်နိုင်တဲ့ တခုတည်းသော သတ္တဝါတွေ ဖြစ်နေတာပဲကွ။"
ထိုအချက်ကို သိမ်သိမ်မွေ့မွေ့ ရှင်းပြလို့ ရနိုင် သော်လည်း သူသည် ထိုသို့ သိမ်မွေ့နူးညံ့စွာ ပြောဆိုရမည် ဆိုသည်ကို ဘယ်တုန်းကမှ စိတ်ဝင်စားခဲ့တဲ့သူ မဟုတ် ပေ။ ဆိုင်ထဲက ပစ္စည်းခိုးသူများကို အကျီထဲ ဖွက်ယူထားသည့် ပစ္စည်းများ ပြန်ထုတ်ပေးပြီး ခွင့်လွှတ်ဖို့ ဒူးထောက် တောင်းပန်လာသည်အထိ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ရသည်ကိုသာ သူ က ပို စိတ်ဝင်စားသည်။ ဘွန် သည် ကျွန်တော်တို့ သင်ကြားခံခဲ့ရသည့် နည်းလမ်းအတိုင်း သူတို့ကို ပြန်သင်ပေးနေခြင်းသာ ဖြစ်သည်။
ကျွန်တော်တို့ ဆရာတွေက အမေရိကန်တွေ စွန့်လွှတ်လိုက်ပြီဖြစ်တဲ့ ကိုယ်ထိလက်ရောက် အပြစ်ပေးဆုံးမမှုကို အခိုင်အမာ ယုံကြည်ကြသူများ ဖြစ်သည်။ ဤသည်ကလည်း အမေရိကန်တွေ စစ်ပွဲတွေကို အနိုင်မတိုက်နိုင်တော့သည့် အကြောင်းရင်းတခု ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျွန်တော်တို့အတွက်တော့ အကြမ်းဖက်မှုဆိုတာ အိမ်မှာ စတင်ပြီး ကျောင်းမှာပင် ဆက်လက် ရှိနေခဲ့သည်။ မိဘများ နှင့် ဆရာများက ကလေးတွေ၊ ကျောင်းသားတွေကို ပေါ့ဆမှုနှင့် ထုံထိုင်းမှုဆိုသည် များကို ဖုန်မှုန့်တွေ ခါထုတ်ပစ်ပြီး ပိုလှပလာစေဖို့အတွက် ပါရှားကော်ဇောကြီးများကို ရိုက်ခါသလိုမျိုး ရိုက်နှက်ဆုံးမကြသည်။
ကျွန်တော့်အဖေလည်း အတူတူပင် ဖြစ်သည်။ သူက တခြားသူအများစုထက် စိတ်ဓာတ်ပိုမြင့်မြတ်ဟန် ပြတတ်ရုံသာ ရှိပြီး၊ ကျွန်တော်တို့၏ သနားစရာ လက်ဆစ်လေးများ၊ အညိုအမည်းစွဲသွားသည်အထိ ပတ္တလားခေါက်သလို ပေတံနှင့် ခေါက်ပြီး ဆုံးမတတ်သူ ဖြစ်သည်။ တခါတလေ ကျွန်တော်တို့ အရိုက်ခံသင့်လို့ အရိုက်ခံရတာ ရှိသလို၊ အရိုက်မခံသင့်ဘဲ ခံရတာမျိူးလည်း ရှိသည်။
နောက်ပိုင်း ကျွန်တော်တို့မှာ အပြစ်မရှိကြောင်း သက်သေပေါ်လာသည့် အခါမျိုးတွင်လည်း အဖေသည် နောင်တရသည့် အရိပ်အယောင် တခါမှ မပြခဲ့။ သူ့ အမြင်တွင်တော့ လူတိုင်းသည် အာဒံနှင့် ဧဝ ကျူးလွန်ခဲ့သည့် မူလအပြစ် နှင့် မကင်းကြသည့် အတွက် မှားယွင်းပေးမိသော အပြစ်ဒဏ်သည်လည်း တနည်းတဖုံအားဖြင့်တော့ တရားမျှတမှု ရှိနေသည်။