အမေသည် အိမ်မက်ထဲတွင်ပင် မြို့ဆီသို့သွားသော လမ်းဘေးရှိ သဲ ကုန်းကမူ ကို ကျော် လာပြီးနောက်၊ နဖူးပေါ်သို့ လက်တင်ကာ သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။ ကောင်းကင်ပြင်နောက်ခံတွင် သားဖြစ်သူ၏ ရုပ်ပုံသဏ္ဌာန်သည် ထင်ရှားပြတ်သားစွာ ပေါ်လွင်နေ၏။ သူမသည် သားဖြစ်သူထံသို့ သွားသင့် မသွားသင့် ဝေခွဲမရ ဖြစ် နေသည်။ အကြောင်းမှာ သူမတွင် ကိုယ်ဝန်ရှိနေသဖြင့် ရှက်ရွံ့နေခဲ့သောကြောင့်တည်း။ ထို့အပြင် သူမ၏လက်ထဲတွင်လည်း နို့စို့ကလေးငယ်တစ်ဦးကို ပွေ့ချီထားသေးသည်။
သူမသည် ဆက်၍ လျှောက်သွားခဲ့သည်။ ကွင်းပြင်ထဲတွင် ကလေးငယ်များ ဘောလုံးကစားနေကြသည်။ ကလေးငယ်များစွာရှိကြပြီး ဘောလုံးမှာ အနီရောင်ဖြစ်သည်။ လက်ထဲမှ နို့စို့ကလေးငယ်သည် ကစားနေကြသော ကလေးများဆီသို့ သွားချင်၍ ရှေ့သို့ရုန်းထွက်ကာ ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။ ထို့ကြောင့် သူမသည် ကလေးအား နို့တိုက်ပြီးနောက် ပြန်လှည့်လာခဲ့သည်။
ထိုအချိန်တွင် စစ်သားများသည် ကုန်းကမူ ပေါ်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး သူမကို သေနတ်၊ ဓားစွပ်များဖြင့် ထိုးဆွရန် ချိန်ရွယ်ထားကြသည်။ သူမသည် ကွင်းပြင်အလယ်တွင် တည်ရှိနေသော ဘုရားကျောင်းဆီသို့ အပြေးအလွှား သွားခဲ့သည်။
ဘုရား ကျောင်းသည် တိမ်တိုက်များဖြင့် တည်ဆောက်ထားသကဲ့သို့ ထင်ရပြီး အလွန်အမင်း မြင့်မားကာ ဖြူစင်လင်းလက်နေသည်။ ထိုနေရာတွင် နာရေးသဂြိုဟ်သည့် အခမ်းအနားတစ်ခု ကျင်းပနေသည်။ ခေါင်းတလားမှာ ကျယ်ပြန့်၍ အနက်ရောင်ဖြစ်ကာ အဖုံးကို တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားသည်။ ဘုန်းတော်ကြီးနှင့် သာမဏေ များ သည် အဖြူရောင် ဝတ်ရုံရှည်များကို ဝတ်ဆင်ကာ "ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူပြီ" ဟု သီဆိုပူဇော်နေကြလေသည်။
သာမဏေ တဦးက က အမွှေးတိုင် အိုး ကိုင်လာပြီး သူမကို ဦးညွှတ်ကာ ပြုံးပြလိုက်သည်။ သူ၏ ဆံပင်မှာ ထင်းနေအောင် နီရဲနေပြီး မျက်နှာမှာ ဆာမွိုင်းလော့ ကဲ့သို့ ရွှင်ပျနေ၏။ ဘုရားကျောင်းခုံးအမိုးထိပ်မှ ကျယ်ပြန့်သော နေရောင်ခြည်တန်းများသည် မြေပြင်ပေါ်သို့ သက်ဆင်းလာသည်။ ကလေးငယ်များက "ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူပြီ" ဟု တိုးညင်းစွာ သီဆိုနေကြသည်။
ကျောင်းထိုင် ဆရာတော်က ရုတ်တရက် ဘုရားကျောင်းအလယ်တွင် ထရပ်လိုက်ပြီး "သူတို့ကို ဖမ်းကြ!" ဟု အော်လိုက်လေသည်။ သူ၏ ဝတ်ရုံများမှာ ပျောက်ကွယ်သွားပြီး မျက်နှာပေါ်တွင် မီးခိုးရောင် အမွှေးထူထူ မုတ်ဆိတ်မွှေးကြီး ပေါ်လာသည်။ လူအများစုမှာ ထွက်ပြေကြပြီး စောစောက သာမဏေ သည်လည်း အမွှေးတိုင်အိုးကို လွှင့်ပစ်ကာ ရှေ့သို့ပြေးထွက်သွားပြီး ယူကရိန်း လူမျိုးကဲ့သို့ သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။
အမေလည်း လက်တွင် ချီလာ သော ကလေးငယ်ကို လူများ၏ ခြေရင်း မြေပြင် ပေါ် ချပစ်လိုက်သည်။ လူများသည် အမေ ဘက်သို့ ပြေးလာကြပြီး ကိုယ်တုံးလုံး နှင့် ကလေးငယ်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။ သူမသည် ဒူးထောက်ချလိုက်ပြီး "ကလေးကို မစွန့်ပစ်ကြပါနဲ့! ရှင်တို့နဲ့အတူ ခေါ်သွားကြပါ!" ဟု အော်ဟစ်တောင်းပန်လေတော့သည်။
ခရစ်တော် သေခြင်းမှ ထမြောက်တော်မူပြီတကားဟု ယူကရိန်း သာမဏေ လေး က လက်နှစ်ဖက်ကို နောက်ပစ်ကာ အပြုံးနှင့် သီဆိုလေ၏။ သူသည် အောက်သို့ငုံ့ကာ ကလေးငယ်ကိုချီပိုးပြီး,သစ်သားများတင်ဆောင်ထားသော လှည်းပေါ်သို့ တင်ပေးလိုက်သည်။ ထိုလှည်းဘေးတွင် နီကိုလိုင်းက ရယ်မောရင်း ဖြည်းညင်းစွာ လျှောက်လာနေ၏။
ထို့နောက် သူက - "သူတို့က ငါ့ကို ပင်ပန်း အောင် လုပ်နေကြပြီ " ဟု ဆိုလေ၏။
လမ်းမကြီးမှာ ဗွက်များ ထူ ပြော နေပြီး လမ်း တ လျှောက် တွင် လူ များ သည် အိမ်ပြတင်းပေါက်များမှ လေချွန်ကြ၊ အော်ဟစ်ကြ၊ လက်ပြ နေကြလေသည်။ ထိုနေ့သည် ရာသီဥတု သာယာကြည်လင်၍ နေမင်းကြီးလည်း တလက်လက် ထွန်းလင်းတောက်ပနေကာ အရိပ်မည်းကျနေသည့် နေရာဟူ၍ တနေရာမျှပင် မတွေ့ရပေ။
"သီချင်းဆိုပါဦး၊ အမေ!" ဟု ယူကရိန်း လေးက ပြောပြီး "ဟောဗျာ၊ ဘယ်လိုဘဝကြီးလဲ!" ဟု ဆိုကာ ရယ်သံ တဝက် နှောကာ အခြားသော အသံအားလုံးကို လွှမ်းသွားအောင် သီဆိုလေသည်။ အမေက သူ၏နောက်မှ လိုက်လာရင်း "သူ ငါ့ကို ဘာလို့ နောက်ပြောင်နေတာပါလိမ့်" ဟု ညည်းတွားနေမိ၏။
သို့ရာတွင် ရုတ်တရက် သူမသည် ခြေချော်ကာ အဆုံးအစမဲ့သော ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားလေသည်။ သူမ ပြုတ်ကျဆင်းသွားစဉ် ကြောက်မက်ဖွယ် အော်သံကြီးများကို ကြားလိုက်ရ၏။ သူမသည် တုန်ယင်လျက်၊ ချွေးများ ပျံလျက်နှင့် နိုးထလာခဲ့သည်။ သူမသည် မိမိရင်ဘတ်ဆီသို့ နားစွင့်ကြည့်လိုက်မိရာ၊ ထိုနေရာတွင် ဟာတာတာကြီး ဖြစ်နေသည်ကို သိလိုက်ရ၍ အံ့ဩမိလေသည်။
စက်ရုံမှ စူးရှရှ ဖြင့် ဥဩ ဆွဲသံ ကို ကြားလိုက်ရသဖြင့် ဒုတိယအကြိမ် ခေါ်သံပင် ဖြစ်နေပြီ ဆိုသည်ကို သူမ သိလိုက်ရသည်။ အခန်းတွင်း၌ အရာရာသည် ရှုပ်ပွလျက် ရှိသည်။ စာအုပ်များနှင့် အဝတ်အစားများမှာ ပြန့်ကြဲနေပြီး အရာရာတိုင်း ရှုပ်ထွေးကုန်ကာ ကြမ်းပြင်ပေါ်တွင်လည်း ဖိနပ်များ မှ ကျန်ခဲ့သော အညစ်အကြေးများ ပေကျံ နေ လေသည်။ သူမ ထရပ်လိုက်ပြီးလျှင် မျက်နှာပင် မသစ်တော့၊ ဘုရားလည်း ဝတ်ပြု မနေတော့ဘဲ အခန်းကို ပြန်၍ သပ်သပ်ရပ်ရပ် ဖြစ်အောင် စတင် ရှင်းလင်းတော့သည်။
မီးဖိုချောင်ထဲတွင် အနီရောင်အဝတ်စ တပ်ထားသည့် တုတ်ချောင်းကို သူမ မြင်သွားသည်။ သူမသည် စိတ်တိုတိုဖြင့် ယင်းကို ဆွဲယူကာ မီးဖိုအောက်သို့ ပစ်ချရန် ကြံရွယ်လိုက်သော်လည်း ရုတ်တရက် သက်ပြင်းတချက်ချလျက် တိုင်မှ အလံစကို ဖြုတ်ယူလိုက်ကာ သေသေသပ်သပ် ခေါက်၍ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် အေးစက်နေသော ရေဖြင့် ပြတင်းပေါက်များကို စတင်ဆေးကြောပြီးလျှင် ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်သည်၊ နောက်ဆုံးတွင် မိမိကိုယ်ကို သန့်စင်လိုက်ပြီးမှ အဝတ်အစားများ ဝတ်ဆင်ကာ ရေနွေးအိုး တည်လေသည်။ သူမသည် မီးဖိုချောင်ရှိ ပြတင်းပေါက်နားတွင် ထိုင်ချလိုက်ရင်း "အခု ဘာဆက်လုပ်ရမလဲ။ ငါ ဘာလုပ်ရတော့မှာလဲ" ဟူသော မေးခွန်းက သူမထံသို့ တဖန် ပြန်လည်ရောက်ရှိလာတော့သည်။
ဘုရား မပူဇော် ရသေးကြောင်း သတိရသွားသဖြင့် ရုပ်ပုံတော်များဆီသို့ လျှောက်သွားခဲ့သည်။ ရုပ်ပုံတော်ရှေ့တွင် စက္ကန့်အနည်းငယ်မျှ ရပ်နေပြီးနောက် သူသည် တဖန်ပြန်၍ ထိုင်ချလိုက်သည်။ သူ၏ရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေ၏။ "ငါ ပန်းတိုင်ကို ရောက်ရမယ်! ငါ ပန်းတိုင်ကို ရောက်ရမယ်!" ဟု ဟိန်းထွက်နေသကဲ့သို့ အားမာန်အပြည့်ဖြင့် အမြဲတမ်း တုန်ခါနေကျဖြစ်သော နာရီလက်တံ ချိန်သီး၏ အရှိန်သည် အနည်းငယ် လျော့ကျသွားသ ယောင် ရှိသည်။ ယင်ကောင်များသည်လည်း တစုံတခု ကြံစီရန် စဉ်းစားနေကြဟန်ဖြင့် တိုးညှင်းစွာ ဝဲပျံလျက် ရှိကြ၏။
သူမသည် အပျိုဖော် ဝင်စ က မြင်ဖူးခဲ့သော ပုံရိပ်တခုကို ရုတ်တရက် သတိရလာသည်။ ဇန်ဆယ်လိုဗ် တို့၏ ရှေးဟောင်းဥယျာဉ်တော်ကြီးထဲတွင် ရေပန်းများ၊ ရေမှော်များနှင့် ကြာပန်းတို့ ထူထပ် ဖုံးလွှမ်းနေသော ရေကန်ကြီးတကန် ရှိသည်။ ဆောင်းဦးပေါက် မိုးအုံ့ပြီး လေအေးများ တိုက်ခတ်ကာ တိမ်များ အုံ့ဆိုင်း နေသော နေ့တနေ့တွင် သူမသည် ထိုကန်စပ်အတိုင်း လမ်းလျှောက်ရင်း ကန်အလယ်တွင် လှေတစင်းကို မြင်ခဲ့ရဖူးသည်။
ကန်ရေပြင်မှာ မှောင်မိုက်၍ ငြိမ်သက်နေပြီး လှေမှာ ရေညှိဖုံးနေကာ အဝါရောင် သစ်ရွက်ကြွေများဖြင့် ပြည့်နှက်နေသည့် မည်းမှောင်သော ရေပြင်ပေါ်တွင် ကပ်နေသကဲ့သို့ ရှိနေသည်။ လှော်တက်လည်းမပါ၊ လှော်သမားလည်းမပါဘဲ မှိုင်းညို့နေသော ရေပြင်ထက်၊ သစ်ရွက်သေများကြားတွင် တကိုယ်တည်း ငြိမ်သက်စွာ ရပ်တည်နေသော ထိုလှေဆီမှ အလွန်အမင်း ရင်နာဖွယ် ဝမ်းနည်းကြေကွဲမှုများနှင့် ဘေးဥပဒ်ဆိုး ကျရောက်တော့မည့် ဝေဝါးသော ခံစားချက်တို့သည် လွှင့်ပျံ့လာနေခဲ့သည်။ မိခင်ဖြစ်သူသည် ကန်စပ်တွင် အချိန်အကြာကြီး ရပ်ကာ ထိုလှေကို ကမ်းစပ်မှ မည်သူက တွန်းလွှတ်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း ဟူ၍ တွေးတောနေခဲ့မိသည်။
ယခုအခါတွင်မူ သူမကိုယ်တိုင်သည်လည်း ထိုစဉ်က သေဆုံးသူကို စောင့်ဆိုင်းနေသည့် ခေါင်းတလားတခုနှင့် တူသည်ဟု ထင်ခဲ့သော ထိုလှေ အတိုင်း ဖြစ် နေပြီ ဟု သူမ ခံစားလာရသည်။ ထိုနေ့၏ ညနေပိုင်းတွင်ပင် —ဆံပင် ဖါးလျား နှင့် အမြဲလို ခြေလှမ်းသွက်သွက်ဖြင့် လျှောက်တတ်သော ဇန်ဆယ်လိုဗ်၏ စာရေးများ ထဲမှ တဦး ဖြစ်သူ၏ ဇနီးသယ် မိန်းမငယ်လေးတဦးသည် ထိုကန်ထဲတွင် ရေနစ်သေဆုံးသွားခဲ့ကြောင်း သူမ သိရှိခဲ့ရလေသည်။