ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(57)

by Hla Soewai - Nov 16 2026

၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်

ဘရာဇီးနိုင်ငံ၊ ဆော ပေါလိုမြို့၊ညနေခင်း

 

ထောင်ချောက် က ဆင်ပြီးသွားလေပြီ။ 

 

အသက် ၅၉ နှစ်အရွယ် ဖရန်ဇ် စတန်ဂယ် အတွက်မူ အလုပ်ချိန် ပြီးတိုင်း ရပ်ကွက်တွင်းရှိ အရက်ဆိုင်ငယ်လေးတခုတွင် အငယ်ဆုံးသမီးဖြစ်သူနှင့်အတူ ဘီယာအတူသောက်သုံးခြင်းသည် က သူ၏ တနေ့တာ အပန်းဖြေရာ ပျှော်ရွှင်မှု တခုလည်း ဖြစ်သည်။ စစ်ပွဲပြီးနောက်ပိုင်း တောင်အမေရိကသို့ ပြောင်းရွှေ့အခြေချခဲ့ကြသော ဂျာမန် အများစုကဲ့သို့ပင် စတန် ဂယ် မိသားစုသည်လည်း မိခင်နိုင်ငံနှင့် အဆက်အသွယ်ရှိသော ကုမ္ပဏီတခုတွင် အလုပ်လုပ်ကိုင်ကြသည်။ 

 

ဖရန်ဇ်နှင့် အီဆိုလ်ဒီ တို့ သားအဖသည် ဗော့ဖ်ဝါဂန် ကုမ္ပဏီတွင် အလုပ်လုပ်ကြသည်။ ဖရန့်ဇ်၏ ဇနီး ဖြစ်သူ ထရီစာသည်လည်း ဒေသတွင်းရှိ မာစီးဒီးဇ်-ဘင်းဇ် စက်ရုံတွင်အကြီးတန်း စာရင်းကိုင်များထဲမှ တဦး ဖြစ်ပေသည်။ ခင်ပွန်းဖြစ်သူအား သူမ၏ အလယ်နာမည်ဖြစ်သော "ပေါလ်" ဟုသာ ခေါ်လေ့ရှိသည်။

 

စတန်ဂယ်သည် မိတ်‌ ဟောင်း ဆွေဟောင်းကြီး ဖြစ်သူ အဒေါ့ဖ် အိုက်ခမန်းကဲ့သို့ ဆင်းရဲမွဲတေစွာ နေထိုင်ရသူ မဟုတ်ပေ။ စတန်ဂယ်နှင့် သူ၏မိသားစုသည် ဆော ပေါလိုမြို့ရှိ လူကုံထံရပ်ကွက်တခုတွင် အခြေချနေထိုင်ကြသည်။ သူပိုင်ဆိုင်သော မော်တော်ကားဖြင့် သမီးဖြစ်သူနှင့် အတူနေ့စဉ် ကီလိုမီတာ ဆယ့်ငါးမိုင်ခန့် ကွာဝေးသော ဗော့ဖ်ဝါဂန်စက်ရုံသို့ အလုပ်ဆင်းကြသည်။ ရေခဲစိမ် ဘီယာအေးအေးလေးများကို သောက်သုံးရင်း အသက်နှစ်ဆယ်ကျော်အရွယ် သမီးဖြစ်သူ အီဆိုလ်ဒီနှင့် အချိန်ဖြုန်းရခြင်းသည် သူ၏ အပန်းဖြေစရာ အကောင်းဆုံး အချိန်အခါတခုပင် ဖြစ်သည်။ 

 

အလုပ်မှအပြန်တွင် နှစ်ဦးသား အိမ်ရှေ့သို့ ကားမောင်းဝင်လာကြပြီး အိမ်တွင်း၌ ထမင်းဟင်းပူပူနွေးနွေးဖြင့် ဇနီး ဖြစ်သူ ထရီဆာ စောင့်ကြိုနေမည် ဖြစ်သည်။

 

သို့သော် ထို နေ့တွင်တော့ စတန်ဂယ်သည် တခုခု မူမမှန်တော့ဟု ချက်ခြင်းလို သံသယ ရှိသွားခဲ့သည်။ ကားတံခါးကို ဖွင့်လိုက်သည်နှင့် သူသည် ခြေသံများကို ကြားလိုက်ရပြီး တချိန်တည်းမှာပင် တောင့်တင်းသန်မာသော လက်အစုံက သူ့ကို ရုတ်တရက် ဆွဲကိုင်ကာ လမ်းမပေါ်သို့ တွန်းပစ်လိုက်သည်။ အီဆိုလ်ဒီလည်း ကားပေါ်မှ အတင်းဆွဲထုတ် ခံလိုက်ရပြီး၊ တိုက်ခိုက်သူများက သူမကိုမူ လျစ်လျူရှုထားခဲ့ကြသည် — လမ်းဘေးသို့ လဲကျသွားသော အီ‌ဆိုလ်ဒီ၏ ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေသံ ထွက်ပေါ်လာသည်။

 

ဖရန့်ဇ် စတန် ဂယ်သည် ပြန်လည်ခုခံရန် ကြိုးစားခဲ့သည်။ ငယ်စဉ်က မေးရိုး လေးထောင့်နှင့် ထည်ဝါ ခန့်ညားသော ခန္ဓာကိုယ်ပိုင်ရှင်၊ သန်မာသူတဦး ဖြစ်ခဲ့သော်လည်း လွန်ခဲ့သောနှစ်က သေလုမျောပါး နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရဖူးသည်။ ထို့ကြောင့် အသက်အရွယ်ရနေပြီဖြစ်သော ထိုနာဇီဟောင်းမှာ မြေပြင်ပေါ်သို့ အလွယ်တကူပင် တက်ဖိ ချုပ်နှောင် ခံလိုက်ရသည်။ သူ၏လက်များကို နောက်ကျောသို့ ဆွဲယူလိုက်ပြီးနောက် လက်ကောက်ဝတ်ကို သံမဏိလက်ထိပ်များ ဖြင့် တင်းကျပ်စွာ ခတ် ခံလိုက် သည်ကို သိလိုက်ရသည်။

 

အိမ်ထဲတွင်မူ ထရီဆာ စတန်ဂယ် သည် အပြင်ဖက်မှ အော်ဟစ်သံများနှင့် သမီးဖြစ်သူ၏ အော်သံကို ကြားလိုက်ရသည်။ ယခုအခါတွင် သူမ အဖို့ ကြည့်နေရုံမှအပ ဘာမှမတတ်နိုင်ဘဲ ခင်ပွန်းဖြစ်သူမှာ အဖြူ နှင့် အနက်ရောင် ဗော့ဖ်ဝါဂန် ရဲကားနောက်ဖုံးအတွင်းသို့ တွန်းပို့ခံရပြီး မောင်းနှင်ထွက်ခွာသွားသည်ကို သာ တွေ့မြင်လိုက်ရသည်။

 

ဆန်းကြယ်သည်မှာ ထိုအချိန်တွင် ဖရန့်ဇ် စတန်ဂယ်အတွက် ထိတ်လန့်တုန်လှုပ်မှု မရှိခဲ့ခြင်းပင်။ "ကျနော် မအံ့ဩပါဘူး၊ ဒီနေ့ဒီချိန် ရောက်လာမယ်လို့ အမြဲတမ်း မျှော်လင့်ထားပြီးသားပါ" ဟု သူက နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ အစ္စရေးတို့ အိုက်ချ်မန်း ကို ပြစ်ဒဏ်စီရင်ခဲ့စဉ်ကတည်းက စတန်ဂယ်လ်သည် ထိုသို့‌ သော နေ့ရက် ရောက်ရှိလာမည်ကို တွေးကာ စိုးရိမ်ကြောက်လန့် နေခဲ့ပြီး ဖြစ်သည်။

 

ထရက်ဘလင်ကာ နှင့် ဆိုဘီဘော် လူသတ်အကျဉ်းစခန်းများ၏ စခန်းမှူးဟောင်းဖြစ်သူ ဩစတြီးယားနိုင်ငံသား ဖရန့်ဇ် စတန်ဂဲလ် သည် ဂျူးလူမျိုး ကိုးသိန်းခန့် သေဆုံးခဲ့ရမှုတွင် ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။

 

ထရက်ဘလင်ကာစခန်းကို ကွပ်ကဲအုပ်ချုပ်စဉ်က သူအသုံးပြုခဲ့သော နည်းလမ်းများသည် ယနေ့အခါ ကမ္ဘာတဝန်းတွင် လူသိများနေပြီဖြစ်သည်။ အကြောင်းမှာ ထိုစခန်းမှ အသက်ရှင်လွတ်မြောက်လာသူ ကယ်လ်မန် တေဂ်မန် က အိုက်ခ်မန်း တရားခွင်တွင် ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို သက်သေထွက်ဆိုခဲ့သောကြောင့် ဖြစ်သည်။

 

အစပိုင်းတွင် စတန်ဂဲလ်သည် ၎င်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေရသော နေ့စဉ်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စိတ်ထဲတွင် လက်ခံနိုင်ခြင်းမရှိခဲ့ပေ။ ညအိပ်ရာဝင်ခါနီးတိုင်း အိပ်ပျော်နိုင်ရန် ဘရန်ဒီအရက်တခွက် မဖြစ်မနေ သောက်ရသည်။ သို့သော် ထိုအလုပ်ကို စတင်လုပ်ကိုင်ပြီး လအနည်းငယ်ကြာလာသောအခါ သူ၏စိတ်နေ သဘောထား ပြောင်းလဲသွားခဲ့သည်။ 

 

စတန်ဂဲလ်သည် ဂျူးလူမျိုးများကို လူသားများအဖြစ် မမြင်တော့ဘဲ “ကုန်ပစ္စည်းများ” သက်သက်အဖြစ်သာ သဘောထားလာခဲ့သည်။ ထို့ပြင် သေဆုံးရတော့မည့်အခြေအနေသို့ ဦးတည်သွားနေကြသည့် ထိုလူများ၏ မျက်လုံးများထဲတွင် တွေ့မြင်ရသော ကြီးမားလှသည့် ယုံကြည်မှုကိုပင် သူ အံ့ဩမိကြောင်း ပြောခဲ့သည်။

 

နောက်ပိုင်းတွင် သတင်းထောက်တဦးအား သူက အောက်ပါအတိုင်း ပြောပြခဲ့သည်။

“သူတို့ကို တဦးချင်းစီ သီးခြားလူသားတွေအဖြစ် ကျွန်တော် တွေးခဲ့ဖူးတာ ရှားပါတယ်။ ကျွန်တော့်မျက်စိထဲမှာတော့ အမြဲတမ်း လူအုပ်ကြီးတအုပ်လိုပဲ မြင်ခဲ့ရတာပါ။

 

တခါတလေ ကျွန်တော်ဟာ စခန်းရဲ့ အုတ်တံတိုင်း ပေါ်မှာ ရပ်မိတဲ့အခါ သူတို့ကို ကျဉ်းမြောင်းတဲ့ လမ်းကျဉ်း ထဲမှာ တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဘယ်လိုရှင်းပြရမလဲ မသိဘူး။ သူတို့ဟာ အဝတ်အစားမရှိဘဲ ကိုယ်လုံးတီးနဲ့၊ တယောက်နဲ့တယောက် ပူးကပ်ညှပ်သိပ်နေကြပြီး ပြေးလွှားနေရတယ်။ ကြာပွတ်တွေနဲ့ ရိုက်နှက်မောင်းနှင်ခံနေရတာပေါ့။

 

ဒါဟာ စနစ်ကြီးတခုပါပဲ။ အဲဒီစနစ်ဟာ အလုပ်ဖြစ်ခဲ့တယ်။ အလုပ်ဖြစ်နေခဲ့တဲ့အတွက်လည်း အဲဒီစနစ်ကို ပြန်ပြောင်းပစ်ဖို့ မဖြစ်နိုင်တော့ဘူး။”

 

ရဲကား၏ နောက်ခန်း တွင် ပူးကပ်ကျပ်ညှပ်စွာ ထိုင်နေရစဉ် စတန်းဂဲလ် က သူ့အား ဘရာဇီးလ်ရဲများအဖြစ် ရုပ်ဖျက်ထားကြသည့် မော့ဆက် အေးဂျင့်များ၏ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပြီဟု သိလိုက်သည်။ သူတို့၏ ယူနီဖောင်းများမှသည် ပြောဆိုသည့် ပေါ်တူဂီဘာသာစကားအထိ အရာရာတိုင်းမှာ အပြစ်ဆိုဖွယ်မရှိအောင် ရဲအရာရှိ အစစ်များ လို ဖြစ်နေသည်။

 

ဖရန်ဇ် စတန်းဂဲလ် မှာ လွန်စွာ ထိတ်လန့်တုန်လှုပ်လာမိ၏။ အထူးသဖြင့် အိုက်ခမန်း ၏ အဖြစ်အပျက် ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်းတွင်ပင် ဘရာဇီးလ်၌ သူ၏ အမည်ရင်းဖြင့် ဆက်လက်နေထိုင်ခဲ့ခြင်းမှာ မိုက်မဲလှသည့် လုပ်ရပ်ဖြစ်ကြောင်း သူ သဘောပေါက် သွားသည်။ 

 

ဩစတီ ယားရှိ အမျိုးများထံတွင်ပင် စတန်းဂယ်လ်၏ လိပ်စာ ရှိနေကြသည်။ စစ်အတွင်းက သူ လုပ်ခဲ့သည်များ နှင့် ပတ်သက်၍ သူ၏ဇနီးဖြစ်သူကိုပင် မည်သည့်အခါမျှ အမှန် အတိုင်း ထုတ်ဖော်ပြော ဆို ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူ၏ နာဇီအမည်ကို ပြောင်းလဲလိုက်ပါက ဇနီးဖြစ်သူ ထရီးဆာ မှ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ မေးခွန်းများစွာ မေးမြန်းလာမည်ကို စိုးရိမ် နေခဲ့၍ ဖြစ်သည်။

 

ယခုတော့ စတန်းဂယ် က သူ့အမှားအတွက် နောင်တရနေပြီ ဖြစ်သညိ။ ဗို့စ်ဝဂ္ဂန် ကင်းလှည့်ကားက အရှိန်လျှော့ပြီး ဆောပိုလို ပြည်သူ့လုံခြုံရေးရုံးထဲကို ကွေ့ဝင်လိုက်ချိန်မှာတော့ ဇဝေဇဝါ ဖြစ်သွားခဲ့၏။ မော့ဆက် အဖွဲ့သာ ဆိုက အစ္စရေးကို လိုလားထောက်ခံမှုမရှိသည့် ဘရာဇီး ဖက်ဒရယ်ရဲတပ်ဖွဲ့ဆီ သူ့ကို ဘယ်တော့မှ မောင်းပို့မည်မဟုတ်ပေ။ အခုအချိန်မှာ ဖရန့်ဇ် စတန်းဂယ် သည် ရိုးရှင်းသော မေးခွန်းတခု၏ အဖြေကို အလွန်ပင် သိချင်နေခဲ့သည်— သူ့ကို ဘယ်သူ ဖမ်းဆီးလိုက်တာလဲ။

******************

 

မော့ဆက်ညွှန်ကြားရေးမှူး အစ်ဆာ ဟာရယ် ကို အခြားသူများထက် ပို၍ စိတ်အနှောင့်အယှက်ဖြစ်စေသော လူတယောက် ကမ္ဘာပေါ်မှာ ရှိခဲ့လျှင် ထိုသူမှာ ဩစတြီးယားတွင် နေထိုင်သည့် အသက် ၅၉ နှစ်အရွယ် သေမင်းတမန်စခန်းမှ လွတ်မြောက်လာသူ ဆိုင်မွန် ဝီဆင်သယ်လ် ဆိုသူပင် ဖြစ်သည်။ ၎င်းသည် အဒေါ့ဖ် အိုက်ခ်မန်း ကို ဖမ်းဆီးရမိမှုအတွက် လူထုရှေ့တွင် အပြည့်အဝ ဂုဏ်ယူဝင့်ကြွားနေသူဖြစ်သည်။ ပြန်ပေးဆွဲသည့် အထဲ ပါဝင်ခဲ့ခြင်း မရှိပါဘဲ ဝီဆင်သယ်လ်က မော့ဆက်အတွက် အိုက်ခ်မန်းကို သူကိုယ်တိုင် ရှာဖွေပေးခဲ့ခြင်းဖြစ်သည်ဟု ကြွေးကြော်နေခဲ့သည်။ ထိုအချက်မှာ မမှန်သော်လည်း ဟာရယ်အနေဖြင့် ဘာမှ မပြော နိုင် ဖြစ်နေသည်။

 

နိုင်ငံရေးအရ အကြောင်းများရှိနေ၍ ဝန်ကြီးချုပ် ဒေးဗစ် ဘန်-ဂူရီယွန်သည် အိုက်ခမန်း ကို ပြန်ပေးဆွဲရာတွင် မော့ဆက် ထောက်လှမ်းရေးအဖွဲ့၏ ပါဝင်ပတ်သက်မှုကို ဝန်ခံပြောဆိုခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားခဲ့ပြီး၊ ယင်းသို့ ရေငုံ နှုတ်ဆိတ် နေရမည့် ကာလမှာလည်း ၁၅ နှစ်တိုင်တိုင် ကြာမြင့်မည်ဖြစ်သည်။ သို့ဖြစ်၍ ဝီဆင်သယ်လ် သည် ထိုကာလ အတွင်း သူ့ ကြောင့် ဆိုကာ လူအများ၏ ချီးကျူးဂုဏ်ပြုမှုကို ခံယူနေခဲ့သည်။ 

 

သူ၏ ရင်သပ်ရှုမောဖွယ်ရာ အမှန်တရားများကို ဖော်ထုတ်ထားသည့် "ကျွန်တော် နာဇီများကို လိုက်လံဖမ်းဆီးခဲ့စဉ်က - မှန်ကန်သော ဖြစ်ရပ်မှန်" (I Chased Eichmann: A True Story) စာအုပ်ကို တရားခွင် စတင်ရန် ခြောက်ပါတ်အလိုက ဟီးဘရူးဘာသာဖြင့် ထုတ်ဝေခဲ့သည်။ 

 

ဝီဆင်သယ်လ် သည် နာဇီတို့၏ သေမင်းတမန် စခန်းများမှ အသက်ရှင်လွတ်မြောက်လာခဲ့သူဖြစ်ပြီး၊ အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခံရဖို့ အတွက်ပင် အဝတ်အစားများ ချွတ် ပေးခဲ့ရပြီးမှ အဝတ် ဗလာကျင်းဘဝဖြင့် သေရွာပြန်နီးပါး ကြုံတွေ့ခဲ့ရဖူးသူလည်း ဖြစ်သည်။ တရားခွင်သို့ တက်ရောက်နေစဉ်အတွင်း သူသည် သတင်းထောက်များနှင့် တွေ့ဆုံတိုင်း နာဇီပြန်လည်ပေးဆွဲမှုတွင် သူပါဝင်ခဲ့သည့် အခန်းကဏ္ဍကို မပျက်မကွက် ပြောကြားခဲ့သည်။

 

သီးသန့်ဆွေးနွေးမှုများတွင်မူ အစ္စရေးအရာရှိများသည် ဝိုင်ဇင်သယ်ကို "နာမည်ကျော်ချင်ဇော ကပ်နေသူ" ဟူ၍ အထင်အမြင်သေးစွာ ပြောဆိုကြသည်။ အချို့ကဆိုလျှင် "စလိဇင်သယ်" (Sleazenthal - လူလိမ်လူညာတစ်ဦးကဲ့သို့ ရှုတ်ချ ခေါ်ဆိုခြင်း) ဟူ၍ပင် ခေါ်ဝေါ်ကြသည်။ သို့သော် ဟာရယ် အဖို့ အနာဆုံးနှင့် အခံရခက်ဆုံးမှာ ဆိုင်မွန် ဝီဆင်သယ်က သူကိုယ်သူ ကမ္ဘာ့အကြီးကျယ်ဆုံး နာဇီအမဲလိုက်သမားအဖြစ် လူသိရှင်ကြား ကြော်ငြာနေချိန်တွင် တဖက်၌ မော့ဆက် ၏ လစာကို တိတ်တဆိတ် ယူထားပြီး "သီအိုကရက်"ဟူသော ကုဒ်အမည်ဝှက်ကို သုံးစွဲ လှုပ်ရှား နေခြင်းပင် ဖြစ်ပေသည်။ 

 

ဝီဆင်သယ်၏ ထိုကဲ့သို့ လျှို့ဝှက်လုပ်ဆောင်နေသော သဘောသဘာဝကြောင့်သာလျှင် တကယ့် ထောက်လှမ်းရေး သမား များမှာ ၎င်းတို့၏ အိမ်ထောင်ဖက်များကိုပင် မပြောပြနိုင်ဘဲ အသံတိတ်နေရချိန်၌ သူက တဖက်သတ် ဂုဏ်တင် နေခြင်း ဖြစ်ပေသည်။