ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(56)

by Hla Soewai - Nov 09 2026

အိုက်ခမန်း ကို ကြိုးပေးပြီ

 

ထောင်ပိုင် ကြီး အာရီ နား က အဒေါဖ် အိုက်ခမန်း ကို နောက်ဆုံးညစာအတွက် ဘာစားချင်သလဲဟု မေးမြန်းခဲ့သည်။ သို့သော် အိုက်ခမန်းက မစားလိုဟု ငြင်းဆန်ခဲ့သည်။ ထို့အစား အစ္စရေးထုတ် ဂျူးဘာသာရေးထုံးစံနှင့်ညီသော Carmel ဝိုင်တပုလင်းကိုသာ တောင်းဆိုခဲ့သည်။ ထို့အပြင် စီးကရက်နှင့်အတူ ဘောပင်နှင့် စက္ကူတို့ကိုပါ တောင်းခံခဲ့သည်။ 

 

နောက်ထပ် လေးနာရီကြာအောင် အဒေါဖ် အိုက်ခမန်းသည် ဇနီးဖြစ်သူ ဗီရာ နှင့် ၎င်း၏ သားများထံ စာရေးသားခဲ့သည်။ ဗီရာသည် သူမ၏ခင်ပွန်းမှာ အထက်မိန့်န့်ကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမျှသာ ဖြစ်သည်ဟု ယုံကြည်နေဆဲဖြစ်ပြီး အိုက်ခမန်း၏ ပြစ်မှုများကို ဝန်ခံရန် ငြင်းဆန်ခဲ့သည်။ အိုက်ခမန်း ပြန်ပေးဆွဲခံရချိန်မှစ၍ ဗီရာသည် ဗျူနိုအေးရီးစ် တွင် ဆက်မနေတော့ဘဲ ဂျာမနီသို့ ပြန်သွားခဲ့သည်။ သို့သော် အချိန်အတော်ကြာ ကင်းကွာခဲ့ရသဖြင့် ပြန်၍ နေသားကျရန် ခက်ခဲနေပြီး တောင်အမေရိကသို့သာ ပြန်ချင်နေခဲ့သည်။ လွန်ခဲ့သော တလခန့် ဧပြီလ ၃၀ ရက် က အစ္စရေးအာဏာပိုင်များသည် ဗီရာနှင့် အဒေါဖ် အိုက်ခမန်းတို့ကို နောက်ဆုံးအကြိမ် တွေ့ဆုံခွင့် ပေးခဲ့သည်။ ထိုတွေ့ဆုံမှုမှာ လျှို့ဝှက်လွန်းလှသဖြင့် အစ္စရေးအာဏာပိုင်များသည် လေးဆယ့်ငါးနှစ်တိုင်အောင် တရားဝင် ထုတ်ဖော်ဝန်ခံခဲ့ခြင်း မရှိပေ။

 

ဗီရာ ကို သူမ၏ အပျိုဘဝအမည်ဖြစ်သော Vera Loebel အမည်ဖြင့် ထုတ်ပေးထားသည့် နိုင်ငံကူးလက်မှတ်ကို အသုံးပြုကာ ဇူးရစ် မှတဆင့် အစ္စရေးနိုင်ငံအတွင်းသို့ တိတ်တဆိတ် ခေါ်သွင်းခဲ့ကြသည်။

 

ထို့နောက် သန်းခေါင်ကျော် ခန့်တွင် သူမကို အကျဉ်းထောင်အတွင်းသို့ လုံခြုံရေးအစောင့်အရှောက်ဖြင့် ခေါ်ဆောင်လာခဲ့ပြီး၊ သေဒဏ်ချမှတ်ခံထားရသော သူမ၏ခင်ပွန်းနှင့် နံနက် ၁၂ နာရီ မိနစ် ၂၀ မှ ၁ နာရီ ၄၃ မိနစ်အထိ တွေ့ဆုံခွင့်‌ ပေးခဲ့သည်။

 

ထိုသို့ တွေ့ဆုံ ခွင့် ရပြီး တလအကြာတွင် အိုက်ခ်မန်း သည် သူ၏ နောက်ဆုံးစာများကို ရေးသားနေစဉ် စီးကရက်ကို တလိပ်ပြီးတလိပ် ဆက်တိုက်သောက်ရင်း ဝိုင်ပုလင်းတဝက်ခန့်ကုန်သည် အထိ ဖြည်းဖြည်းချင်း သောက်နေခဲ့သည်။

 

ကွပ်မျက်ခံရမည့်အချိန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သွားတိုက်ပြီး မုတ်ဆိတ်ရိတ်ခဲ့သည်။ ထောင်အတွင်း နေထိုင်ခဲ့သည့်ကာလအတွင်း ဤနာဇီခေါင်းဆောင်သည် သန့်ရှင်းမှုအပေါ် အလွန်အမင်း အလေးထား လာခဲ့ပြီး လက်ကို မကြာခဏ ထပ်ခါတလဲလဲ ဆေးကြောတတ်သည့် အလေ့အထပင် ရလာခဲ့သည်။

 

နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် အိုက်ခ်မန်းထံသို့ ကနေဒါ သာသနာပြုဆရာတော် ဝီလျံ ဟူးလ် လာရောက်တွေ့ဆုံခဲ့သည်။ သူသည် အိုက်ခ်မန်းအား ရိုးရာခရစ်ယာန်ဘာသာသို့ ကူးပြောင်းယုံကြည်လာစေရန် ကြိုးပမ်းရမည့် အရေးကို သူ၏ဘဝရည်မှန်းချက်တခုအဖြစ် သတ်မှတ်ထားသူဖြစ်သည်။

 

သို့သော် ထိုကြိုးပမ်းမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။ အိုက်ခ်မန်းသည် ဓမ္မဟောင်းကျမ်း ကို “ဂျူးလူမျိုးတို့၏ ဒဏ္ဍာရီပုံပြင်များ” ဟု ခေါ်ဆိုခဲ့ပြီး၊ သူကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ခွင့်လွှတ်ပေးရန် တောင်းခံဖို့ကိုလည်း ငြင်းဆန်ခဲ့သည်။

 

"ခင်ဗျားက ဘာကြောင့် ဝမ်းနည်းနေတာလဲ” ဟု အိုက်ခမန်းက မေးလိုက်သည်။

“ကျွန်တော် ကိုယ် ကျွန်တော် တောင် ဒီလောက်အထိ စိတ်ထဲ အေးချမ်းပြီးနေနိုင်တာကို အံ့ဩမိပါတယ်” 

 

ညသန်းခေါင်မတိုင်မီ မိနစ်နှစ်ဆယ်အလိုတွင် အစောင့်နှစ်ဦးနှင့် အကျဉ်းထောင်မှူး အာရီ နား တို့သည် အိုက်ခမန်း၏ အချုပ် ခန်းထဲသို့ ဝင်လာကြသည်။ သူတို့သည် အကျဉ်းသားကို သေဒဏ်စီရင်ရန် ခေါ်ဆောင်သွားဖို့ ရောက်လာကြခြင်းဖြစ်သည်။

 

အိုက်ခမန်းသည် အခန်းထောင့်တနေရာတွင် ခဏတာ တဦးတည်း ဆုတောင်းလိုက်ပြီးနောက် အစောင့်များ သဘောရှိ လုပ်ပါ ဆိုသည့်သဘောဖြင့် လက်ကို ဆန့်တန်းပေးလာ၍ သူ၏လက်နှစ်ဖက်ကို နောက်ကျောဘက်တွင် တုတ် နှောင်လိုက်ကြသည်။

 

နောင်တရခြင်း အလျင်း မရှိသော နာဇီအိုက်ခမန်းကို ဒုတိယထပ်ရှိ ၎င်း၏ အချုပ် ခန်း အပြင် စင်္ကြံလမ်းတလျှောက် ခေါ်ဆောင်လာကြသည်။ ထို့နောက် လှေကားမှတဆင့် အပေါ်ထပ်ရှိ ကွပ်မျက်ခန်းသို့ ရောက်လာကြသည်။

 

အဖွဲ့သည် ကြိုးပေးကွပ်မျက်ရန် စင် ဆောက်ထားသော အခန်းထဲသို့ ဝင်ရောက်လာကြသည်။ ထိုအခန်းတွင် သတင်းမီဒီယာသမား လေးဦး၊ ရဲအရာရှိတဦးနှင့် အေးဂျင့် ရာဖီ အီတန် တို့က အသင့် စောင့်ဆိုင်းနေကြသည်။

 

အီတန်သည် အိုက်ခမန်းကို ပြန်ပေးဆွဲခဲ့သည့်ညတွင် သူ့ကို ဝိုင်းဝန်းချုပ် နှောင် ဖမ်းဆီး ပေးခဲ့သူ လည်း ဖြစ်သည်။

 

ပြီးခဲ့သည့် တနာရီခန့်က ကမှ သူသည် အိမ်တွင် ထိုင်နေစဉ် အိုင်ခမန်း အား ကွပ်မျက်မှုကို သက်သေခံရန် လာရောက်ဖို့ ဖုန်းဆက်အကြောင်းကြား၍ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူတို့ နှစ်ဦးသည် အခန်းကျဉ်းလေးအတွင်း တယောက်နှင့်တယောက် မျက်နှာချင်းဆိုင် ကြည့်နေကြသည်။ သူတို့နှစ်ဦးအကြား အကွာအဝေးမှာ ပေသုံးဆယ်ပင် မပြည့်ပေ။

 

အဒေါ့ဖ် အိုက်ခမန်း ကို သစ်သားစင်မြင့်ပေါ်သို့ တွဲခေါ်လာပြီး ကြိုးစင် အံဝှက် တံခါးပေါက်ပေါ်တွင် မတ်တပ်ရပ်ခိုင်းလိုက်သည်။ ၎င်းသည် ညိုဝါရောင် ဘောင်းဘီရှည်၊ ထိုအရောင်နှင့် လိုက်ဖက်သော အင်္ကျီနှင့် ကွက်ဆန်းပါသော ဖိနပ်ပါးကို ဝတ်ဆင်ထား၏။ ကြိုးစင်အံဝှက် တံခါး ပွင့်ထွက်သွားချိန်တွင် ခြေထောက်ဖြင့် ရုန်းကန်ခြင်း မလုပ်နိုင်စေရန် အစောင့်များက ၎င်း၏ ခြေထောက်များကို ကြိုးဖြင့် ပူးချည်လိုက်ကြသည်။ ထိုနာဇီက အခန်းတဖက်သို့ လှမ်းကြည့်လိုက်ပြီး ရာဖီ အိုင်တန် နှင့် မျက်လုံးခြင်း ဆုံအောင် စိုက် ကြည့်လိုက်၏။

 

“ငါ့ပြီးရင် မင်းအလှည့် ရောက်လာဖို့ မျှော်လင့်ပါတယ်” ဟု အိုက်ခမန်းက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

 

ကြိုးပေးသူ ရှေ့သို့ တိုးလာခဲ့၏။ ၎င်း၏အမည်မှာ ရှာလုံ နာဂါ ဖြစ်သည်။ ယီမင်နိုက် ဂျူးလူမျိုး လည်း ဖြစ် သော အရပ်ပုပု ထိုသူသည် ရမ်မလာ ထောင်၌ လွန်ခဲ့သော ခြောက်လအတွင်း အိုက်ခမန်းကို စောင့်ကြပ်ရန် အထူးရွေးချယ်ခံရသည့် အ စောင့် ၂၂ ဦးအနက် တဦးဖြစ်သည်။

 

 ၎င်းသည် အိုက်ချ်မန်း၏ နောက်ဆုံး အချိန်များတွင် အနီးကပ် မြင်တွေ့ခဲ့ဖူးသူဖြစ်ပြီး၊ အိုက်ခမန်း စားမည့် ထမင်းထဲ အဆိပ်မပါစေရန် မြည်းစမ်းပေးရခြင်းနှင့် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှု မပြုနိုင်စေရန် စောင့်ကြည့်ပေးရသည့် တာဝန်များကို ယူခဲ့ရသူ ဖြစ်သည်။

 

ယခုအခါ တွင်တော့ နာဂါ၏ တာဝန်သည် အဒေါ့ဖ် အိုက်ခ်မန်း ကြိုးပေးချိန်အထိ အသက်ရှင်နေရေးကို စောင့်ရှောက်ရမည့် အဖြစ်မှ သေဆုံးသွားစေရေး သေချာ အောင် လုပ်ဆောင်ရမည့် တာဝန် ဖြစ်လာခဲ့သည်။ နာဂါက အိုက်ခ်မန်း၏ ခေါင်းပေါ်တွင် အမည်းရောင် ခေါင်းစွပ်စွပ်ပေးရန် ကမ်းလှမ်းသော်လည်း ထိုနာဇီက ငြင်းပယ်ခဲ့သည်။

 

ယခုအခါ အိုက်ခ်မန်းသည် စုဝေးရောက်ရှိနေကြသော သတင်းထောက်များကို တိုက်ရိုက်ပြောကြားလိုက်သည် - "ဂျာမနီနိုင်ငံ ကျန်းမာပါစေ၊ အာဂျင်တီးနားနိုင်ငံ ကျန်းမာပါစေ၊ သို့တည်းမဟုတ် သြစတြီးယားနိုင်ငံ ကျန်းမာပါစေ။ ဤနိုင်ငံသုံးနိုင်ငံကား ကျွန်ုပ် ဆက်စပ်ပတ်သက်ခဲ့ဆုံးဖြစ်၍ ဘယ်တော့မှ မေ့ပျောက်သွားမည့် မဟုတ်သည့် နိုင်ငံများ ဖြစ်ကြသည်။ ကျွန်ုပ်၏ဇနီး၊ ကျွန်ုပ်၏မိသားစုနှင့် မိတ်ဆွေများကို နှုတ်ဆက်ပါတယ်။ ကျွန်ုပ်သည် စစ်ဥပဒေများနှင့် ကျွန်ုပ်၏အလံတော်ကို လိုက်နာရန် တာဝန်ရှိသူတဦး ဖြစ်ခဲ့ပါသည်။ ကျွန်ုပ် အသင့်ဖြစ်ပါပြီ။"

 

နာဂါသည် ကြိုးကွင်းကို အိုက်ခ်မန်း၏ ခေါင်းပေါ်သို့ စွပ်ပေးလိုက်ပြီး လည်ပင်းတွင် ရှိသော ကြိုးထုံးကို တင်းကျပ်စွာ ဆွဲချည်လိုက်သည်။ ပွတ်တိုက်မှုကြောင့် လောင်ကျွမ်းဒဏ်ရာများ မဖြစ်ပေါ်စေရန် ထိုကြိုးကို သားရေဖြင့် ခံကာ ထုံးထားခြင်း ဖြစ်သည်။

 

နာဂါ နှင့် အခြားအစောင့်တဦးတို့သည် စက်ခလုတ် လွှတ်သည့်နေရာကို ကွယ်ရန် ချိတ်ဆွဲထားသော အစိမ်းရောင် ကန့်လန့်ကာ နောက်သို့ ဝင်လိုက်ကြသည်။ ထိုကန့်လန့်ကာ နောက်ကွယ်တွင် ခလုတ်နှစ်ခု ဝှက်ထားသော်လည်း တခုတည်းကသာ ကြိုးစင် အံဝှက် တံခါးကို ပွင့်သွားစေမည် ဖြစ်သည်။ 

 

အစောင့်နှစ်ဦးစလုံးသည် ခလုတ်များကို တပြိုင်နက်တည်း နှိပ်ကြမည်ဖြစ်ရာ မည်သူကမှ မိမိနှိပ်လိုက်သည့် ခလုတ်သည် သေဒဏ်ပေးသည့် ခလုတ်ဟုတ်မဟုတ် သိရှိကြမည် မဟုတ်ပေ။

 

အိုက်ခ်မန်း၏ မျက်နှာတခုလုံး သွေးမရှိတော့သလို ဖြစ်သွားသည်။ လွန်ခဲ့သော မိနစ်လေးဆယ်က သူ ကြွေးကြော်ခဲ့သည့် တည်ငြိမ်အေးဆေးသည့် အမူအရာများ တ စက်မျှပင် မ တွေ့ရတော့ပေ။

 

"လူတိုင်း ကံစီမံရာ အတိုင်း သွားရမှာပါပဲ၊ လူကြီးမင်းတို့နဲ့ ကျနော်တို့ မကြာခင် ပြန်ဆုံကြတာပေါ့။ ကျနော်ဟာ တသက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့သလို ဘုရားသခင်ကို ယုံကြည်ရင်းနဲ့ပဲ သေဆုံးသွားမှာပါ" ဟု အိုက်ခ်မန်းက သူ၏ နောက်ဆုံးစကားများကို ပြောကြားလိုက်သည်။

 

"အသင့်ပြင်!" ထောင်မှူး အာရီ နား က အမိန့်ပေးလိုက်သည်။

 

အဒေါ့ဖ် အိုက်ခ်မန်း၏ ဖြူလျော့နေသော မျက်နှာသည် ပြာနှမ်း ညိုမှိုင်းသွား၏။ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ခြေထောက်အောက်ရှိ ကြိုးစင် အံဝှက် တံခါးချပ်ကို စိုက်ကြည့်နေသည်။

 

"စတင်စေ" ဟု နား က အမိန့်ပေးလိုက်လေသည်။

 

လိုက်ကာ နောက်ကွယ်ရှိ အစောင့်နှစ်ဦးသည် သူတို့၏ ခလုတ်များကို နှိပ်လိုက်ကြသည်။ သေဒဏ်ပေးသည့် ကြမ်းပြင်တံခါး ပွင့်သွားသည်နှင့် တပြိုင်နက် အိုက်ခ်မန်းမှာ မျက်စိတမှိတ်အတွင်း အောက်သို့ လျှောကျ ပျောက်ကွယ်သွားတော့သည်။ ရှာလုံ နာဂါ သည် ၎င်း ဘဝတလျှောက်လုံး ထိုအံဝှက် တခါးကို ပွင့်သွားစေခဲ့သည်မှာ သူ၏ ခလုတ်ကြောင့်ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုသွား‌ ပေလိမ့်မည်။ ထိုသို့ ပြောနိုင်ရန် အတွက် သူသည် အချို့သော မှတ်တမ်းများကို ငြင်းချက်ထုတ်လာနိုင်ပြီး သူသည်သာ အိုက်ခ်မန်းကို ကွပ်မျက်ရန် စေလွှတ်ခြင်းခံရသည့် တဦးတည်းသောသူ ဖြစ်ကြောင်းနှင့် ထိုအလုပ်ကို လုပ်ဆောင်ခဲ့သည်မှာ ခလုတ်မဟုတ်ဘဲ မောင်းတံတချောင်းသာ ဖြစ်ကြောင်း ပြောဦးမည် ဖြစ်သည်။

 

သေချာသည်မှာမူ တနာရီအကြာတွင် နာဂါကို အိုက်ခ်မန်း၏ အလောင်းအား ကြိုးကွင်းမှ ဖြုတ်ယူရန် အောက်ဘက် ရှိ ဒုတိယထပ် သို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

 

"သူ့မျက်နှာက ထုံးလိုဖြူလျော့နေပြီး မျက်လုံးတွေက ပြူးထွက်နေတယ်၊ လျှာကလည်း အပြင်ကို ထွက်ကျနေခဲ့တယ်။ ကြိုးက သူ့လည်ပင်း အရေပြားကို ပွတ်တိုက်သွားခဲ့လို့ သူ့လျှာနဲ့ ရင်ဘတ်မှာ သွေးတွေ ပေကျံနေခဲ့တယ်။ လူတယောက် လည်ပင်းညှစ်ခံရတဲ့အခါ လေတွေ ဝမ်းဗိုက်ထဲမှာ ကျန်ရစ်ခဲ့မှန်း အဲဒီတုန်းက ကျွန်တော် မသိခဲ့ဘူး။ ဒါကြောင့် အလောင်းကို မလိုက်တဲ့အခါ အထဲမှာရှိနေတဲ့ လေတွေအကုန်လုံး အပြင်ကို ထွက်လာပြီး သူ့ပါးစပ်ထဲကနေ 'ဘဲ အဲ အဲ' ဆိုတဲ့ ရွံရှာစရာ အကောင်းဆုံး အသံကြီး ထွက်လာခဲ့တယ်" ဟု နာဂါက ကြုံခဲ့ရသည်များကို ရာဇဝင်တွင်အောင် မှတ်မိနေခဲ့လိမ့်မည်။ "နှစ်နဲ့ချီပြီး အဲဒီအခိုက်အတန့်တွေက ကျွန်တော့်ကို ခြောက်လှန့်တဲ့ အိပ်မက်ဆိုးတွေ ဖြစ်ခဲ့ရပါတယ်။"

 

**************

 

အဒေါ့ဖ် အိုက်ခ်မန်း ၏ အလောင်းကို ထမ်းစင်ပေါ်သို့ တင်ဆောင်ကာ ထောင်နံရံ အပြင်ဘက်နားတွင်ရှိသော မီးသင်္ဂြိုလ် စက်ဆီသို့ သယ်ဆောင်သွားကြသည်။ သတ်ဖြတ်ခံရသည့် ဂျူးလူမျိုးများ၏ အလောင်းများကို မီးရှို့ရသော မီးဖိုများကို မဖြစ်မနေ မောင်းနှင်ခဲ့ရသည့် အော့ရှ်ဝစ်ဇ် စခန်းမှ အကျဉ်းသားဟောင်း ထောင်ဝါဒါတစ်ဦးအား အိုက်ခ်မန်း၏ အလောင်းကို မီးရှို့သင်္ဂြုလ် ရန် တာဝန်ပေးအပ်ခဲ့သည်။

 

စောင့်ကြည့်သူများထဲမှ တဦးမှာ ရဲအရာရှိ မိုက်ကယ် ဂိုးလ်မန်း-ဂီလဒ်ဖြစ်ပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အော့ရှ်ဝစ်ဇ် အကျဉ်းသား အားလုံးကို ခတ်နှိပ်ခဲ့သည့် ထင်ရှားသော တက်တူး အမှတ်အသား ကျန်ရှိနေဆဲဖြစ်သည်။

 

 ဆောင်းရာသီတွင် အက်စ်အက်စ် (SS) အစောင့်များ ချော်လဲ မကျစေရန် အော့ရှ်ဝစ်ဇ်ရှိ ရေခဲနေသော လျှောက်လမ်းများပေါ်တွင် သေဆုံးသူများ၏ ပြာများကို ဖြူး ပေးရခြင်းမှာ တချိန်က သူ၏ အလုပ်ဖြစ်ခဲ့သည်။

 

အိုက်ခ်မန်း၏ အလောင်းကို မီးရှို့သည့် အလုပ်သည် နှစ်နာရီမျှ ကြာအောင် အချိန် ယူခဲ့ရသည်။ ထို့နောက် အဒေါ့ဖ် အိုက်ခ်မန်း၏ အရိုးပြာများကို အိုးငယ် များထဲသို့ ထည့်သွင်းကာ တနာရီ ကြာ မျှ ကားမောင်းသွားရသည့် ဟိုင်ဖာ ဆိပ်ကမ်းမြို့ဆီသို့ သယ်ဆောင်သွားကြသည်။

 

 ဆိပ်ကမ်းတွင် ရဲကင်းလှည့်သင်္ဘော ယာဒန် က စောင့်ဆိုင်းနေခဲ့သည်။ အရိုးပြာများကို မြေထဲပင်လယ်အတွင်း ၆ မိုင်ခန့် အကွာအဝေးထိ သယ်ဆောင်သွားခဲ့ကြသည်။

 

နာဇီ လက်သစ် များက အိုက်ခ်မန်းအား အာဇာနည်တဦးအဖြစ် ပုံဖော်ကာ သူအား မြုပ်နှံရာနေရာတွင် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူမည်ကို အစ္စရေးတို့က လုံးဝ အဖြစ် မခံနိုင် တားဆီးချင်ခဲ့ကြသည်။ ထို့ကြောင့် နာဇီ လူသတ်သမား၏ အရိုးပြာများကို မည်သည့် အခမ်းအနားမျှ မပါဘဲ ပင်လယ်ထဲသို့ စွန့်ပစ်လိုက်ကြတော့သည်။ 

 

နောက်ဆုံးတွင်တော့ တရားမျှတမှုကို ဖော်ဆောင်နိုင်ခဲ့လေပြီ။

 

*************