The Starfish and Spider (15)

by Hla Soewai - Nov 09 2026

ရေလက်ဝါး နှင့် ပင့်ကူ (၁၅)

 

The Starfish And The Spider by Ori Brafman and Rod Beckstrom

 

ရေလက်ဝါး၊ ပင့်ကူ နှင့် အင်တာနက်၏ သမ္မတ (၇)

 

လျှို့ဝှက်ချက်သည်ကား အပြောင်းအလဲကြီးများ မဖြစ်ပွားမီကပင် ကြိုတင်ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။ ပြင်သစ်ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့ခဲ့ရသကဲ့သို့ပင်၊ မိမိက အသင့်မဖြစ်သေးဘဲ မှန်ကန်သော မေးခွန်းများကိုလည်း မမေးမြန်းမိသည့်အခါ ပင့်ကူနှင့် ရေလက်ဝါး ငါးကို ခွဲခြားသိမြင်နိုင်ရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။ ဤသည်ပင်လျှင် အမ်ဂျီအမ် (MGM) နှင့် ဓါတ်ပြား ကုမ္ကဏီကြီးများ အဆက်မပြတ် ကျူးလွန်နေခဲ့ကြသည့် အမှားလည်း ဖြစ်ပေသည်။ ပြင်သစ်ရင်းနှီးမြှုပ်နှံသူများ။ (သို့မဟုတ် စပိန်ဗိုလ်ချုပ်ကြီးများနှင့် တေးသံသွင်း ကုမ္ပဏီကြီးများ၏ အကြီးအကဲများ) သည် ဗဟိုချုပ်ကိုင်မှုမရှိသော စနစ်တစ်ခုနှင့် ကြုံတွေ့ရသောအခါ အဖုံးကိုလှန်၍ အထဲကို ကြည့်တတ်ကြသည်။ ဗဟိုအာရုံကြောစနစ်ကို မတွေ့ရသောအခါ၌ ၎င်းတို့သည် ထိုသက်ရှိကို အလေးမထားဘဲ လျစ်လျူရှုလိုက်ကြသည် သို့မဟုတ် အရေးမပါသော ပင့်ကူတစ်ကောင်ကဲ့သို့ သဘောထားတတ်ကြသည်။

 

သို့ဆိုလျှင် ထိုကဲ့သို့သော မှားယွင်းသည့် ချဉ်းကပ်ပုံမျိုးကို မည်သို့ ရှောင်ရှားနိုင်မည်နည်း။ မှန်ကန်သော မေးခွန်းများကို မေးမြန်းခြင်းအားဖြင့် ရှောင်ရှားနိုင်ပေသည်။

 

၁။ ဦးဆောင် တာဝန်ယူကွပ်ကဲမယ့် သူ ရှိသလား

 

အကျပ်ကိုင်ဖိအားပေးသည့် စနစ်တခုတွင် အမိန့်သည် အဆင့်ဆင့် ဆင်းသက်လာမှုနှင့် အထက်အောက် အဆင့်အတန်း ခွဲခြားထားမှုအပေါ်မှာ အမှီပြုထားရသည်။ အမြဲတမ်း လို ပိရမစ်ပုံစံ ဖွဲ့စည်းပုံ ရှိစမြဲဖြစ်ပြီး၊ ထိပ်ဆုံးတွင် အုပ်ချုပ်ကွပ်ကဲမည့်သူ အမြဲတမ်း ရှိနေတတ်သည်။

 

 အကျဉ်းချုပ်ပြောရလျင်၊ သင်သည် CEO ကို မြင်တွေ့ရပြီဆိုပါက ပင့်ကူ ပုံစံ အဖွဲ့အစည်း ဖြစ်ဖို့ ရာခိုင်နှုန်းများ နေသည်။ အခြားတဖက်တွင်တော့ ပွင့်လင်းမြင်သာပြီး လွတ်လပ်သည့် စနစ် ဆိုသည်က အထက်အောက် ဟူ၍ မရှိဘဲ ညီမျှပြန့်ပြူးနေသည့် စနစ် မျိုး ဖြစ်သည်။ ပိရမစ်ကဲ့သို့ အပေါ်က နေ ထိုင် အုပ်ချုပ် နေတာမျိုး မရှိ ပေ။

 

အမ်ဂျီအမ် တွင် CEO တဦး ရှိနေမည်က မလွဲဧကန်ပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကကပဲ ဘယ်ဈေးကွက်တွေထဲကို ဝင်ရောက်ရမလဲ၊ ဘယ်လို မဟာဗျူဟာလမ်းကြောင်းကို လျှောက်လှမ်းရမလဲ၊ နောက်ထပ် မည်သို့သော ပီတူပီ (P2P) ကုမ္ပဏီမျိုးကို ဆက်ပြီး ပစ်မှတ်ထားရမလဲ ဆိုသည်များကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ၎င်းတို့တွင် ရာထူးအဆင့်ဆင့် အုပ်ချုပ်မှုစနစ် ရှိသလို တာဝန်ခံမှု အတွက်လည်း အတိအကျ ပြဋ္ဌာန်းထားသည်။ အဘယ်ကြောင့်ဆိုသော် CEO ကိုယ်တိုင်လည်း ဒါရိုက်တာဘုတ်အဖွဲ့ကို ပြန်ပြီး အစီရင်ခံတင်ပြရ၍ ဖြစ်သည်။

 

အခြားတဖက်တွင်မူ အပါချီ လူမျိုးစုများသည် ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ဆုံးဖြတ်ချက်ချလေ့မရှိကြသလို အမိန့်ပေးကွပ်ကဲမည့် ခေါင်းဆောင်တဦးလည်း တင်မြှောက်ထားခြင်း မရှိကြပေ။ ခေါင်းဆောင်များ က အကြံပြုချက်များသာ ပေးနိုင်သော်လည်း မည်သူ့ကိုမျှ အမိန့်ပေးခွင့် မရှိ။ထို့အတူ ဘီးလ် ဒဗလျူ သည် အမည်ဝှက် အရက် ဖြတ်ရေး အသင်း (AA) ကို တည်ထောင်ခဲ့သော်လည်း လုပ်ငန်းစဉ်များမှ ဆောလျင်စွာ ရှောင်ထွက်သွားခဲ့သည်။

 

ထို့အပြင် eMule တွင် CEO မရှိရုံသာမက ၎င်းကို မည်သူက စတင်ဖန်တီးခဲ့သည်ကိုပင် မသိကြပေ။ ပြင်သစ်ရင်းနှီးမြှုပ်နှံသူများ နောက်ပိုင်းတွင် သဘောပေါက်သွားခဲ့ကြသည့်အတိုင်း အင်တာနက်တွင်လည်း ဥက္ကဋ္ဌဆိုသည့် ပုဂ္ဂိုလ် မရှိပေ။

 

၂။ ဌာန ချုပ်များ ရှိပါသလား

 

ပင့်ကူအဖွဲ့အစည်းတိုင်းတွင် ရုပ်ပိုင်းဆိုင်ရာ ရုံးချုပ်တခုစီ ရှိကြသည်။ ကုမ္ပဏီတစ်ခုသည် တကယ့်တကယ် ဟုတ်မဟုတ်ကို မသေချာသည့်အခါ ရုံးချုပ်ရှိမရှိကို ကျွန်ုပ်တို့ မကြာခဏ စစ်ဆေးလေ့ရှိတတ်ကြ၍ ရုံးချုပ်ရှိဖို့ ဆိုသည်မှာ အလွန်ပင် အရေးပါလှပေသည်။ မည်သူကမျှ စာတိုက်သေတ္တာအမှတ် သာ လိပ်စာ အဖြစ် ရှိသော ကုမ္ပဏီမျိုးမှ တန်ဖိုးကြီး ကျောက်မျက်ရတနာများကို မှာ၍ ဝယ်ယူမည် မဟုတ်ပေ။

 

MGM ကုမ္ပဏီ၏ CEO ထံ သွားရောက်တွေ့ဆုံချင်ပါသလား။ အထုတ်အပိုးပြင်ပြီး လော့စ်အိန်ဂျလိစ် သို့သာ ဦးတည်လိုက်ပါ။ eMule ၏ ခေါင်းဆောင်ထံ သွားရောက်တွေ့ဆုံချင်ပါသလား။ ထိုသို့ဆိုလျှင် ကံကောင်းပါစေဟုသာ ဆုတောင်းပေးရပါလိမ့်မည်။ ရေလက်ဝါး ငါး ကဲ့သို့ ဗဟိုမဲ့ဖွဲ့စည်းပုံရှိသော အဖွဲ့အစည်းတခုသည် အမြဲတမ်းတည်ရှိသည့် နေရာ သို့မဟုတ် ဗဟိုဌာနချုပ် အပေါ် အမှီသဟဲပြုမနေ။ အရက် စွဲသူများ ကူညီစောင့်ရှောက်ရေးအသင်း (AA) တွင် ရုံးထိုင်ရာ လိပ်စာရှိပြီး နယူးယောက်မြို့၌ ရုံးခန်းများကို စာရင်းဇယား ချ ပြထားသည်မှာ မှန်သော်လည်း၊ ထိုနေရာသည် AA ၏ အမှန်တကယ် တည်ရှိရာနေရာ မဟုတ်ပေ။ ထိုအဖွဲ့အစည်းသည် လူမှုရေး စင်တာများ၊ ဘုရားကျောင်းများ၊ သို့မဟုတ် လေဆိပ်များအထိ ထောင်ပေါင်းများစွာသော နေရာများတွင် ပျံ့နှံ့ နေကြသည်။ AA ကို အဖွဲ့ဝင်များ စုဝေးရန် စုရပ် အဖြစ် သတ်မှတ်ထားသည့် မည်သည့်နေရာ၌မဆို တွေ့ရှိနိုင်သည်။

 

၃။ ခေါင်းကို ထုခွဲလိုက်ရင် သေသွားမလား

 

ပင့်ကူတကောင်၏ ခေါင်းကို ဖြတ်ပစ်လိုက်ရင် ပင့်ကူ သည်သေသွား ပေလိမ့်မည်။ အလားတူ အဖွဲ့အစည်းတခု၏ ဗဟိုဌာနချုပ်ကို ဖယ်ရှားပစ်လိုက်လျင်လည်း ထိုအဖွဲ့အစည်းသည် ပြိုကွဲသွားနိုင်ခြေ များသည်။ ထို့အတွက်ကြောင့်ပင် လုပ်ကြံသတ်ဖြတ်သူများသည် နိုင်ငံတနိုင်ငံ၏ သမ္မတကို ပစ်မှတ်ထားကြပြီး စစ်တပ်များသည်လည်း ရန်သူ မြို့တော်များကို ဝင်ရောက်တိုက်ခိုက်ကြခြင်း ဖြစ်သည်။ 

 

သို့ပေသိ ရေလက်ဝါးငါးများတွင် တော့ ဖြတ်ပစ်ရမည့် ဦးခေါင်းဟူ၍ တွေ့ရခဲသည်။ စပိန်တို့က အပါချီ တို့၏ နန့်တန် များကို စတင်သတ်ဖြတ်ခဲ့သည့်အခါ သေဆုံးသွားသူများ၏ နေရာတွင် လူသစ်များ အစားထိုးဝင်ရောက်လာကြသည်။ ဘီလ် ဒဗလျူ ကွယ်လွန်သွားသည့် အခါတွင်လည်း Alcoholics Anonymous (AA) အဖွဲ့အစည်းသည် ဆက်လက်ရှင်သန်ကြီးထွားနေခဲ့သည်။ နောက်ဆုံးတွင် အသံသွင်းတေးဂီတကုမ္ပဏီများက eMule ကို ဖန်တီးသူအား ဖမ်းဆီး တရားစွဲ နိုင်ခဲ့လျှင်ပင် ထိုပရိုဂရမ်သည် မည်သို့မျှ အထိအခိုက် ရှိမည် မဟုတ်ဘဲ ဆက်လက်လည်ပတ်နေဦးမည်သာ ဖြစ်သည်။