ကွမ်ဂဲလ် ထွက်သွားလျင် ထွက်သွားချင်း သူမသည် အပ်ချုပ်စက်ဆီသို့ ပြန်လှည့်လာပြီး သူမ အပိုင်းပိုင်း ဆုတ်ဖြဲ ထားသော စက္ကူစ လေးများကို လှည်းကျင်း လိုက်သည်။ အဆိုပါ အပိုင်းအစများကို ပြန်လည်ဆက်စပ်ရန် ကြိုးစားသော်လည်း အချိန်အလွန်အမင်း ကြာမြင့်သွားမည်ဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။
သူမအဖို့ ညစာပြင်ဆင်ရမည့် တာဝန်ရှိနေသေးသည်။ ထို့ကြောင့် အပိုင်းအစများကို စာအိတ်ထဲသို့ ရသလောက် စုပြုံ ထည့်လိုက်ပြီး တရားစာအုပ်ကြား ထဲ ညှပ်ထားလိုက်သည်။
မွန်းလွဲပိုင်း အိုတို အလုပ်သွားမှသာ စက္ကူစ လေးများကို အလွယ်တကူ ပြန်ဆက်၍ ကော်နှင့် ကပ်ဖို့ အချိန်ရပေလိမ့်မည်။
စာပါ အကြောင်းအရာများ အားလုံးသည် ရိုင်းစိုင်းပြီး မိုက်မဲသော မုသားများသာ ဖြစ်ချင်လည်း ဖြစ်နေပေမည်။ သို့သော်လည်း ဤစာသည် သူမ၏ ချစ်လှစွာသော သားငယ် အော့တိုချန် အကြောင်း သူမ နောက်ဆုံးအကြိမ် ကြားသိလိုက်ရခြင်း ဆိုသည်ကို ကိုယ်စားပြု နေပေ တော့မည်။
သူမသည် ထိုစာကို အသေအချာ သိမ်းဆည်းထားမည်ဖြစ်ပြီး ထရူဒယ် ရောက်လာလျင်လည်း ပြမည်ဖြစ်သည်။ ထိုအချိန်ကျမှသာ သူမ မျက်ရည်ကျ ကောင်း ကျ နိုင် ပေလိမ့် မည်။ သို့သော် ယခုအချိန်တွင်မူ သူမ၏ ရင်ထဲ၌ မီးတောက်ကြီး လောင်မြိုက်နေသကဲ့သို့သာ ခံစားနေရဆဲ ဖြစ်သည်။ မျက်ရည်သာ ကျမည်ဆိုက သူမအတွက် များစွာ သက်သာရာရစေမည် အမှန်ပင်။ သူမသည် စိတ်မချမ်းမြေ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး မီးဖိုဆီသို့ လျှောက်သွားလိုက်တော့သည်။
**************
အခန်း (၂)
ဗာလ်တာ ပါစစ်ကီးက ပြောပြခဲ့သည့် အကြောင်းအရာ
အော်တို ကွမ်ဂဲလ် သည် ပါစစ်ကီးတို့၏ အခန်းရှေ့မှ ဖြတ်လျှောက်သွားစဉ် ဝမ်းသာအားရ အော်ဟစ်သံများနှင့်အတူ "ဇီးဂ် ဟေးလ်!" (Sieg Heil!) ဟု ကြွေးကြော်နေကြသည့် အသံများကို ကြားလိုက်ရသည်။ ကွမ်ဂဲလ်သည် ထိုလူအုပ်နှင့် မဆုံချင်သဖြင့် ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်၏။
သူတို့သည် တိုက်တန်းလျား တခု တည်းတွင် အတူနေထိုင်လာသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်သော်လည်း၊ ပါစစ်ကီးအရက်ဆိုင် ပိုင်ရှင် ဖြစ်လာကတည်းက လေကြီးမိုးကြီး ပြောတတ်လာ၍ ကွမ်ဂဲလ်သည် ၎င်းတို့ မိသားစုကို တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်။
သို့သော် ယခုအခါတွင်မူ ပါစစ်ကီး မိသားစုသည် အရေးပါပြီး လူရာဝင်သူ များ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။ ပါစစ်ကီးသည် ပါတီတွင် ရာထူးအမျိုးမျိုးကို ရယူထားပြီး သားနှစ် ယောက် မှာလည်း SS တပ်ဖွဲ့ဝင်များ ဖြစ်နေကြရာ သူတို့အတွက် ငွေကြေးမှာ ပြဿနာမဟုတ်တော့သည့်ပုံ ရှိနေ၏။
ထိုကဲ့သို့သော လူမျိုးများသည် ပါတီနှင့် အဆင်ပြေအောင် နေကြရပြီး ပါတီကို အကူအညီပေးနိုင်သည့် ကိစ္စများကို လုပ်ဆောင်ခြင်းဖြင့်သာ ချောင်ချောင်လည်လည် နေနိုင်ကြဖို့သာ ရှိ၍ သူတို့ကို ပို၍ပင် သတိထား ရတော့မည်ဖြစ်သည်။ "ကူညီပေးခြင်း" ဆိုသည်မှာ ဥပမာအားဖြင့် - တဦးဦး သည် နိုင်ငံခြား ရေဒီယိုလိုင်းများကို နားထောင်နေသည် လို သတင်းမျိုးကို အထက်သို့ သတင်းပို့ခြင်းမျိုး ဖြစ်ပေသည်။
အကောင်းဆုံးကတော့ သူသည် အိုတို ၏ အခန်းထဲရှိ ရေဒီယိုကို သိမ်းဆည်းပြီး မြေအောက်ခန်းထဲမှာ ဝှက်ထားသင့်ခဲ့သည်။ လူတိုင်းက တယောက်ကိုတယောက် စိစစ်ထောက်လှမ်းနေကြပြီး ဂက်စတာပို လျှို့ဝှက်ရဲတပ်ဖွဲ့ကလည်း သူတို့အားလုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေကာ ဇက်ဆင်ဟာဝဆန် အလုပ်ကြမ်း စခန်းကိုလည်း တောက်လျှောက် တိုးချဲ့နေသည့် ယခုလို ခေတ်ကာလမျိုးတွင် မည်မျှပင် သတိထားပါစေ လုံလောက်သည်ဟု မရှိပေ။
သူ့အနေဖြင့် ရေဒီယို မလိုအပ်သော်လည်း အင်နာ က ထိုရေဒီယိုကို ဖွက်ထားရန် သဘောမတူခဲ့ပေ။ သူမသည် “ဖြောင့်မတ်သော စိတ်နှလုံးသည် စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်စေသည်” ဆိုသည့် ရှေးစကားပုံကို ယုံကြည်နေဆဲ ဖြစ်သည်။ ယခုအခါ၌ ထိုစကားမှာ အဓိပ္ပာယ်မရှိသည့် အရာ ဖြစ်နေသည်။
ထိုသို့ တွေးတော နေရင်းက ကွမ်ဂဲလ်သည် လှေကားထစ်များအတိုင်း ခပ်သုတ်သုတ် ဆင်းသွားပြီး တိုက်တန်းလျားဝင်းကို ဖြတ်ကာ လမ်းမပေါ်သို့ ထွက်လာခဲ့သည်။
ပါစစ်ကီး မိသားစုထံမှ အားရပါးရ အော်ဟစ် အားပေးသံများ ထွက်ပေါ်နေရခြင်း၏ အကြောင်းအရင်းမှာ ထိုမိသားစု၏ အချစ်တော်၊ အငယ်ဆုံးကောင်လေး ဗရူးနိုး ကြောင့် ဖြစ်သည်။ (သူသည် ဘာဒါ ဖွန် ရှီရက်ချ် ၏ အမည်ကို အားကျ၍ ဗာဒါ ဟု ပြောင်းလဲခေါ်ဝေါ်နေပြီး အဖေဖြစ်သူ၏ နောက်ကွယ်မှ ကြိုးဆွဲပေးနိုင်မှုကြောင့် ပါတီ၏ ထိပ်တန်း နာပိုလာ ကျောင်းတကျောင်းသို့ပင် တက်ရောက်နိုင်တော့မည် ဖြစ်သည်)။ ထို ဗာဒါ ဆိုသည့် ကောင်လေးသည် ပါတီ၏ သတင်းစာဖြစ်သော Völkischer Beobachter ထဲတွင် ဓာတ်ပုံတပုံကို တွေ့ရှိခဲ့သည်။ ထိုဓာတ်ပုံမှာ ဖူရာ နှင့် ရိုက်ချ်မာရှယ် ဂိုးရင်း တို့ အတူရှိနေပုံဖြစ်ပြီး ပုံစာတွင် “ပြင်သစ်တို့ လက်နက်ချသည့် သတင်းကို ရရှိပြီးနောက်” ဟု ရေးသားထားသည်။ ထိုနှစ်ယောက်၏ ပုံမှာလည်း သတင်းကောင်းတစ်ခုခုကို ကြားလိုက်ရသည့်အတိုင်းပင်— ဂိုးရင်း၏ ဖောင်းအိနေသော မျက်နှာကြီးတစ်ခုလုံး ပြုံးရွှင်ဝင်းပနေပြီး ဖျူးရားကလည်း ဝမ်းသာအားရဖြင့် ၎င်း၏ ပေါင်ကို ပုတ်၍ သဘောကျနေပေသည်။
ပါစစ်ကီး မိသားစုဝင်များအားလုံး စိတ်လက်ပျော်ရွှင် ဝမ်းမြောက်နေကြစဉ်မှာပင် ဗာဒါ က “ဒီဓာတ်ပုံထဲမှာ တခုခု ထူးဆန်းနေတာ သတိမထားမိကြဘူးလား” ဟု မေးလိုက်၏။
သူတို့အားလုံး စကားစပြတ်သွားကြပြီး ဗာဒါ ကို အထိတ်တလန့် နှင့် စိုက်ကြည့်လိုက်ကြသည်။ အသက် ၁၆ နှစ်မျှသာ ရှိသေးသော ထိုကောင်လေး၏ ဉာဏ်ရည်ဉာဏ်သွေး သာလွန်မှုကို အထင်ကြီး ထားကြ၍လည်း မည်သူမျှ ခန့်မှန်း၍ပင် မပြောဝံ့ ဖြစ်နေကြသည်။
“ကဲ… စဉ်းစားကြည့်ကြစမ်းပါဦး” ဟု ဗာဒါက ဆိုလိုက်သည်။ “သေချာစဉ်းစားကြည့်စမ်း။ ဒီဓာတ်ပုံကို သတင်းဓာတ်ပုံဆရာတယောက်က ရိုက်ထားတာ။ စစ်ရှုံး လက်နက်ချတဲ့သတင်း ရောက်လာတဲ့အချိန်မှာပဲ အဲဒီဓာတ်ပုံဆရာက ချက်ခြင်းလက်ငင်း ကောင်းကင်က ကျလာသလို ရောက်လာခဲ့တယ်ပေါ့… ဟုတ်လား။ ဒီသတင်းကို ဖုန်းနဲ့ဖြစ်ဖြစ်၊ ကြေးနန်း နဲ့ ဖြစ်ဖြစ် ပို့လိုက်တာ ဖြစ်နိုင်သလို၊ ပြင်သစ်ဗိုလ်ချုပ်တယောက်က ကိုယ်တိုင်လာပို့တာလည်း ဖြစ်နိုင်တာပဲ၊ ဒါပေမဲ့ အဲဒီလိုအထောက်အထားမျိုး ဘာတခုမှ မတွေ့ရဘူး။ ပန်းခြံထဲမှာ သူတို့နှစ်ယောက်တည်း ရပ်ပြီး အကြီးအကျယ် ပျော်ပါးမြူးတူးနေကြတာပဲ ရှိတာ…”
ဗာဒါ၏ မိခင်၊ ဖခင်၊ ညီမနှင့် မောင်နှမများမှာမူ ထိုနေရာတွင်ပင် တိတ်ဆိတ်သွားပြီး ဘာပြောရမှန်း မသိသော မျက်နှာ အမူအရာ များ နှင့် အိုးတို့အန်းတန်း ဖြစ် နေကြသည်။ ပါစစ်ကီး မှာ ရင်အေးသွားအောင် ဘီယာ တခွက် ထပ်ငှဲ့သောက်ချင်နေသော်လည်း ဗာဒါ စကားပြောနေချိန်မို့ မလုပ်ရဲပေ။ ဗာဒါသည် သူ နိုင်ငံရေး အကြောင်း ပြောနေလျင် သေချာ အာရုံစိုက် မနားထောင်မိပါက ဒေါသထွက်တတ်မှန်း သူ အတွေ့အကြုံအရ သိထားနှင့်ပြီးသား ဖြစ်သည်။
သားဖြစ်သူက ဆက် ပြောပြန်သည် —
"ကဲ... ဒါဆို ဒီပုံက ဖန်တီးထားတာပေါ့၊ စစ်ပြေငြိမ်း လက်နက်ချတယ်ဆိုတဲ့ သတင်း ရောက်လာတုန်းက ရိုက်ထားတာ မဟုတ်ဘဲ အဲဒီ မတိုင်ခင်ကတည်းက ကြိုရိုက်ထားတာဖြစ်တယ်။ ပြီးတော့ အခု ဒီဖျူရား ပျော်နေပုံကို ကြည့်စမ်း! သူ့စိတ်ထဲမှာ အင်္ဂလန်နိုင်ငံအကြောင်းပဲ ရှိနေတာ၊ သိတ်မကြာသေးခင်ကတည်းက အဲဒီအတိုင်းပဲ၊ သူ စဉ်းစားနေတာ အားလုံးက ဘယ်လိုနည်းနဲ့ ဗြိတိသျှတွေကို အကွက်ချ လှည့်စားရမလဲဆိုတာ ချည်းပဲ။ ဒီအဖြစ်အပျက် တခုလုံးက ဓာတ်ပုံကစလို့ ပျော်ပျော်ပါးပါး လက်ခုပ်တီးနေတာအဆုံး အတုအယောင် သရုပ်ဆောင်ပြနေတာချည်းပဲ။ သူတို့ လုပ်နေသမျှက လူတွေကို အရူးလုပ်နေတာပဲ!" ဟု ဆက်ပြောနေလေတော့သည်။
ယခုအခါ တွင်တော့ မိသားစုဝင်များသည် သူတို့ကိုယ်တိုင်လည်း အရူး လို အလှည့်စားခံလိုက်ရသည့် မျက်နှာမျိုး နှင့် ဗာဒါ ကို စိုက်ကြည့်နေကြသည်။
အကယ်၍သာ ထိုသို့ ပြော နေသော ဗာဒါသည် သူတို့၏ သား သာ မဟုတ်ခဲ့ပါက ချက်ချင်းပင် ဂက်စတာပို ထံ မဆိုင်း မတွ သတင်းပို့ကြပေလိမ့်မည်။
ဗာ ဒါက ဆက် ပြော ပြန်သည်။
"တွေ့လား၊ အဲဒါကမှ ဖျူရား ရဲ့ ကြီးမြတ်တဲ့အချက်ပဲဗျ: သူ ဘာကြံနေတယ်ဆိုတာ ဘယ်သူ့မှ တစွန်းတစ တောင် မသိစေရဘူး။ ပြင်သစ် ကို အနိုင်ယူလိုက်ရလို့ သူတို့အကုန်လုံးက အလွန်အမင်း ဝမ်းသာနေကြတယ်လို့ ထင်နေကြပေမဲ့ တကယ်တမ်းကျတော့ သူက အခုလက်ရှိအချိန်မှာ ဗြိတိန်ကို ကျူးကျော်ဖို့ စစ်သင်္ဘောအုပ်စုကြီးကို စုစည်း ရင် စုစည်း နေနိုင်တာပဲ။ အဲဒီအချက်ကို ကျွန် တော် တို့ရဲ့ ဖျူရားဆီကနေ သင်ယူရမယ်၊ ကျွန် တော် တို့ဟာ ဘယ်သူလဲ၊ ဘာတွေလုပ်နေလဲဆိုတာကို တွေ့ရာ လူတိုင်းကို လျှောက်ပြောနေလို့ မဖြစ်ဘူး!"
ကျန်သူများက သဘောတူခေါင်းညိတ်ကြသည် - ဗာဒါ ပြောချင်တာကို သူတို့ နောက်ဆုံးတော့ သဘောပေါက်သွားကြပြီဟူသော ပုံမျိုး နှင့် ဖြစ်သည်။
"အခုတော့ သဘောပေါက် ကြပြီပေါ့ လေ" ဟု ဗာဒါက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည် - "ဒါပေမဲ့ ကျွန်တော် ပြောသလို တော့ လိုက် မလုပ်ကြဘူး။ ခုန လေးတင် အဖေက စာပို့ အမျိုးသမီး ရှေ့မှာ ပြောနေတာကို ကျွန်တော် ကြားလိုက်ရတယ်၊ ဟို ရိုဇန်သယ် ဆိုတဲ့ အဘွားကြီး တိုက်ခန်းကို သွားပြီး ကော်ဖီနဲ့ မုန့်သွားစားဖို့ ရှိတယ်လို့ ပြောနေတာလေ။"
"သြော်၊ အဲဒီ ဂျုး အဘွားကြီး ကို ပြောတာလား!" ဟု ပါစစ်ကီး က နောက်သလို ပြောင်သလို ပြန်ပြောလိုက်သည်။
"ဟုတ်တယ်" ဟု သားဖြစ်သူက ပြောလိုက်ပြီး "သူတခုခုဖြစ်သွားခဲ့ရင်တောင် မေးမြန်းစုံစမ်းမယ့်သူ သိပ်ရှိမှာမဟုတ်ဘူးဆိုတာ ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်။ ဒါပေမဲ့ ဘာလို့ ဒီအကြောင်းကို လူတွေကို သွားပြောပြနေမှာလဲ။ မပြောတာ ပိုကောင်းတာပေါ့။ ကျွန်တော်တို့ အထက်ထပ်က တိုက်ခန်းမှာနေတဲ့ အဘိုးကြီး ကွမ်ဂဲလ် ကိုပဲ ကြည့်လေ။ သူ့ဆီက ဘာသံမှတောင် ကြားရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူဟာ အားလုံးကို မြင်တယ်၊ ကြားတယ်ဆိုတာရော၊ သူ့မှာ သတင်းသွားပို့ရတဲ့သူ ရှိနိုင်တယ်ဆိုတာရော ကျွန်တော် သေချာ ပေါက် ပြောရဲတယ်။ တကယ်လို့များ ပါဆစ်ကီး မိသားစုကို ယုံလို့မရဘူး၊ သူတို့က အားကိုးမရဘူး၊ ပါးစပ်မလုံဘူးဆိုပြီး သူက သတင်းပို့လိုက်ရင် ကျွန်တော်တို့တော့ သွားပြီပဲ။
အနည်းဆုံးတော့ အဖေ သွားပြီပဲ။ အဖေ့ကို အကျဉ်းစခန်း၊ မိုးအဘစ် ထောင်၊ ပလော့ဇန်စီး ထောင် ဒါမှမဟုတ် သူတို့ ကန်ထုတ်လိုက်တဲ့ တနေရာရာ ရောက်သွားမှာ၊ ဘယ်နေရာပဲ ရောက်ရောက် ပြန်လွတ်လာအောင် နဲနဲ လေး ဖြစ်ဖြစ် ဝင်ပါခဲ့မိရင် ကျွန် တော် ဒုက္ခ ရောက်ပြီသာ မှတ်" ဟု ပြောလိုက်သည်။
မည်သူမျှ ဘာမှမပြောကြပေ။ ဗာဒါကဲ့သို့ မာန်မာနထောင်လွှား သူပင်လျှင် ထိုသို့ တိတ်ဆိတ် နေမှုသည် သူ ပြောသည်ကို သဘောမတွေ့ ကြကြောင်း အကဲခတ်မိသည်။ သူ၏ ညီအစ်ကို မောင်နှမများ သူ ပြောနေသည်ကို အနည်းဆုံး သဘောတူလာစေရန်အတွက် "ကျွန်တော်တို့အားလုံး ဘဝမှာ တိုးတက်ချင်ကြတာပဲ မဟုတ်ဘူးလား။ ပါတီကလွဲလို့ တခြားဘယ်နည်းနဲ့ တိုးတက်နိုင်ဦးမှာလဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ ဖျူးရား ရဲ့ ဦးဆောင်မှုကို လိုက်နာရမယ်၊ လူတွေကို အရူး လုပ်ရမယ်၊ ဖော်ရွေတဲ့ ဟန်ပန် တွေ ပြ ထားရမယ်၊ ပြီးတော့ ဘယ်သူမှ ကျွန် တော် တို့ကို အန္တရာယ် မပေးနိုင်တဲ့ လူတွေလို့ ယူဆလာတဲ့အခါကျမှ လုပ်စရာ ရှိတာကို စလုပ်ရမယ်။ ပါတီက 'ငါတို့ ပါဆစ်ကီး မိသားစုကို ဘာမဆို၊ လုံးဝ ယုံကြည်လို့ရတယ်' လို့ ပြောတာမျိုးပဲ ကျွန်တော်တို့ လိုချင်တာပါ" ဟု ချက်ချင်း ဆိုသလို ထပ် ပြောလိုက်သည်။