ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(55)

by Hla Soewai - Nov 02 2026

ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း 

‌ဆောင် များ

******************

 

(၅၅)

 

မော့ဆက် ရုံးချုပ်သို့ အ ရေး ပေါ် ကြေးနန်းစာ တစောင် ချက်ချင်း ပို့လိုက်သည် - "ဇဗီသည် ဂါ့ဟတ်၏ ခြံထဲတွင် ကိုယ်ဟန်၊ အရပ်အမောင်း၊ အသက်အရွယ်နဲ့ ဝတ်စားဆင်ယင်ပုံတွေက မန်ဂယ်လီနဲ့ တထပ်တည်း တူနေတဲ့ လူတယောက်ကို တွေ့လိုက်ရပါတယ်" ဟူ၍ ဖြစ်သည်။ အာဟာရိုနီသည် ဘရာဇီးနိုင်ငံမှ ပဲရစ်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားပြီး၊ ထိုစဉ်က လုပ်ငန်းကိစ္စဖြင့် ရောက်ရှိနေသော အီဆာ ဟာရယ်နှင့် ကိုယ်တိုင်တွေ့ဆုံကာ အဆိုပါကိစ္စကို ဆွေးနွေးခဲ့သည်။ "မန်ဂဲလီကို အစ္စရေးကို ခေါ်ဆောင်လာပြီး တရားရုံးတင်နိုင်တော့မယ်လို့ ကျွန်တော် သေချာပေါက် ယုံကြည်ခဲ့ပါတယ်" ဟု သူက နောင်တွင် အမှတ်တရ ပြောပြခဲ့ဖူးသည်။

 

သို့သော် ဟာရယ်ကမူ ပြန် ပေးဆွဲမည့် အစီအစဉ်ကို ခွင့်ပြုရန် ငြင်းဆန်ခဲ့သည်။ စစ်အတွင်းက လန်ဒန်မြို့ကို တိုက်ခိုက်နိုင်သည့် ဒုံးကျည်များကို တီထွင်ခဲ့ကြသော ဂျာမန်သိပ္ပံပညာရှင်များသည် ယခုအခါ အစ္စရေး၏ မဟာရန်သူဖြစ်သော အီဂျစ်နိုင်ငံအတွက် ဝိုင်းဝန်း လုပ်ကိုင် ပေး နေကြပြီဆိုသည့် သတင်းကို မကြာသေးမီကမှ ရရှိထားခဲ့သည်။ ထိုအကျပ်အတည်းကို မဖြေရှင်းနိုင်သမျှ ကာလပတ်လုံး၊ မော့ဆက်၏ ရှိသမျှ အင်အားအရင်းအမြစ်များကို ထိုခြိမ်းခြောက်မှုကြီးကို ချေမှုန်းရန်အတွက်သာ အပြည့်အဝ အာရုံစိုက် အသုံးချရရန် လိုအပ်လာသောကြောင့် ဖြစ်သည်။

 

އިအီဆာ ဟာရယ် သည် အကြောင်းအရာ တခုတည်း အပေါ်သာ အပြည့်အဝ အာရုံ စူးစိုက် တတ်သည့် စရိုက်လက္ခဏာကြောင့် သူသည် တချိန်တည်းတွင် မစ်ရှင်တခုထက်ပို၍ အာရုံစိုက်လုပ်ကိုင်နိုင်စွမ်း မရှိပေ။ မော့ဆက် သမိုင်းကို ပြန်ပြောင်းပြောပြစဉ် အာဟာရိုနီ က “အီဆာက တခုခုကို စ ကိုင်တွယ်ပြီဆိုလျှင် အဲဒီကိစ္စတခုတည်းကိုသာ အာရုံစိုက် လုပ်ကိုင်တတ်တယ်” ဟူ၏။ 

 

ဇဗီ အာဟာရိုနီ ကမူ ယခုအခါ ဂျိုးဇက် မန်ဂယ်လီ တယောက် လွတ်လွတ်လပ်လပ် သွားလာ နေထိုင် နေပြီ ဆိုသည်ကို သူ၏ အတွေ့အကြုံ အရ သိပြီး ဖြစ်သည်။ တကယ်တမ်းတွင်လည်း အဆိုပါ နာဇီစစ်ရာဇဝတ်ကောင်သည် ဘရာဇီးနိုင်ငံ၌ သူ၏ အမည်ရင်းအတိုင်း လှုပ်ရှားနေခဲ့ခြင်းဖြစ်ပြီး တခါတရံတွင်မူ မိမိကိုယ်ကို ဆွစ်ဇာလန်နိုင်ငံသား ပီတာ ဟော့ချ်ဘစ်ချ်လာဟု မိတ်ဆက်လေ့ရှိသည်။ 

 

သို့သော်လည်း မကြာသေးမီကမူ မန်ဂယ်လီသည် ဘရာဇီးအာဏာပိုင်များ၏ အကာအကွယ်ကို ဆက်လက်ရရှိနိုင်ပါ‌ တော့မလား ဆိုကာ စိုးရိမ်ပူပန်လာခဲ့ပြီး အဒေါ့ဖ် အိုက်ခမန်း ကဲ့သို့ပင် သတိကြီးစွာ ထား၍ စတင် ပြုမူ နေထိုင် လာခဲ့ပြီ ဖြစ်သည်။

 

ယမမင််း၏ တမန်တော်' (The Angel of Death) ဟု အမည်ဆိုးဖြင့် ကျော်ကြားသော မန်ဂယ်လီ သည် ဆာအိုပါလို မြို့ပြင် ၂၅ မိုင်အကွာရှိ ခြံကြီးတခြံထဲတွင် အမှန်တကယ်ပင် နေထိုင်လျက်ရှိပြီး၊ အပူပိုင်းဒေသ သစ်သီးဝလံများ၊ ကော်ဖီနှင့် ဆန်စပါးတို့ကို စိုက်ပျိုးကာ နွားအုပ်ကြီးကိုလည်း မွေးမြူ ထား၏။

 

ထို့ပြင် မန်ဂယ်လီသည် ကမ္ဘာအနှံ့ရှိ နာဇီအဖွဲ့ဝင်များနှင့်ပါ လျှို့ဝှက်ဆက်သွယ် သွားလာနေသူ ဖြစ်သည်။ သူသည် ရောမနှင့် မီလန်ကဲ့သို့သော မြို့များသို့ ခရီးမကြာခဏ ထွက်လေ့ရှိကြောင်း အစ္စရေး ထောက်လှမ်းရေးအဖွဲ့ က သံသယရှိ နေသည်။

 

ထို့ကြောင့်ပင် သမိုင်းတွင် အဆိုးဝါးဆုံးနှင့် အရက်စက်ဆုံး နာဇီစစ်ရာဇဝတ်ကောင်များထဲမှ တဦးဖြစ်သူ မန်ဂယ်လီသည် ဘရာဇီးနှင့် ပါရာဂွေးနိုင်ငံတို့ရှိ ပြည်နယ်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ အကာအကွယ်ပေးမှုဖြင့် သူလို ကိုယ်လို ပုံမှန်ဘဝကို ဖြတ်သန်းနေနိုင်ခြင်း ဖြစ်သည်။

 

သို့သော် ထိုအခြေအနေများသည် မကြာမီ ပြောင်းလဲသွားတော့မည် ဖြစ်၏။

 

*******************

 

အခန်း (၁၇)

 

၁၉၆၂ ခုနှစ်၊ မေလ ၃၁ ရက်

အစ္စရေးနိုင်ငံ၊ ရမ်လက် အကျဉ်းထောင် 

ညနေ ၇:၀၀ နာရီ

 

"ခင်ဗျားကို သန်းခေါင်ယံမှာ ကြိုးပေးလိမ့်မယ်" ဟု ထောင်မင်းကြီး အာရီ နား က အဒေါ့ဖ် အိုက်ခမန်း ကို အသိပေးလိုက်သည်။

 

သေဒဏ်စီရင်ချက် ချမှတ်ခဲ့သည်မှာ ခြောက်လကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စီရင်ချက်ကျပြီးသည်နှင့် အိုက်ခမန်း၏ ရှေ့နေက ချက်ချင်းဆိုသလို အယူခံဝင်ခဲ့သဖြင့်၊ ထိုပြစ်ဒဏ်ကျ လူသတ်သမားကြီးမှာ အယူခံရလဒ်ကို စောင့်ဆိုင်းနေစဉ် ၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ရေးသားရန် အချိန်ရသွားခဲ့သည်။ လွန်ခဲ့သော နှစ်ရက်ကမူ ငါးဦးပါ အစ္စရေးတရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့က မူလသေဒဏ်စီရင်ချက်ကို အတည်ပြုထောက်ခံခဲ့သည်။ အိုက်ခမန်း၏ နောက်ဆုံးမျှော်လင့်ချက်မှာ အစ္စရေးသမ္မတ ယစ်ဇက် ဘင်ဇဗီ ထံ သက်ညှာခွင့်လျှောက်ထားခြင်းပင် ဖြစ်တော့သည်။

 

"ခေါင်းဆောင်ပိုင်းမှာ တာဝန်ရှိသူတွေနဲ့ ကျွန်တော့်လို ခေါင်းဆောင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် မဖြစ်မနေ အသုံးတော်ခံခဲ့ရတဲ့ သူတွေကို စည်းခြားပြီး ခွဲခြားမြင်ပေးဖို့ လိုအပ်ပါတယ်" ဟု အိုက်ခမန်း က ဘန်ဇဗီ ထံ စာရေးသားခဲ့သည်။ "ကျွန်တော်ဟာ တာဝန်ရှိတဲ့ ခေါင်းဆောင်တယောက် မဟုတ်ခဲ့ပါဘူး၊ ဒါကြောင့်မို့လို့ လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ မခံစားရပါဘူး။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတတယ်လို့ ကျွန်တော် မရှုမြင်နိုင်တဲ့အတွက် သမ္မတကြီး အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်အာဏာကို ကျင့်သုံးပြီး သေဒဏ်အမိန့်ကို ပယ်ဖျက် ပေးဖို့ အမိန့်ထုတ်ပြန်ပေးပါရန် တောင်းဆိုအပ်ပါတယ်"

 

ထိုတောင်းဆိုချက်ကို ချက်ချင်းပင် ပယ်ချခံခဲ့ရသည်။ ကွပ်မျက်မှုကို ဂျေရုဆလင် မြို့ပြင်ရှိ ၎င်းကို ချုပ် နှောင်ထားရာ ထောင်ထဲမှာပင် ပြုလုပ်မည်ဖြစ်သည်။ အစ္စရေးဥပဒေတွင် သေဒဏ်ကို ကြိုးပေးကွပ်မျက်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ထိုအချိန်အထိ ကြိုးစင်ဟူ၍ပင် မရှိ သေးပေ။

 

ဗြိတိသျှအုပ်စိုးစဉ် ကာလအတွင်း ၎င်းတို့ကို တော်လှန်ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ကျခံရသော ဂျူးလူမျိုးများကို ကြိုးပေးကွပ်မျက်ခြင်းမှာ ထုံးစံတခုလို ဖြစ်ခဲ့သည်။ သို့သော် ထိုစဉ်က အသုံးပြုခဲ့သည့် ကြိုးစင်မှာမူ အစ္စရေးနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ရေကုန်ရေခန်း ရုန်းကန်ခဲ့ရသည့် နာကျင်ဖွယ် သမိုင်းမှတ်တိုင်တခုအဖြစ် ပြတိုက်သို့ ရွှေ့ပြောင်းပြသထားပြီးဖြစ်သည်။ 

 

ထို့ကြောင့် ရမ်လက် ရှိ အကျဉ်းထောင် အစောင့်များ၏ အဆောင်ဟောင်းတခုကို ကွပ်မျက်ရာနေရာအဖြစ် ပြောင်းလဲပြင်ဆင်လိုက်ကြ၏။

 

တတိယထပ်တွင် အပေါက်တစ်ခု ဖောက်လိုက်ပြီး ထိုအပေါက်ပေါ်တွင် အထူးပြုလုပ်ထားသည့် သစ်သားစင်နှင့် ကြိုးပေးစက်ခလုတ်ပါ ကြမ်းပြင်တံခါးကို တည်ဆောက်ခဲ့သည်။ ကြိုးဆွဲချရန် သံယက်မကိုမူ သံမဏိဖြင့် ပြုလုပ်ထား၏။ ထိုကြမ်းပြင်တံခါးကို ခလုတ်တစ်ခုဖြင့် ထိန်းချုပ်ထားသည်။ ခလုတ်ကို နှိပ်လိုက်သည်နှင့် အိုက်ခ်မန်း သည် ဒုတိယထပ်ရှိ အမှောင်ကျနေသော အခန်းထဲသို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားမည်ဖြစ်၏။

 

ကွပ်မျက်မှုကို ကြည့်ရှုစောင့်ကြည့်မည့်သူများသည် အိုက်ခမန်း၏ လည်ပင်းတွင် ကြိုးကွင်းစွပ်လိုက်သည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ သို့သော် အောက်ထပ်သို့ ပြုတ်ကျသွားသည်နှင့် တပြိုင်နက် ကြည့်ရှုသူများသည် ကြိုးပေးကွပ်မျက်မှု၏ နောက်ဆက်တွဲ ရုပ်ပျက်ဆင်းပျက် မြင်ကွင်းများဖြစ် သော — ပါးစပ်မှ လျှာထွက်လာခြင်း၊ စက္ကူလုံးကဲ့သို့ ပြူးထွက်လာသော မျက်လုံးများ၊ နှင့် ကြွက်သားများ လျှော့ပါးသွားသဖြင့် နောက်ဆုံး စိမ့်ထွက်လာသည့် မစင်များ— စသည့် မနှစ်မြို့ဖွယ် မြင်ကွင်းများကို စိတ်ဆင်းရဲခံ ကြည့်ရှု ရခြင်းမှ ကင်းလွတ်ခွင့် ရရှိကြမည်ဖြစ်သည်။

 

ကြိုးစင်သစ်ကို ရဲမင်းကြီးနှင့် အင်ဂျင်နီယာတဦးတို့က စစ်ဆေးပြီးဖြစ်သည်။ ကြိုးမိန့်အတွက် အသုံးပြုမည့် ကြိုးကိုလည်း အိုက်ခ်မန်း ၏ ခန္ဓာကိုယ်အလေးချိန်အတိုင်း ဂုံနီအိတ်ထဲသို့ ထည့်၍ စမ်းသပ်စစ်ဆေးခဲ့ပြီး ဖြစ်သည်။ အစ္စရေးဥပဒေအရ ပြစ်ဒဏ်စီရင်ခြင်းကို သန်းခေါင်ယံနှင့် နံနက် ၈ နာရီကြားတွင် ပြုလုပ်ရမည်ဖြစ်ပြီး၊ ပြစ်ဒဏ်စီရင်ပြီးသည်နှင့် တပြိုင်နက် ထောင်ပေါ်တွင် အနက်ရောင်အလံကို လွှင့်ထူရမည်ဖြစ်သည်။

 

 လျှောက်လဲချက်အယူခံဝင်သည့် လုပ်ငန်းစဉ်မှာ ဟန်ပြမျှသာဖြစ်သည်ဟု လူအများက ယူဆထားကြောင်း အိုက်ခ်မန်း ကောင်းစွာသိရှိထားသည်။ ထို့ပြင် ရမ်လက် ထောင်သည် သူအား ကြိုးပေးရန် ပြင်ဆင်နေကြောင်းကိုလည်း သူသိသည်။ ကြိုးစင်မှာ သူ၏အခန်းနှင့် ကိုက်ငါးဆယ်ခန့်သာ ကွာဝေးသဖြင့် ထုသံ ရိုက်သံများကိုလည်း အတိုင်းသား ကြားနေရသည်။