ဧပြီလ ၁၂ ရက် နံနက်စောစောတွင် စစ်သင်္ဘောများ၏ ဆက်တိုက် ပစ်ကူပေးမှုအောက်၌ ဗြိတိသျှ တပ်များသည် ကမ်းပေါ် တက်ရောက်လာခဲ့ကြသည်။
ခဲယမ်းမီးကျောက်များ၊ အမဲသား ရိက္ခာများ၊ အရက်အိုးများနှင့် တိုက်ခိုက်ရာတွင် သုံးသည့် လှေကားများမှာ အမှိုက်ပုံ များ ကဲ့သို့ ပျံ့ကျဲ နေသည့်ကြားမှ စစ်ကြောင်း နှစ်ကြောင်း ခွဲ၍ နေရာယူလိုက်ကြသည်။ စစ်ကဲကြီး ဂေါ်ဒွင်သည် ပထမ စစ်ကြောင်းကို ဦးဆောင် လာခဲ့ပြီး ကွေ့ပတ်၍ အရှေ့ဘက်မှ တိုက်ခိုက်မည် ဖြစ်သည်။ ရှေ့ပြေးတပ်ဖွဲ့တွင် အမှတ် (၅၁) ခြေလျင်တပ်ရင်းမှ တပ်ခွဲ လေးခွဲ နှင့် မေဂျာ ရိဒ် ကွပ်ကဲသော ဘင်္ဂလား အမြောက်တပ်ဖွဲ့မှ အမြောက် လေးလက် ပါဝင်ခဲ့သည်။
ဂေါ်ဒွင် သည် ကြာကြာ မသွားလိုက်ရဘဲ မြို့၏ ခံစစ်စည်းများ၏ အရှေ့ဘက်၊ ကုန်းတွင်းပိုင်း တမိုင်ခန့်အကွာရှိ "အိမ်ဖြူတော်" စတော့ကိတ် ခံတပ်အတွင်းမှ ရန်သူ၏ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှာပင် နီးစပ်ရာ တောအုပ်အတွင်းမှ မြန်မာခြေလျင်တပ်များက သူ၏ လက်ဝဲဘက်နံဘေးမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
ရန်သူ တို့အား မောင်းထုတ်ချေမှုန်းနိုင်ခဲ့ပြီးနောက် မေဂျာ ရိဒ် သည် သူ၏ အမြောက် ၄ လက်ဖြင့် ကိုက် ၈၀၀ ခန့် အကွာအဝေးမှ စတော့ကိတ်ခံတပ်ကို ပြန်လည်ပစ်ခတ်ခဲ့သည်။ မကြာမီတွင် သူသည် ဂေါ်ဒွင် ဘက်သို့ လှည့်၍ တည်ငြိမ်စွာဖြင့် - "ကျွန်တော် ဝမ်းနည်းစွာနဲ့ ပြောရပါတော့မယ် ဆာ၊ ဗိုလ်မှုး အုတ်စ် သာ ရောက်မလာရင်တော့ ကျွန်တော်တို့ ဆက်သွားနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ အမြောက်တလက်ကို ယမ်း နှစ် တောင့် စီပဲ ကျန်ပါတော့တယ်" ဟု ပြောလိုက်လေသည်။
မြန်မာတို့ဖက်မှ အမြောက်ကျည်များ အနီးသို့ ကျရောက်လာပြီး အမြောက်တပ်သား နှစ်ဦး သေဆုံးသွားခဲ့သည်။ အခြေအနေမှာ အန္တရာယ်ရှိလာသော်လည်း စိုးရိမ်စရာ မလိုသေးပေ။ အကြောင်းမှာ အမှတ် (၅၁) တပ်ရင်းမှ တပ်ခွဲလေးခွဲသည် ရန်သူ့ကင်းထောက်တပ်များ၏ မည်သည့် တိုက်ခိုက်မှုကိုမဆို တားဆီး ခုခံထားနိုင်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် မေဂျာ အုတ်ခ်စ် သည် ရေတပ်သားများ တကျွီကျွီ ဖြင့် အမောတကော ဆွဲယူလာကြသည့် လေးလံလှသော ၂၄ ပေါင် ဟောင်ဝစ်ဇာ အမြောက်နှစ်လက်ကို ဆွဲ ၍ ရောက်လာခဲ့သည်။ ထူထဲသော အပြာရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားကာ ပူပြင်းလှသော နေရောင်အောက်တွင် မျက်နှာတခုလုံး နီရဲနေလျက် ရပ်နေ ရင်း သူ၏ အမြောက်တပ်သားများကို စက်လုံးပုံစံ ဗုံးသီးများ ဖြင့် စတင်ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်။ မိနစ်သုံးဆယ်အကြာတွင် သူသည် နောက်ဆုံးကျည်ကုန်သည်အထိ ပစ်ခတ်ပြီး နောက် အပူရှပ်ကာ သတိလစ်မေ့မျောသွားခဲ့ပြီး မကြာမီမှာပင် ကွယ်လွန်သွားခဲ့လေသည်။
ထိုအတောအတွင်း ဂေါ်ဒွင် သည် အမှတ် ၅၁ တပ်ရင်းမှ တပ်ခွဲ လေးခွဲနှင့် မဒရပ် စစ်အင်ဂျင်နီယာတပ်ဖွဲ့ တို့အားစတုဂံပုံ သစ်လုံးခံတပ် ကို ဦးတည်ချီတက်၍ အတင်းအဓမ္မ ထိုးစစ်ဆင် သိမ်းပိုက်ရန် အမိန့်ပေးခဲ့သည်။ သို့သော် မြန်မာတပ်များက ဘေးဘက်မှ ထပ်မံတိုက်ခိုက်ခဲ့သဖြင့် အင်္ဂလိပ်တပ်များ ခေတ္တတန့်သွားခဲ့ရ၏။
ထိုဘေးပတ်ပတ်လည် တိုက်ခိုက်မှုကို ပြန်လည်တွန်းလှန်ပြီးနောက်၊ ထိုးစစ်ဆင်သည့် အဖွဲ့သည် စည်းကမ်းတကျ ရဲဝံ့စွာ ရှေ့သို့ ဆက်လက်ချီတက်ခဲ့ကြသည်။ ပြင်းပြင်း ထန်ထန် ခုခံ ပစ်ခတ်နေသည့် ကြားမှပင် လှေကားများကို ထောင်ကာ ခံတပ်အတွင်းသို့ အတင်းဝင်ရောက်ပြီး အထိအခိုက် အကျအဆုံးများစွာဖြင့် စခန်းကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ကြသည်။
တဖက်တွင်လည်း မွန်းတည့်ချိန်ပင် မရောက်သေးသော်လည်း ပူပြင်းလှသော အပူဒဏ်ကြောင့် အခြားအရာရှိတဦးဖြစ်သူ မေဂျာ ဂရစ်ဖစ်သ် သေဆုံးခဲ့ရပြီး၊ အရာရှိ သုံးဦးနှင့် တပ်ဖွဲ့ဝင်အမြောက်အမြား အပူဒဏ်ကြောင့် လဲကျသွားခဲ့ကြရသည်။
ဆက်လက်ချီတက်ခြင်းမှာ မိုက်မဲလွန်းရာကျသဖြင့် ဂေါ်ဒွင်က သိမ်းပိုက်ထားသော ခံတပ်ကို မီးရှို့ဖျက်ဆီးရန်၊ ထိုနေ့ အတွက် အရိပ်အောက်၌ အနားယူရန်နှင့် ကွင်းပြင်တွင်သာ ညအိပ်တပ်စွဲရန် အမိန့်ပေးခဲ့သည်။ "ဧပြီလ ၁၂ ရက်နေ့ညကို တပ်သားများစွာတို့က အလွန်အမင်း မှတ်မိနေကြလိမ့်မည်" ဟု လော်ရီ က မှတ်တမ်းတင်ခဲ့သည်။
မှောင်မိုက်သော ညအမှောင်ထုထဲတွင် မြို့သစ်ဘက်နှင့် ရွှေတိဂုံဘုရားကြီးဆီသို့ မီးတောက်မီးလျှံများ တဟုန်ထိုး ပျံ့နှံ့လောင်ကျွမ်းလျက်ရှိပြီး၊ အိပ်မပျော်နိုင်ဘဲ မောပန်းနွမ်းနယ်နေသူများအဖို့ ထိုမြင်ကွင်းကို ငေးကြည့်နေရခြင်းမှာပင် ဖျော်ဖြေမှုတခုသဖွယ် ဖြစ်နေခဲ့သည်။ ထိုမီးလောင်မှုမှာ ရေနွေးငွေ့သုံး စစ်သင်္ဘောများနှင့် စစ်ရေယာဉ်များက မြို့တွင်းသို့ ဖျက်အားပြင်းသော လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်တည်း။
အမြှောက် ဆံကြီးများကို အဆက်မပြတ် ပစ်လွှတ်နေခဲ့ရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ တခါတရံတွင်မူ ကျွန်ုပ်တို့၏ တပ်စွဲရာစခန်းမှနေ၍ ထိုမြင်ကွင်းကို ကြည့်ရှုရသည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ခမ်းနားထယ်ဝါ လှပေသည်။
အမြောက်ဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်း ကြောင့် မြန်မာတို့၏ ခံတပ်စခန်းများကို စိစိညက်ညက် ကျေသွားစေခဲ့ပြီး ကျဆုံးထိခိုက်မှု နည်းပါးစွာဖြင့် တိုက်စစ်ဆင်နိုင်ပြီဟု ဂေါဒွင် အနေဖြင့် စိတ်မချရသေး၊ သို့သော် စစ်သည်များ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၍ နောက်တနေ့တွင်လည်း ပြင်းထန်သော အပူရှိန်အောက်တွင် တိုက်ခိုက်ရဖို့ ရှိနေပြန်သဖြင့် တပ်ဖွဲ့များကို ခေတ္တ အနားပေးထားခဲ့သည်။
ထိုအချိန်တွင် ရေတပ်သားများက ရှစ်လက်မ ဟောင်ဝစ်ဇာ အမြောက် လေးလက်ကို အပင်ပန်းခံ၍ ဒရွတ်တိုက် ဆွဲတင်လာခဲ့ကြသည်။
စိမ်းစိုနေသော ဝါးရုံအုပ်များ၏ အရိပ်အောက်တွင်လည်းကောင်း၊ သစ်ပင်ကြီးများ၏ အရိပ်အောက်တွင်လည်းကောင်း စစ်သည်များသည် လေးလံလှသော အနီရောင် သိုးမွှေးစ ကုတ်အင်္ကျီများကို ချွတ်ထားကြပြီး မနေ့က တိုက်ပွဲဆင်နွှဲခဲ့မှုများကို အချင်းချင်း ဆွေးနွေးနေကြသည်။ ထို့ပြင် ယမ်းထုပ်တပ် မူစကတ်သေနတ်များကို သန့်ရှင်းရေးလုပ်ခြင်း၊ လှံစွပ်များကို ပြောင်လက်အောင် တိုက်ချွတ်၍ အသွားထက်အောင် သွေးခြင်းတို့ကို ပြုလုပ်နေကြစဉ် အမြောက်တပ်သားများကလည်း နောက်တနေ့တွင် အလုံးအရင်းဖြင့် အပြီးသတ် တိုက်ခိုက်နိုင်ရန်အတွက် အမြောက်ကျည်များတွင် ယမ်း မီးစာ များကို ဖြတ်တောက် တပ်ဆင်ကာ အဆင်သင့် ပြင်ဆင်ထားကြလေသည်။