The Prisoner in His Palace (3)

by Hla Soewai - Nov 02 2026

Is evil something you are? Or is it something you do? —Bret Easton Ellis, American Psycho

 

အပိုင်း (၁)

 

SUPER TWELVE 

 

အခန်း (၁)

 

အိုကာလာ၊ ဖလော်ရီဒါ 

 စက်တင်ဘာ ၁၁၊ ၂၀၀၁

 

ဖုန်းမြည်သံကြောင့် စတီဗ် ဟတ်ချင်ဆန် သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ သူ၏ ခေါင်းတခုလုံး ထိုးကိုက်နေပြီး လျှာနှင့် ပါးစပ်မှာလည်း သဲများ ကပ်နေသလို ခြောက်ကပ်နေသည်။

 

သူသည် ဝမ်းကွဲညီအစ်ကို၏ အိမ်တွင် တည်းခိုနေခြင်းဖြစ်ပြီး ဆိုဖာပေါ်တွင် ကွေးကွေးလေး အိပ်မော ကျနေခဲ့သည်။ ဖလော်ရီဒါ အလယ်ပိုင်း အိုကာလာမြို့ရှိ "မစ်နိုက် ရိုဒီယို" ဆိုသည့် ကြမ်းပေ့ရမ်းပေ့ ဟု နာမည်ဆိုး ဖြင်က ကျော်ကြားနေသော ဘား တွင် လုံခြုံရေးအဖြစ် ညလုံးပေါက် အလုပ်လုပ်ပြီး အိမ်ပြန်ရောက်ကာ အိပ်ပျော်သွားခဲ့သည်မှာ နာရီအနည်းငယ်မျှသာ ရှိသေးသလို ခံစားရသည်။ မနက် ၄ နာရီခန့် အလုပ်သိမ်းပြီးနောက် သောင်ခဲ့သော ဘီယာ အရှိန် ကြောင့် ယခုလို ခေါင်းကိုက်နေရခြင်းဟု သူ ကိုယ်သူအပြစ်တင်မိ၏။

 

ဖုန်းမြည်သံကို လျစ်လျူရှုရန် ကြိုးစားခဲ့သော်လည်း တဒီးဒီး မြည်နေသော အသံလှိုင်းတိုင်းက သူ၏ အရက်နာကျနေသော ဦးခေါင်းခွံကို တူ နှင့် ထုနေသည့်အလား ပို၍ပင် ကိုက်ခဲလာသည်။ ဖုန်းကို နားတွင် ကပ်ကိုင်ထားရန်ပင် အင်အား မရှိတော့သဖြင့် စပီကာ ဖွင့်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ချလိုက်၏။

 

"တီဗီ ဖွင့်လိုက်!" ဟု ထိတ်လန့်တကြား နှင့်အလောတကြီး ပြောလိုက် သော အသံ တသံ ထွက်လာသည်။ ဝမ်းကွဲ ‌ညီ၏ ဇနီး ဖြစ်သူက အလုပ်မှ လှမ်းဆက်လာခြင်း ဖြစ်သည်။

 

"ဘယ်လိုင်းလဲ" ဟု သူက မေးလိုက်၏။

 

"ကြိုက်တဲ့လိုင်း ဖွင့်လိုက်" 

 

ထိုအချိန်သည် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်ခန့် ဖြစ်သည်။ ဟတ်ချင်ဆန် သည် တီဗီကို ဖွင့်လိုက်ရာ အမေရိကန် အဲလိုင်း လေယာဉ်အမှတ် ၁၁ က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၏ မြောက်ဘက်မျှော်စင်ကို ဝင်တိုက်အပြီး မိနစ် ၂၀ ပင် မပြည့်မီအချိန်၌ ယူနိုက်တက် အဲလိုင်း လေယာဉ်အမှတ် ၁၇၅ က တောင်ဘက်မျှော်စင်ကို ဝင်တိုက်သွားသည်ကို အချိန်မှီ တွေ့လိုက်ရသည်။

 

ထိုနေ့နံနက်ပိုင်းအထိ သူ၏ အနာဂတ် ရည်မှန်းချက်လမ်းကြောင်းမှာ ရေရေရာရာ မရှိသေးပေ။ ဂျော်ဂျီယာ ပြည်နယ်မှ အထက်တန်းကျောင်း ဘောလုံးနှင့် ဘေ့စ်ဘော အားကစားသမားဟောင်းတဦးဖြစ်ခဲ့ပြီး ယခုအခါ နေ့ဘက်တွင် မြို့နယ် လမ်းတံတားဌာန၌ အလုပ်လုပ်ပြီး ညဘက်တွင် ကလပ် ၌ လုံခြုံရေးအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

 

သို့သော် မီးခိုးများ အုံ့ဆိုင်းနေသော မန်ဟက်တန် တောင်ပိုင်း၏ ရုပ်ပုံလွှာများက သူကို လမ်းပြပေးလိုက်ပြီ ဖြစ်သည်။

 

စစ်တပ်ထဲဝင်ပြီး ပင်လယ်ရပ်ခြားသို့ သွားရောက်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သူက နောက်ပိုင်းတွင် "ကျွန်တော် ထိုနေရာကို အမြန်ဆုံး အရောက် မသွားနိုင်ခဲ့ဘူး" ဟု ပြန် ပြောပြခဲ့သည်။

 

************

 

ဘဂ္ဂဒက်၊ — ၂၀၀၆ ခုနှစ်၊ ဩဂုတ်လ

 

ငါးနှစ်အကြာတွင် သူငယ်ချင်းများက ဟတ်ချ် ဟု ခေါ်ကြသည့် စတီးဗ် ဟတ်ချင်ဆန် သည် ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ် ၏ ပူပြင်းစိုစွတ်သော ပြေးလမ်းအတိုင်း သူ၏ ခရီးဆောင်အိတ်ကြီးကို ဆွဲမကာ လျှောက်လှမ်းလာခဲ့သည်။ ကင်တပ်ကီ ပြည်နယ်၊ ကမ်းဘဲ စစ် အခြေစိုက်စခန်း အမှတ် (၅၅၁) စစ်ရဲတပ်ရင်း၏ တပ်ဖွဲ့ဝင်တဦးအဖြစ် ရောက်ရှိလာခြင်းဖြစ်ပြီး၊ ဤလုပ်ငန်းစဉ်များမှာသူ့အတွက် အဆန်းမဟုတ်တော့ပေ။

 

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီး စစ်တပ်ထဲ ဝင်ရောက်လာခဲ့ကြသူ အများစုကဲ့သို့ပင်၊ သူသည်လည်း ပင်ပန်းဆင်းရဲလှသည့် စစ်ဆင်ရေး သံသရာ တွင် လည်ပတ် နေခဲ့ရသည်။ ၂၀၀၆ ခုနှစ်သို့ ရောက်သောအခါ၊ သူသည် ၂၀၀၃ ခုနှစ် ပထမအကြိမ် အီရတ်ဝင်ရောက်တိုက်ခိုက်မှုတွင် တနှစ်နှင့် အာဖဂန်နစ်စတန်တွင် တနှစ် တာဝန်ထမ်းဆောင်ပြီးဖြစ်၏။

 

သူသည် ယခု စစ်မြေပြင်သို့ အသစ်ရောက်ရှိလာသော အသက် ၂၀ ကျော်အရွယ် အမေရိကန် စစ်ရဲ ၁၁ ဦးပါ တပ်စိတ်တွင် အတွေ့အကြုံအရင့်ဆုံး တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ တပ်စိတ်ထဲတွင် အငယ်ဆုံးဖြစ်သူ ဒုတိယတပ်ကြပ် တပ်ကာ ဒေါ်ဆန် သည် အသက် ၂၁ နှစ်ပင် မပြည့်သေးဘဲ၊ အသက်အကြီးဆုံးဖြစ်သူ အထူးတပ်ကြပ် အာ့တ် ပကင်းစ် မှာမူ အသက် ၃၀ ကျော် အလယ်ပိုင်း ရောက်နေပြီဖြစ်သည်။

 

"အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲ" စတင်ခဲ့သည်မှာ ၅ နှစ်နီးပါး ရှိလာပြီဖြစ်ရာ၊ တပ်ဖွဲ့ဝင် ထက်ဝက်ခန့်မှာ ယခင်က စစ်မြေပြင် စေလွှတ်ခံခဲ့ရဖူးသူများဖြစ်ပြီး ကျန်ထက်ဝက်မှာမူ လေတပ်၏ C-130 လေယာဉ်ပေါ်မှ စစ်မီးလျှံများ တောက်လောင်နေရာ ဒေသသို့ ပထမဆုံးအကြိမ် ခြေချဖူးသူများ ဖြစ်သည်။

 

၎င်းတို့ အစီရင်ခံရသည့် အထက်အရာရှိ လက်ဖတင်နင် အန်းဒရီး ဂျက်ဆန် မှာမူ ROTC စစ်ပညာသင်တန်းမှ လတ်တလော ကျောင်းဆင်းထားသူ ဖြစ်၏။ အောက်ခြေ စစ်သည်များနှင့် အရာခံဗိုလ်များ NCOs မှာ အမေရိကန် ပြည်ထောင်စု အရပ်ရပ်မှ လာရောက်ကြသူများ ဖြစ်ကြသော်လည်း၊ အများစုမှာ ယခင်က စက်မှု ထွန်းကားပြီး ယခုအခါ အရှိန် လျော့သွားပြီ ဖြစ်သည့် "သံချေးတက် ‌ဒေသ Rust Belt ရှိ လူလတ်တန်းစား အသိုင်းအဝိုင်းများမှ ဖြစ်ကြသည်။ (အဓိကအားဖြင့် Pennsylvania, Ohio, Indiana, Michigan, Illinois ပြည်နယ်များနှင့် New York ပြည်နယ် အနောက်ပိုင်းတို့ ပါဝင်သည်။)

 

ထိုအချိန်က သူတို့ကိုယ်တိုင် မသိရှိကြသေးသော်လည်း၊ လ အနည်းငယ် အကြာတွင် တော့ သူတို့သည် စိတ်ကူးပင် ယဉ်ကြည့်၍ မရနိုင်သော သမိုင်းဝင် အဖြစ်အပျက်ကြီးတခု၌ အဓိက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရတော့မည် ဖြစ်သည်။ 

 

စစ်မြေပြင်သို့ မစေလွှတ်မီ လများအတွင်း ၎င်းတို့ အဖွဲ့တွင် အမျိုးသမီး များလည်း မပါဝင်၍ အချင်းချင်း အတော်ပင် စည်းလုံးချစ်ခင်မှု ရရှိခဲ့ကြပြီး ဖြစ်သည်။ စစ်မြေပြင်သို့ သွားရောက်ချိန်တွင် စစ်ရဲတပ်ဖွဲ့ဝင်များ ပုံမှန် လုပ်ဆောင်ရလေ့ရှိသည့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို စောင့်ကြပ်ခြင်းနှင့် ယာဉ်တန်း လုံခြုံရေး ယူပေးခြင်းစသည့် တာဝန်များကို ထမ်းဆောင်ရမည်ဟု မျှော်လင့်ထားကြသဖြင့် ဖော့တ်ကင်းဘဲလ် ကမ်းဘဲ တပ် စခန်းတွင် လေ့ကျင့်ရေး သင်ခန်းစာ အမြောက်အမြား ကို လေ့ကျင့်သင်ယူခဲ့ကြရသည်။ 

 

လေ့ကျင့်ရေး ခေတ္တနားချိန်များတွင် လူလွတ်များက အနီးအနားရှိ တင်းနက်ဆီပြည်နယ်၊ ကလခ်ဗေးလ် မြို့ပေါ်ရှိ Kickers ဘား သို့မဟုတ် Lodge ဘားတို့တွင် အနားယူ အပန်းဖြေလေ့ ရှိကြပြီး၊ အိမ်ထောင်ရှင်များကမူ တပ်စခန်းပြင်ပရှိ ရေပန်းစားသော Yamato ဂျပန် အမဲကင် စားသောက်ဆိုင်တွင် ဇနီးသည်များနှင့်အတူ ညစာ အတူစားနိုင်ရန် တယောက်ကလေးကို တယောက် အလှည့်ကျ ကူညီထိန်းပေးကြသည့် အိမ်ထောင်သည်တို့၏ ပုံမှန် အလေ့အထအတိုင်းသာ ကုန်လွန်စေခဲ့ကြသည်။

 

ဟတ်ချင်ဆန်၊ အာ့တ် ပါကင်စ်၊ တမ် ဖလန်နာဂန် နှင့် ခရစ် တက်စကာ ကဲ့သို့ ယခင်က စစ်ရေးတာဝန်ဖြင့် စေလွှတ်ခံခဲ့ဖူးသူများမှာမူ ဤလုပ်ရိုးလုပ်စဉ်ကို အကျွမ်းတဝင် ရှိနှင့်ပြီးဖြစ်သည်။ တပ်သားသစ်များဖြစ်ကြသည့် တပ်ကာ ဒေါ့ဆင်၊ အဒမ် ရိုဂျာဆင်နှင့် ပေါလ် စဖာ တို့အတွက်မူ ဤခရီးစဉ်သည် လုံးဝကို ဆန်းသစ်သော စွန့်စားခန်းတခု လို ဖြစ်နေခဲ့သည်။ 

 

စဖာမှာမူ သူ၏ ကိုယ်အလေးချိန် မထိန်းနိုင် ဖြစ်နေ၍ စစ်မျက်နှာသို့ ယခု မှ စေလွှတ်ခံရသူ ဖြစ်သည်။ အီရတ်သို့ မထွက်ခွာမီ လပိုင်းအလိုက တပ်ကြပ်ကြီး ခရစ် ဘက်တာဂါလီယာ သည် စဖာ၏ ဆူဖြိုးသော ဝမ်းဗိုက်သားကို ကျစ်လစ်သွားစေရန်အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့ရသည်။ သို့သော်လည်း ထိုလူငယ်တပ်သားလေးမှာ သူ၏ ကိုယ်အလေးချိန်ထက် အခြား ထင်ရှားသည့် အကြောင်းအရာ များ လည်း ရှိနေသည်။

 

အမှန်စစ်စစ် သူသည် စစ်ရေးပြကွင်းထက် စကိတ်ကွင်း သို့မဟုတ် ရော့ခ်တေးဂီတ ဖျော်ဖြေပွဲများ၏ ပွဲကြည့်စင်ရှေ့ ရှိနေသူ များနှင့် ပို၍ လိုက်ဖက်နေသူတဦးသဖွယ် ထင်မှတ်ရပေသည်။ တက်တူးများ တကိုယ်လုံးနီးပါး အပြည့် ရှိနေခြင်းကိုလည်း အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေသူ ဖြစ်သည်။ 

 

၎င်းတို့ အားလုံး ကမ်းဘဲလ် စစ် စခန်း မှ မိန်း၊ ဂျာမနီ၊ ကူဝိတ် တို့ကိုဖြတ်ကျော်ကာ နောက်ဆုံးတွင် ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာလေဆိပ် ၏ မီးရောင်စူးစူး လေယာဉ်ကွင်းပြေးလမ်းပေါ်သို့ ရောက်ရှိလာသည်အထိ မရပ်မနား ရှည်လျားလှသော ခရီးစဉ်ကို ဖြတ်သန်း ရောက်ရှိလာခဲ့သူ များ ဖြစ်သည်။ နေဝင်သွားပြီးနောက်ပိုင်းတွင်ပင် အပူချိန်မှာ ဖာရင်ဟိုက် ကိုးဆယ်ကျော် အထိ ရှိနေဆဲဖြစ်ပြီး၊ ၎င်းတို့၏ အိတ်များကို မချရသေးမီမှာပင် အဝတ်အစားများမှာ ချွေးများ ဖြင့် စိုရွှဲနေခဲ့ကြပြီ ဖြစ်သည်။ 

 

ဤအချက်သည်ပင်လျှင် သူတို့သည် မိဘရပ်ရွာမှ အလွန်အမင်း ဝေးကွာနေပြီဖြစ်ကြောင်းနှင့် ဤခရီးစဉ်သည် အပျော် ခရီး ထွက်လာခြင်း မဟုတ်ဘဲ အန္တရာယ် နှင့်နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရ တော့မည့် အရေး ဖြစ်သည်ကို ခပ်ကြမ်းကြမ်း လှုပ်နိုး သတိပေးနေသလို ဖြစ်လာခဲ့သည်။

 

*****************