ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(108)

by Hla Soewai - Nov 02 2026

ဂျွန်၊ ပေါလ်၊ ဂျော့ချ်၊ ရင်ဂို နှင့် မာရီတို့ကဲ့သို့ နာမည်တလုံးတည်းဖြင့်သာ လူသိများထင်ရှားနေသူ သူမသည် စင်ပေါ်သို့ တက်လာခဲ့သည်။ သူမဝတ်ဆင်ထားသည်မှာ ကတ္တီပါနီ ရင်ဖုံးအင်္ကျီ ၊ ကျားသစ်ရေပိတ်စ မီနီစကတ်တို၊ အနက်ရောင် ဇာလက်အိတ်၊ ရှည်‌ မျော မျော နှင့် ပါးလွှာချွန်ထက်သော ဒေါက် ပါသည့် ပေါင်လယ်အထိရှည်သော သားရေဖိနပ်ရှည်များ ဖြစ်ကြသည်။ ထိုရှည်လျားလှသည့်ဖိနပ်၊ မီနီစကတ်နှင့် ရင်ဖုံးအင်္ကျီကြားတွင် ဗလာကျင်းနေသည့် ပြေပြစ်ချောမွတ်သော သူမ၏ ဝမ်းဗိုက်သားပြားပြားလေးကိုသာ မြင်လိုက်ရပါက ကျွန်တော့်နှလုံးခုန်သံ ရပ်တန့်သွားလောက်ပေသည်။ 

 

သို့သော် ဤအရာသုံးခုစလုံး ပေါင်းစပ်သွားမှုကမူ ကျွန်တော့်နှလုံးခုန်နှုန်းကို လုံးဝ ရပ်တန့်သွားစေခဲ့ပြီး လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့၏ အားပြင်းပြင်းဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ ပေသည်။

 

ထိုကြောင့် ကျွန်တော့် နှလုံး ပြန်လည် လည်ပတ်စေရန်ကော့ညက် အရက် ကို အမြန် လောင်းထဲ့ လိုက်ရသည်၊ ထို အဖြစ်မှ လွတ်မြောက်လာခဲ့သော်လည်း၊ အရက်စိုရွဲနေပြီဖြစ်သော နှလုံးသားမှာ သူမ၏ အချစ်သီချင်း ကြောင့် လွယ်လွယ်ကူကူပင် မီးလောင်ကျွမ်းသွားရတော့သည်။ 

 

သူမသည် ပထမဆုံးသီချင်းအဖြစ် မမျှော်လင့်ထားသော "I'd Love You to Want Me" သီချင်းဖြင့် စတင်ပြီး အပူချိန်ကို မြှင့်တင်လိုက်လေသည်။ အင်္ဂလိပ်မူရင်း အဆိုအတိုင်းဖြစ်စေ၊ အလွန်ကောင်းမွန်သည့် ပြင်သစ်နှင့် ဗီယက်နမ် ဘာသာပြန်ဆိုမှုများဖြင့်ဖြစ်စေ "I'd Love You to Want Me" သီချင်းကို ယခင်က အမျိုးသားများသာ သီဆိုသည်ကို ကျွန်တော် ကြားဖူးခဲ့သည်။

 

ဤသီချင်းက စာသားမှသည် တေးသွားအထိ အပြည့်အဝ ဖော်ပြနေသည်မှာ မေတ္တာငတ်နေသည့် ချစ်ခြင်း မခံရသူ တယောက် အကြောင်း ပင် ဖြစ်ပြီး၊ ကျွန်တော်တို့ တောင်ပိုင်းသား ယောကျ်ားလေးများသည် စီးကရက်၊ ကော်ဖီနှင့် ကော့ညက်အရက်တို့ပြီးလျှင် ကွဲပြဲနေသော နှလုံးသားများနှင့် မေတ္တာငတ်မွတ်ခြင်းကို အနှစ်သက်ဆုံးပင် ဖြစ်သည်။

 

သူမ၏ သီဆိုသံကို ကြားရသောအခါ ကျွန်တော် ခံစားလိုက်ရသည်မှာ သူမ၏ ရင်ခွင်တွင် တညတာမျှ နစ်မွန်းမြှုပ်နှံလိုက်ပြီး ထိုအမှတ်တရကို ထာဝရ သိမ်းဆည်းထားချင်စိတ်ပင် ဖြစ်သည်။ စင်ပေါ်တွင် မိုက်ခရိုဖုန်းကို ကိုင်ကာ သာမန်မျှ ယိမ်းနွဲ့နေသော သူမကို ကြည့်ရင်း ထိုအခန်းထဲရှိ အမျိုးသားတိုင်းလည်း ကျွန်တော့်ကဲ့သို့ပင် ခံစားနေကြရသည်။ သူမ၏ အသံသည် ပရိသတ်ကို စိတ်လှုပ်ရှားစေရုံမျှမက ငြိမ်သက်သွားအောင်ပါ စွမ်းဆောင်နိုင်၏။ မည်သူမျှ စကားမပြောကြ၊ မည်သူမျှ မလှုပ်ရှားကြဘဲ ဆေးလိပ်သောက်ရန် သို့မဟုတ် ဖန်ခွက်ကို မြှောက်ရန်မျှသာ လှုပ်ရှားကြပြီး၊ ထိုသို့ စိတ်ရောကိုယ်ပါ အပြည့်အဝ အာရုံစိုက်ထားမှုသည် သူမ၏ နောက်ထပ် အနည်းငယ် ပိုမို မြိုင်ဆိုင်သော "Bang Bang (My Baby Shot Me Down)" သီချင်း ရောက်သည့်တိုင်အောင် ပျက်ပြယ်မသွားခဲ့ပေ။

 

ထိုသီချင်းကို နန်စီ ဆင်နက်ထရာ က ပထမဆုံး သီဆိုခဲ့သော်လည်း၊ သူမမှာမူ အကြမ်းဖက်မှုနှင့် သေနတ်များအကြောင်းကို ဖခင်ဖြစ်သူ ဖရန့်ခ် ၏ မာဖီယား ဂိုဏ်မှ မိတ်ဆွေများထံမှတဆင့် ကြားဖူးရုံမျှသာ ရှိသည့် ရွှေဝါရောင် ဆံနွယ် နှင့် မင်းသမီးလေးမျှသာ ဖြစ်သည်။ လာနာ ကမူ ထိုသို့မဟုတ်ဘဲ လူဆိုးဂိုဏ်းများ ကြီးစိုး သောင်းကျန်းလွန်းလှ၍ စစ်တပ်နှင့်ပင် လမ်းမများပေါ် ထွက် ရှင်း ခဲ့ရဖူးသည့် မြို့ကြီး၌ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ 

 

ဆိုင်ဂုံတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုများမှာ ရိုးစင်းလှပြီး၊ အကြမ်းဖက် ဗုံးခွဲမှုများမှာလည်း မဆန်းတော့သည့်အပြင်၊ ဗီယက် ကောင်း တို့၏ အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်မှုများကို ပြည်သူအများ ခါးစီး ခံခဲ့ရသော မြို့တမြို့ ဖြစ်သည်။ 

 

နန်စီ ဆင်နက်ထရာ အတွက်မူ "Bang Bang" သည် ကလေးကစားစရာ ပေါ့ပ်သီချင်း စာသားများမျှသာ ဖြစ်၏။ ကျွန်တော်တို့အတွက်မူ "Bang Bang" ဆိုသည်မှာ ကျွန်တော်တို့ ဘဝ၏ အသံထွက် နောက်ခံတေးဂီတပင် ဖြစ်တော့သည်။

 

ထို့အပြင် နန်စီ ဆင်နက်ထရာ သည် အမေရိကန် အများစုကဲ့သို့ပင် ဘာသာစကားတခုတည်းသာ တတ်မြောက်ခြင်း ဆိုသည့် အားနည်းချက် ရှိနေခဲ့သည်။ လာနာ ၏ ပိုမိုကြွယ်ဝ၍ အသေးစိတ်ဆန်သော “Bang Bang” သီချင်းဗားရှင်းကမူ အင်္ဂလိပ်စာသားများကို ပြင်သစ် နှင့် ဗီယက်နမ်ဘာသာစကားတို့နှင့် ရောစပ်သီဆိုထားခဲ့သည်။ Bang bang, je ne l'oublierai pas ဟူ၍ ပြင်သစ်ဗားရှင်း၏ နောက်ဆုံးစာကြောင်းက ဆိုထားပြီး၊ ၎င်းကို ဖန် ဒွိုင်း၏ ဗီယက်နမ်ဗားရှင်းဖြစ်သော We will never forget (ကျွန်ုပ်တို့ ဘယ်တော့မှ မေ့မည်မဟုတ်) ဆိုသည့် စာသားဖြင့် ပဲ့တင်ထပ်စေခဲ့သည်။ 

 

ဆိုင်းဂုံမြို့၏ ဂန္ထဝင်ပေါ်ပြူလာသီချင်းများ စံနှုန်းတွင် ဤသုံးဘာသာစပ် သီဆိုမှုသည် အမှတ်တရ အအေးဆုံးနှင့် အထင်ရှားဆုံးများထဲမှ တခုဖြစ်ခဲ့ကာ၊ ငယ်စဉ်ကတည်းက သိကျွမ်းလာခဲ့ကြသည်ဖြစ်စေ၊ သို့မဟုတ် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြသည့် အကြောင်းရင်းကြောင့်ပင်ဖြစ်စေ အချင်းချင်း ပစ်ခတ်သတ်ဖြတ်ကြသည့် ချစ်သူနှစ်ဦး၏ ပဟေဠိဆန်သော ဇာတ်လမ်းထဲတွင် အချစ် နှင့် အကြမ်းဖက်မှုကို ကျွမ်းကျင်ပိုင်နိုင်စွာ ရောစပ်ဖန်တီးထားခဲ့ပေသည်။ 

 

Bang bang ဆိုသည်မှာ မှတ်ဉာဏ်တည်းဟူသော သေနတ်က ကျွန် တော် တို့၏ ဦးခေါင်းထဲသို့ ပစ်ခတ်လိုက်သည့် အသံပင်ဖြစ်သည် — အကြောင်းမှာ ကျွန်ုပ်တို့သည် အချို့ကို မမေ့နိုင်သကဲ့သို့ စစ်ပွဲကိုလည်း မမေ့နိုင်ကြ၊ ချစ်သူများကို မမေ့နိုင်သကဲ့သို့ ရန်သူများကိုလည်း မမေ့နိုင်ကြ၊ အိမ်ကို မမေ့နိုင်သကဲ့သို့ ဆိုင်းဂုံမြို့ကိုလည်း မမေ့နိုင်ကြသောကြောင့် ဖြစ်ပေသည်။

 

ထို့ပြင် ကျွန်ုပ်တို့သည် ကြမ်းတမ်းသော သကြားခဲပါရှိသော ရေခဲမုန့်စိမ်း ၏ ကာရာမဲလ်အရသာကို မမေ့နိုင်ကြ၊ လမ်းဘေးတွင် ထိုင်လျက် စားသုံးခဲ့ရသော ခေါက်ဆွဲပြုတ်ပန်းကန်များကို မမေ့နိုင်ကြ၊ အုန်းပင်အောက်ရှိ ပုခက်များပေါ်တွင် ယိမ်းနွဲ့ရင်း သူငယ်ချင်းတဦး၏ ဂစ်တာသံကို မမေ့နိုင်ကြ၊ လမ်းကြားများ၊ ရင်ပြင်များ၊ ပန်းခြံများနှင့် လယ်ကွင်းများအတွင်း ဖိနပ်မပါဘဲ၊ အင်္ကျီမပါဘဲ ကစားခဲ့ကြသော ဘောလုံးပွဲများကို မမေ့နိုင်ကြ၊ တောင်တန်းများကို ပတ်ရံထားသော နံနက်ခင်း တွင် ပုလဲသွယ်များလို ဆိုင်းနေ သော မြူခိုး များကို မမေ့နိုင်ကြ၊ သဲများ နှင့် ရှတတ ဖြစ် နေသော ကမ်းခြေတခု တွင် အခွံခွာထားသော ကမာကောင်များ၏ စိုစွတ်ညက်ညောမှုကို မမေ့နိုင်ကြ၊ မြကျွန်းပေါ်မှ ချစ်သူက ကျွန် တော် တို့၏ ဘာသာစကားဖြင့် သာယာယစ်မူးဖွယ် anh oi (အကိုရေ) ဟူသော တိုးညှင်းသည့် အသံကို မမေ့နိုင်ကြ၊ စပါးနယ်နေချိန် ထွက်ပေါ်လာသော တညံညံမြည်သံများကို မမေ့နိုင်ကြ၊ မိသားစုကို လွမ်းဆွတ်တမ်းတသည့် အမှတ်တရများဖြင့် လမ်းပေါ်ရှိ မိမိတို့၏ ဆိုက်ကားများပေါ်တွင် နွေးနွေး ထွေးထွေး အိပ်စက်ခဲ့ကြရသော အလုပ်သမားများကို မမေ့နိုင်ကြ၊ မြို့တိုင်း၏ လမ်းမတိုင်းတွင် အိပ်စက်ခဲ့ကြရသော ဒုက္ခသည်များကို မမေ့နိုင်ကြ၊ ဖြည်းဖြည်းချင်း လောင်ကျွမ်းနေသော ခြင်ဆေးခွေတို့၏ အငွေ့အသက်ကို မမေ့နိုင်ကြ၊ သစ်ပင်ပေါ်မှ လတ်လတ်ဆတ်ဆတ် ခူးဆွတ်လိုက်သော သရက်သီး၏ အချိုဓာတ်နှင့် မာကျောမှု ကို မမေ့နိုင်ကြ၊ ကျွန်ုပ်တို့ကို စကားမပြောဘဲ ရှောင်ဖယ်သွားတတ်ကြ၍ ပို၍ပင် လွမ်းဆွတ်တမ်းတစေခဲ့ကြသော မိန်းကလေးများကို မမေ့နိုင်ကြ၊ သေဆုံးသွားကြ သို့မဟုတ် ပျောက်ကွယ်သွားကြသော လူများကို မမေ့နိုင်ကြ၊ ဗုံးဆံများကြောင့် ပြိုပျက်သွားခဲ့ရသော လမ်းများနှင့် အိမ်များကို မမေ့နိုင်ကြ၊ ရယ်မောရင်း အဝတ်အထည်မပါဘဲ ရေကူးခဲ့ကြသော ကြည်လင်သော ချောင်းရေများကို မမေ့နိုင်ကြ၊ ငှက်ကလေးများကဲ့သို့ အပြစ်ကင်းစင်စွာ ရေကစားနေကြသော နတ်သမီးများကို ချောင်းမြောင်းကြည့်ရှုခဲ့ကြသည့် လျှို့ဝှက် ခြုံပုတ်များကို မမေ့နိုင်ကြ၊ တဲအိမ်များ၏ နံရံပေါ်တွင် ဖယောင်းတိုင်မီးရောင်ကြောင့် ထင်ဟပ်နေသော အရိပ်များကို မမေ့နိုင်ကြ၊ ရွှံ့လမ်းများနှင့် ကျေးလက်လမ်းများပေါ်မှ နွားကျောင်းသား တို့၏ ပုလွေသံ များကို မမေ့နိုင်ကြ၊ စွန့်ပစ်ခံထားရသော ရွာငယ်တခုအတွင်းမှ ဗိုက်ဆာနေသည့် ခွေးတကောင်၏ အူသံကို မမေ့နိုင်ကြ၊ စားလိုက်ရသဖြင့် မျက်ရည်ကျရသည်အထိ မွှေးပျံ့တပ်မက်ဖွယ်ကောင်းသော ဒူးရင်းသီး၏ အနံ့အသက်ကို မမေ့နိုင်ကြ။

 

 မိခင်နှင့် ဖခင်တို့၏ အလောင်းများဘေးတွင် ငိုကြွေးအော်မြည်နေကြသော မိဘမဲ့ကလေးငယ်များ၏ မြင်ကွင်းနှင့် အသံများကို မမေ့နိုင်ကြ၊ နေ့လယ်ခင်းတွင် ချွေးစေးများဖြင့် စေးကပ်နေသော အင်္ကျီများ၊ ချစ်တင်းနှီး နှောက် ချစ်သူ၏ ကိုယ်ခန္ဓာမှ ချွေးများ နှင့် စေးကပ် နေသည့် အနံ့၊ ကျွန် တော် တို့ ရုန်းကန်ခဲ့ရသော အခြေအနေများကို မမေ့နိုင်ကြ၊ အသက်ရှင်လွတ်မြောက်ရန် ပြေးလွှားနေကြရင်း ကျေးရွာသားများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသဖြင့် ဝက်များ၏ ကြောက်လန့်တကြား အော်သံများကို မမေ့နိုင်ကြ၊ နေဝင်ဆည်းဆာကြောင့် မီးတောက်လောင်နေသကဲ့သို့ နီရဲနေသော တောင်ကုန်းများကို မမေ့နိုင်ကြ၊ ပင်လယ်ပြင်၏ အိပ်ရာခင်းပေါ်မှ ထွက်ပေါ်လာသော အရုဏ်ဦး၏ သရဖူဆောင်းထားသော ဦးခေါင်းကို မမေ့နိုင်ကြ၊ ကျွန်‌ တော် တို့၏ မိခင် လက်ဝါးပေါ်မှ အနွေးဓာတ်ကို မမေ့နိုင်ကြ — ဤစာရင်းကြီးသည် အဘယ်မျှပင် ရှည်လျားသွားနိုင်စေကာမူ အဓိကအချက်မှာ ဤမျှသာ ဖြစ်ပေသည်– ကျွန်ုပ်တို့ လုံးဝ မမေ့နိုင်ခဲ့ကြဆုံး တခုတည်းသော အရေးအကြီးဆုံးအချက်မှာ "ကျွန် တော် တို့သည် မည်သည့်အခါမျှ မေ့ပျောက်သွားနိုင်ကြလိမ့်မည် မဟုတ်" ဟူသော အချက်ပင်တည်း။

 

လာနာ ဆို ပြီးသွားချိန်တွင် ပရိသတ်ကြီးက လက်ခုပ်တီးကြ၊ တရွှီးရွှီး လက်ခေါက်မှုတ်ကြ၊ ခြေထောက်ဖြင့် မြေကြီးကို တဒုန်းဒုန်း ဆောင့်ကြခြင်းတို့ဖြင့် အားပေးကြသည်။ သို့သော် ကျွန်ုပ်ကား သူမ ခေါင်းညိတ်အရိုအသေပေးကာ စင်ပေါ်မှ ယဉ်ကျေးသိမ်မွေ့စွာ ဆင်းသွားသည်အထိ တိတ်ဆိတ်ငေးမောကာ ကျောက်ရုပ်လို ထိုင်နေမိသည်။ အလွန်အမင်း ရင်သပ်ရှုမော မိ နေ၍ လက်ခုပ်ပင် မတီးနိုင်ခဲ့။

 

ကဗျာဆရာက ဖျော်ဖြေမည့် နောက်တဦး ကို မိတ်ဆက်ပေးနေချိန်တွင် ကျွန်ုပ် ကြားလိုက်ရသည်မှာ ဦးနှောက်ထဲ၌ တဒေါက်ဒေါက် မြည်ဟည်းနေသည့် အသံများသာ ဖြစ်၏။ လာနာသည် ဖျော်ဖြေသူများအတွက် သီးသန့် ပေးထားသော စားပွဲဝိုင်းသို့ ပြန်လာထိုင်ပြီး သူမဘေးနားရှိ ခုံမှာမူ စင်ပေါ် သို့ တက်သွားသည့် အဆိုရှင်ကြောင့် လစ်လပ်နေခဲ့သည်။ 

 

ထိုစဉ် ကျွန် တော်က ဘွန် အား "ဆယ်မိနစ်လောက်နေရင် ပြန်လာခဲ့မယ်" ဟု ပြောလိုက်သည်။ ဘွန်က "အဲ့ဒီလို မလုပ်နဲ့‌ လေ၊ မင်းမှာ ခေါင်းမရှိဘူးလား" ဟု တားသံကို ကြားလိုက်ရသော်လည်း၊ ဘာမှ ထပ်မတွေးတော့ဘဲ ခန်းမကြီးကို ဖြတ်၍ လျှောက်လာခဲ့တော့သည်။

 

အမျိုးသမီးတဦးနှင့် စကားစမြည်ပြောဆိုရာတွင် အခက်ခဲဆုံးမှာ ပထမဆုံးခြေလှမ်းကို လှမ်းရန်ပင် ဖြစ်သော်လည်း၊ အရေးအကြီးဆုံးမှာမူ လုံးဝမတွေးတောဘဲနေရန် ဖြစ်ပေသည်။ မတွေးဘဲ နေခြင်းသည် ထင်ထားသည်ထက် ပို၍ ခက်ခဲသော်လည်း အမျိုးသမီးများနှင့် ပတ်သက်လာလျှင် မည်သည့်အခါမျှ မတွေးတောသင့်ပေ။ လုံးဝ လုံးဝ မတွေးရပါ။ တွေးမိပါက အလုပ်မဖြစ်နိုင်တော့ပေ။

 

ကျောင်းသားဘဝ တုန်းက မိန်းကလေးများထံသို့ ပထမဆုံးအကြိမ် သွားရောက်ချဉ်းကပ်ခဲ့စဉ်က ကျွန်ုပ်သည် အလွန်အကျွံ တွေးတောခဲ့မိပြီး တွေဝေသွားခဲ့ရကား နောက်ဆုံးတွင် ရုန်းကန်ရင်းနှင့်ပင် လမ်းဆုံးခဲ့ရဖူးသည်။

 

သို့သော် ထိုသို့ဖြစ်ခဲ့လျှင်တောင်မှ ငယ်စဉ်က ကြုံခဲ့ရသမျှ လူမိုက်ဆန်ဆန် အနိုင်ကျင့် ခံခဲ့ရမှုတွေက ကျွန် တော့် ကို ရင့်ကျက်စေခဲ့ပြီး၊ "အငြင်းခံရခြင်းသည် အငြင်းခံရမည့် အခွင့်အရေးတောင် မရလိုက်ခြင်းထက် ပိုကောင်းသည်" ဟူသော ယုံကြည်ချက်ကို ရရှိလာစေခဲ့သည်။

 

ထို့ကြောင့်ပင် ကျွန်ုပ်သည် သံသယနှင့် ကြောက်ရွံ့မှုဟူသမျှကို ဗုဒ္ဓဘုရားပင် သဘောကျလောက်သည်အထိ Zen နည်းကျ ပယ်ဖျက်လျက် မိန်းကလေးများ၊ ယခုအမျိုးသမီးများထံသို့ ချဉ်းကပ်ခဲ့ခြင်း ဖြစ်လေသည်။ 

 

လာနာ၏ ဘေးနားတွင် ဝင်ထိုင်ကာ ဘာမှမတွေးဘဲ ကျွန်ုပ်၏ အာရုံခံစားချက်များနှင့် အမျိုးသမီးတဦးနှင့် စကားပြောရာတွင် အသုံးချမည့် အခြေခံစည်းမျဉ်း သုံးရပ်ကိုသာ လိုက်နာခဲ့သည်။

 

ထိုစည်းမျဉ်းများမှာ - ခွင့်တောင်းစရာ မလိုပါ၊ "ဟယ်လို" ဟု နှုတ်ဆက်စရာ မလိုပါ၊ သူမကို အရင်စပြောခွင့် မပေးနှင့် — စသည်တို့ပင် ဖြစ်ပေသည်။