အလံသည် လေထဲတွင် ဘယ်ယိမ်းညာယိမ်းကာ တလှုပ်လှုပ် နှင့် ထပ်၍ မြင့်တက်လာပြန်သည်။ အရာရှိငယ် လေး က နောက်သို့ ခုန်ဆုတ်ကာ ထိုင်ချ လိုက်သည်။ နီကိုလိုင်သည် အမေ၏ ဘေးမှ ပြေးထွက်သွားပြီး လက်သီး လက်မောင်းတန်းကာ လှုပ်ယမ်းနေသည်။
"အဲ့ကောင် တွေကို ဖမ်း!" ဟု လူကြီးဖြစ်သူက ခြေထောက်ကို ဆောင့်ပြီး အော်ဟစ် အမိန့်ပေး နေသည်။ သူ၏ အမိန့် ကြောင့် စစ်သားအချို့ ရှေ့သို့ ခုန်ထွက်လာကြပြီး တဦးက သေနတ်ဒင်ဖြင့် အလံတိုင် ကို ရိုက်ချလိုက်သည်။ အလံသည် လှုပ်ခါသွားပြီး အောက်သို့ ကျကာ မီးခိုးရောင် စစ်သားအုပ်ကြီးထဲ ပျောက်ကွယ်သွားလေသည်။
တစုံတယောက်ထံမှ ကျယ်လောင်စွာ ညည်းတွားသံ ထွက်ပေါ်လာသည်။ အမေသည်လည်း တောရိုင်းတိရစ္ဆာန်တကောင်လို အော်ဟစ်လိုက်လေသည်။ သို့သော် စစ်သားအုပ်စုကြားထဲမှ ပါဗယ်၏ သဲကွဲပြတ်သားသော အသံကို အမေသည် ကြားလိုက်ရသည်။
"သား နှုတ်ဆက်ပါတယ် အမေ! ဂရုစိုက်ပါ အမေ!"
"သူ သက်ရှိထင်ရှား ရှိသေးတယ်! သူ ငါ့ကို သတိရတုန်းပဲ!" ဆိုသည့် အသိသည် အမေ့၏ ရင်ဝကို နှစ်ချက်မျှ ဆောင့်ရိုက်လိုက်သလို ခံစားလိုက်ရသည်။
"နှုတ်ဆက်ပါတယ် အမေရေ!" ဟု အန် ဒရေ ထံမှလည်း အသံထွက်ပေါ်လာ၏။
အမေသည် လက်များကို ဝေ့ယမ်းရင်း ခြေဖျားထောက်ကာ သူတို့ကို မြင်တွေ့နိုင်ရန် ကြိုးစားလိုက်သည်။ စစ်သားများ၏ ခေါင်းပေါ်တွင် အန်ဒ ရေ ၏ ဝိုင်းစက်သော မျက်နှာကို မြင်လိုက်ရ၏။ သူသည် အမေ့ကို ပြုံးပြရင်း ခေါင်းတညိတ် ညိတ် နှင့် နှုတ်ဆက်နေလေသည်။
အို... အမေ့သား ရွှေသွေး လေး ... အန်ဒရူးရှာ... ပါရှာ.တို့ ရေ.." ဟု ဟစ် အော် လိုက်သည်။
"နှုတ်ဆက်ခဲ့ပါတယ် ရဲဘော်တို့ရေ..." စစ်သားများကြားထဲမှ သူတို့က ပြန်လည်အော်ဟစ် နှုတ်ဆက်ကြသည်။
ထိုသို့ ကြေကွဲစွာ နှုတ်ဆက်လိုက်သံကြီးသည် အိမ်ပြတင်းပေါက်များနှင့် ခေါင်မိုးများထံသို့ပင် ပဲ့တင်ထပ်သွားခဲ့သည်။
အမေသည် သူမ ရင်ဘတ်ထဲတွင် တစုံတယောက်က ဆောင့်တွန်းထားသကဲ့သို့ ခံစားလိုက်ရ၏။ မျက်ရည်ဝိုင်းနေသော စိမ်းဝါးဝါး မျက်ဝန်းများကြားမှ အရာရှိငယ်လေးကို သူမ မြင်လိုက်ရသည်။ သူ၏ မျက်နှာမှာ နီရဲကာ တင်းမာနေပြီး သူမကို အော်ဟစ်လိုက်၏။
"ဒီနေရာကနေ ထွက်သွားစမ်း... အဘွားကြီး!"
သူမသည် သူ့ကို ငုံ့ကြည့်လိုက်ရာ သူ၏ ခြေထောက်အောက်တွင် နှစ်ပိုင်းကျိုးနေသော အလံတိုင်နှင့် အပိုင်းအစတခုပေါ်တွင် ပိတ်စနီနီလေး ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသည်။ သူမသည် ကုန်း၍ ထိုအထည်စကို ကောက်ယူလိုက်၏။
အရာရှိက သူမလက်ထဲမှ ပြန် လုကာ ဘေးသို့ လွှင့်ပစ်လိုက်ပြီး ခြေကို ဆောင့်ကာ...
"ဒီနေရာကနေ ထွက်သွားလို့ ... ခင်ဗျားကြီးကို ပြောနေတယ်လေ!"
ထိုအချိန်တွင် လူအုပ်ထဲမှ သီချင်းသံတသံသည် ပျံ့လွင့်ထွက်ပေါ်လာခဲ့သည် -
"နိုးထကြ၊ အလုပ်သမားတို့၊ နိုးထကြစို့..."။
အရာခပ်သိမ်းသည် လှည့်ပတ်၊ လှုပ်ခါ၊ တုန်ယင်နေကြ၏။ ကြေးနန်းကြိုးများမှ ခပ်အုပ်အုပ် မြည်ဟိန်းသံနှင့် တူသော စိုးရိမ်ဖွယ်ရာ ဆူညံသံကြီးသည် လေထုအတွင်း ပျံ့နှံ့ပြည့်နှက်သွားခဲ့သည်။
အရာရှိသည် နောက်သို့ ခုန်ဆုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည် -
"သီချင်းဆိုတာ ရပ်ပစ်၊ တပ်ကြပ် ကရိုင်းနော့ဗ်!"
အမေသည် သူ လွှင့်ပစ်လိုက်သော အလံတိုင် အကျိုး ဆီသို့ ယိုင်တိ ယိုင် ထိုးလျှောက်သွားကာ ထိုအလံတိုင်စကို ပြန်ကောက်ယူလိုက်၏။
"သူတို့ပါးစပ်တွေကို ပိတ်ပစ်ကြစမ်း!"
သီချင်းသံသည် ကပေါက်ကချာ ဖြစ်လာပြီး၊ တုန်ရီလာကာ၊ တိတ်ဆိတ်ပျောက်ကွယ်သွားလေ၏။
တစုံတယောက်က အမေ၏ပခုံးနှစ်ဖက်ကိုဆွဲလှဲ့ပြီး ကျောဘက်မှနေ၍ တွန်းထုတ်လိုက်သည်။ "သွား၊ သွားစမ်း! လမ်းပေါ်က ဖယ်ကြစမ်း!" ဟု အရာရှိက အော်ဟစ်လိုက်သံ ထွက်လာသည်။
အမေသည် သူနှင့် ခြေလှမ်းဆယ်လှမ်းခန့်အကွာတွင် လူအုပ်ကြီးကို ထပ်တွေ့လိုက်ရပြန်သည်။ ၎င်းတို့သည် လမ်းအတိုင်း နောက်သို့ဆုတ်လာရင်း အော်ဟစ်ဆူပူခြင်း၊ ညည်းတွားခြင်း၊ တရွှီးရွှီးမြည်အောင် ရေရွတ်ခြင်းတို့ ဖြင့် အသံ မျိုးစုံ ထွက်နေကြ၏။ လူအုပ်ထဲမှ လူအချို့ကိုမူ အိမ်ရှင်များက ၎င်းတို့ ခြံဝင်းများအတွင်းသို့ ဆွဲသွင်းနေကြလေသည်။
"ထွက် သွားစမ်း၊ မိစ္ဆာမကြီး!" နှုတ်ခမ်းမွေး ကားကားနှင့် စစ်သား ခပ် ငယ်ငယ်တစ်ဦးက အမေ၏ နား နား ကပ်၍ အော်ဟစ်လိုက်သည်။ သူသည် မိခင်ကြီးကို ပွတ်တိုက်သွားရင်းက လမ်း ဘေး သို့ တွန်းထုတ်လိုက်၏။ အမေသည် ကျိူး နေသော အလံတိုင်ကို မှီတွယ်ရင်း ဘေးသို့ ဖယ်ပေးလိုက်ရသည်။ သူမသည် မြန်မြန်နှင့် ပေါ့ပေါ့ပါးပါး လျှောက်လာခဲ့သော်လည်း ခြေထောက်များမှာ ခွေကျလာ၍ လဲကျ မသွားစေရန်အတွက် နံရံများနှင့် ခြံစည်းရိုးများကို ကိုင်တွယ်၍ လျှောက်ခဲ့ရ၏။
ရှေ့မှ လူအုပ်ကြီးမှာ သူမ ဘေးသို့ စုပြုံ ကပ်လာကြပြီး၊ အနောက်တွင်မူ စစ်သားများက "သွားကြ၊ သွားကြ!" ဟု အော်ဟစ်နေကြသည်။ စစ်သား များသည် သူမ၏ အရှေ့သို့ ကျော်တက်သွားကြသဖြင့် သူမ ခဏရပ်၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်မိသည်။ လမ်းအဆုံးရှိ ရင်ပြင် အဝင်ဝတွင် ပိတ်ဆို့ခံထားရသဖြင့် ဟာလာဟင်းလင်း ဖြစ် နေသည်ကို တွေ့လိုက်ရသည်။ ထိုထက် ပို၍ ဝေးသောနေရာတွင်မူ မီးခိုးရောင် သဏ္ဍန်များက လူအုပ်ကြီးကို ရှိရာသို့ ဖြေးညှင်းစွာ ရွေ့လျားလာနေကြ၏။
သူမ နောက်သို့ ပြန်လှည့်သွားချင်သော်လည်း စိတ်က အလိုလို နေရင်း ရှေ့သို့ ဆက် လျှောက် နေခဲ့ရာမှ အဆင်သင့် တွေ့လိုက်ရသော အလွန်ကျဉ်းမြောင်းပြီး တိတ်ဆိတ်နေသည့် လမ်းကြားလေးတခုထဲသို့ ကွေ့ဝင်လိုက်သည်။ တနေရာ အရောက်တွင် ထပ် ရပ်လိုက်ပြန်ပြီး ရင်ထဲ မကောင်းလှ၍ သက်ပြင်းတချက် ချလိုက်ပြီး အာရုံစိုက် နားထောင်ကြည့်လိုက်သည်။ အရှေ့ဘက် တနေရာမှ ခပ်တိုးတိုး စကားပြောသံ များကို ကြားလိုက်ရသဖြင့်၊ တိုင်ကို မှီတွယ်ရင်း ရှေ့ကို ဆက် လျှောက်လာခဲ့လေသည်။
သူမ၏ မျက်ခုံးများ တလှုပ်လှုပ် ဖြစ်လာပြီး ရုတ်တရက် ချွေးစို့လာ၏။ နှုတ်ခမ်းများ တုန်ယင်လာကာ လက်များကို ဝှေ့ယမ်းလျက် ရှိလေသည်။ မီးပွားများကဲ့သို့ ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာသော စကားလုံးများကို နှုတ်မှ ပြောထွက်ချင်သည့် ပြင်းပြ သော ဆန္ဒသည် သူမရင်ထဲတွင် စွဲထင်တောက်လောင်လာခဲ့သည်။
သူ လျှောက်လာသည့် လမ်းသွယ် လေးသည် ဘယ်ဖက်သို့ ရုတ်တရက် ကွေ့သွားရာ အမေသည် ပြည့်ကျပ် ညပ် နေသော လူအုပ်ကြီးကို တွေ့လိုက်ရလေသည်။
တစုံတယောက်က ခိုင်မာပြတ်သားစွာ ပြောဆိုနေသည်အသံကို ကြားလိုက်ရ၏—
'သူတို့က ရဲစွမ်းသတ္တိပြရုံသက်သက်နဲ့ မျက်နှာချင်းဆိုင်က လှံစွပ် တွေကို သွားရင်ဆိုင်နေကြတာ မဟုတ်ဘူး။ အဲဒါကို သတိရကြ!'
'သူတို့ကိုသာ ကြည့်ကြစမ်းပါ။ စစ်သားတွေက သူတို့ဆီ ချီတက်လာကြပေမဲ့ သူတို့က ကြောက်ရွံ့ခြင်းကင်းမဲ့စွာနဲ့ ရှေ့မှာ ရပ်နေကြတာပဲ။ ဟုတ်တယ်၊ ဟုတ်တယ်!'
'ပါရှာ ဗလာဆိုဗ်ကို သတိရကြစမ်း!'
'ရုရှားလေးကိုကော ဘာမှတ် နေလဲ!'
'လက်နောက်ပစ်ပြီး ပြုံးနေလိုက်တာ၊ တကယ့် ဘီလူးသဘက် လိုပဲ!'"