Every Man dies alone (2)

by Hla Soewai - Oct 26 2026

ရုတ်တရက် သူမထံမှ ခင်ပွန်းဖြစ်သူ တခါမျှ မကြားဖူးခဲ့သော ခပ်တိုးတိုး အော်ဟစ်ညည်းတွားသံ ထွက်ပေါ်လာခဲ့သည်။ သူမ၏ ဦးခေါင်းမှာ လည်း ရှေ့သို့ ငိုက်ကျသွားပြီး အပ်ချုပ်စက်ပေါ်မှ ချည်လုံးများနှင့် စောင့်မိကာ အထည်စများကြား မှောက်ရက် ကျသွားတော့သည်။

 

ကွမ်ဂဲလ် သည် သူမအနီးသို့ ချက်ချင်း ကပ်သွားလိုက်ပြီး ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ရ၍ ကြမ်းတမ်းနေသော သူ၏ လက်ဝါးကြီးကို ဇနီး၏ ကျောပြင်ပေါ် အသာအယာ တင်လိုက်သည်။ သူမ ခန္ဓာကိုယ်တခုလုံး တုန်ရီနေသည်ကို ခံစားလိုက်ရ၏။

 

"အန်နာ! အန်နာ... ငါ တောင်းပန်ပါတယ်၊ ဘာဖြစ်လို့လဲ ငါ့ကို ပြောစမ်းပါ"

 

မည်သည် အဖြေမှ ထွက်မလာ၍..

 

"အော့တို တခုခု ဖြစ်လို့လား။ ဒဏ်ရာရတာလား၊ အခြေအနေ ဆိုးလို့လား" ဟု မေးလိုက်သည်။

 

သူမ၏ ခန္ဓာကိုယ်မှာ တဆပ်ဆပ် တုန်ရီနေသော်လည်း မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။ သူ့ကို လည်း မော့မကြည့်။ ခင်ပွန်းဖြစ်သူသည် အနှစ်နှစ်အလလ ပေါင်းသင်းလာခဲ့စဉ်အတွင်း တဖြေးဖြေး ပါးလျလာကာ ကျဲလာ နေပြီဖြစ်သော သူမ၏ ဆံပင်များကို ငေးကြည့်နေမိသည်။ သူတို့နှစ်ဦးစလုံး အိုမင်း လာခဲ့ကြပြီဖြစ်၏။ 

 

အကယ်၍ အော့တိုသာ တခုခု ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့လျှင် ချစ်ခင်တွယ်တာစရာဆိုလို့ သူမတွင် သူတယောက်တည်းသာ ကျန်ရှိတော့မည်ဖြစ်သည်၊ သူ ပုံစံကလည်း ချစ်ချင်ဖွယ်ကောင်းလှသည်တော့ မဟုတ်ပေ။

 

သူသည် သူမအပေါ် မည်မျှ ချစ်ခင်မြတ်နိုးကြောင်း နှုတ်မှ တခါဖုးမျှ ထုတ်‌ ပြောခဲ့ခြင်း မရှိ၊ ယခုအချိန်၌ပင် သူမအား အသာအယာ ပွတ်သပ်ပေးရန်၊ ကြင်နာပြရန် သို့မဟုတ် သက်သာရာရအောင် ချော့မော့ရန် မလုပ်တတ် ဖြစ် နေသည်။ သူ လုပ်နိုင်သည်မှာ သူ၏ လေးလံသော လက်ကို သူမ၏ ဆံပင်ပေါ် တင်ထားပြီး ခေါင်းကို တတ်နိုင်သမျှ ညင်သာစွာ မ ယူကာ -

"အန်နာ... စာထဲမှာ ဘာပါလဲဆိုတာ ငါ့ကို ပြောပြပါလား" ဟု တိုးတိုးလေး မေးလိုက်ခြင်းသာ ဖြစ်တော့သည်။

 

သို့သော် သူမမျက်လုံးများက ကွမ်ဂဲလ် ၏မျက်နှာနှင့် အလွန်နီးကပ်နေပြီဖြစ်သော်လည်း အင်နာသည် သူ့ကို မကြည့် ချင်သည့်အလား မျက်လုံးများကို တင်းတင်းမှိတ်ထားဆဲဖြစ်သည်။ 

 

သူမ၏မျက်နှာသည်လည်း ဖြူဖျော့ဖျော့နှင့် နာမကျန်းသူတဦး လို ဖြစ်နေသည်။ ယခင်က ကျန်းမာသန်စွမ်းခဲ့သည့် မျက်နှာ၏အရောင်အဆင်းတို့သည် ပျောက်ကွယ်သွားခဲ့ပြီ။ အရိုးများပေါ်တွင် ဖုံးအုပ်နေသည့် အသားအရေများ အရည်ပျော်ကျသွားသကဲ့သို့ ပိန်လှီကုန်သဖြင့် အရိုးခေါင်းတစ်ခုကို ကြည့်နေရသလိုပင်။ သူမ၏ပါးနှင့် နှုတ်ခမ်းတို့အပြင် တကိုယ်လုံးလည်း တုန်ခါလျက်ရှိသည်။ သူမ၏ခန္ဓာကိုယ်အတွင်း နက်ရှိုင်းသော တနေရာရာမှ မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်လာမှန်းမသိသည့် မြေငလျင်တခု လှုပ်ခတ်နေသကဲ့သို့ပင်။

 

ကွမ်ဂဲလ် သည် မိမိနှင့် အလွန်ရင်းနှီးကျွမ်းဝင်ခဲ့သော မျက်နှာကို စိုက်ကြည့်နေမိသည်။ သို့သော် ယခုအခါ ထိုမျက်နှာသည် ရင်းနှီးနေကျဖြစ်သလို တဖက်တွင်လည်း လုံးဝ အစိမ်းသက်သက်လို ဖြစ်နေပြန်သည်။ သူ၏နှလုံးခုန်သံမှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။ သူမကို နှစ်သိမ့်ပေးရန် အနည်းငယ်မျှပင် မစွမ်းသာတော့သည့် မိမိ၏အဖြစ်ကိုလည်း သူ ကောင်းစွာသိနေသည်။ နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခုက သူ့ကို အုပ်စိုးချုပ်ကိုင်ထားလေသည်။

 

အမှန်ဆိုလျှင် ထိုကြောက်ရွံ့မှုသည် ရယ်စရာပင်ကောင်းနေသေးသည်။ သူ့ဇနီး ခံစားနေရသည့် နက်ရှိုင်းပြင်းထန်သော ဝေဒနာနှင့် နှိုင်းယှဉ်လိုက်လျှင် သူ၏ကြောက်စိတ်မှာ ဘာမျှမဟုတ်။ သို့သော်လည်း အင်နာ သည် ရုန်းရင်းဆန်ခတ်နှင့် စောစောကထက် ပို၍ ကျယ်လောင်စွာ အော်ဟစ်ပေါက်ကွဲလာတော့မည်ကို သူ ကြောက်နေမိသည်။

 

ကွမ်ဂဲလ် သည် တသက်လုံး အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် နေထိုင်လိုသူဖြစ်သည်။ မိမိတို့ အိမ်တွင်း၌ ဘာတွေဖြစ်ပျက်နေသည်ကို အခြားသူတဦးတယောက်မျှ မသိစေချင်ခဲ့။ ခံစားချက်တွေကို အပြင်သို့ ဖွင့်ထုတ်ပြောဆိုခြင်းဆိုသည်ကလည်း သူ့အတွက် မလိုအပ်သည့်အရာပင်။ ကျေးဇူးပြုပြီး အဲဒီလိုမျိူး ဖြစ် အောင် မလုပ်ပါနဲ့ဟုသာ သူ ပြောချင် နေသည်။

 

သို့သော် ထိုကြောက်ရွံ့မှု၏ ချုပ်ကိုင်မှုအောက်သို့ ကျရောက်နေသည့် ကွမ်ဂဲလ် အဖို့ ခုနက ပြောခဲ့သည့် စကားထက် ပို၍ ဘာတခွန်းမျှ မပြောနိုင်ခဲ့ပေ။

 

“စာထဲမှာ ဘာရေးထားလို့လဲ။ ပြောပါဦး အင်နာ!”

 

စာအား ဘေးတွင် ချထားပြီး ဖြစ်သော်လည်း ကွမ်ဂဲလ်သည် လှမ်းယူရန် မဝံ့မရဲ ဖြစ်နေ၏။ လှမ်းယူ လိုက်မည် ဆိုက သူသည် ဇနီးဖြစ်သူ၏ ခေါင်းကို လွှတ်လိုက်ရမည်ဖြစ်ပြီး၊ သူမ၏ ခေါင်းပေါ်တွင် အပ်ချုပ်စက်နှင့် ဆောင့်မိထားသော ဒဏ်ရာ ရှိနေသဖြင့် လက်လွှတ်လိုက်ပါက ထိုခေါင်းသည် နောက်တကြိမ် ငိုက်ကျသွားမည်ကို သူသိနေသည်။ သူသည် စိတ်ကို ထိန်းချုပ်လိုက်ပြီး နောက်တကြိမ် ထပ်မံ မေးမြန်းလိုက်၏။

 

"အိုတိုချန် ဘာဖြစ်လို့လဲဟင်"

 

သားဖြစ်သူ အား သူနှုတ်မှ တခါမျှ ထိုသို့ချစ်စနိုး ခေါ်လေ့ ခေါ်ထ မရှိ‌ခဲ့‌ သော အမည်ကို ကြားလိုက်ရသဖြင့် ဇနီးသည်အား နာကျင်မှုကမ္ဘာထဲမှ လက်ရှိ ဘဝသို့ ပြန်လည်ခေါ်ဆောင်ပေးလိုက်သလိုပင် ဖြစ်သွားခဲ့သည်။ သူမသည် တံတွေး အကြိမ်ကြိမ် မျိုချလိုက်၏။ သူမသည် အပြာရောင်တောက်နေပြီး သွေးဆုတ်ဖြူလျော့နေသော မျက်လုံးများကိုပင် ဖွင့်ကြည့်လိုက်သည်။

 

"အိုတိုချန် ဘာဖြစ်လဲ ဟုတ်လား" သူမက တိုးတိုးလေး ပြောလိုက်သည်။ "ဘာများ ဖြစ်တယ်လို့ ရှင်ထင်လို့လဲ။ အိုတိုချန် ဆိုတာ ဒီလောကကြီးထဲ မရှိတော့က လွဲလို့ ဘာမှ မဖြစ်ဘူး၊ ဒါပါပဲ!"

 

အိုး..." ဟု ကွမ်ဂဲလ် ထံမှ ထိတ်လန့်တကြား အာမေဍိတ်သံ ထွက်ပေါ်လာသည်။ သူ ဘာလုပ်နေမှန်းပင် သတိမထားမိဘဲ ဇနီးဖြစ်သူ၏ ခေါင်းကို လွှတ်လိုက်ကာ စာအိတ်ဆီသို့ လက်လှမ်းလိုက်၏။ သူ၏ မျက်လုံးများသည် စာကြောင်းများကို စိုက်ကြည့်နေသော်လည်း စာသားများကို ဖတ်၍မရနိုင်အောင် ဖြစ်နေရသည်။

 

ထိုစဉ် ဇနီးဖြစ်သူက သူ၏လက်ထဲမှ စာကို ဆတ်ခနဲ ဆွဲလုယူလိုက်ပြီး စာကို အပိုင်းပိုင်း ဖြစ်အောင် ဒေါသတကြီး ဆုတ်ဖြဲပစ်လိုက်သည်၊ ထို့နောက် သူ၏ မျက်နှာကို စိမ်းစိမ်းကြည့်ကာ...

 

"ရှင် သူတို့ အမြဲတမ်း ရေးနေကျ အောက်တန်းကျတဲ့ အလိမ်အညာ အညစ်အကြေးတွေကို ဘာလို့ ဖတ်ချင်နေရတာလဲ။ သူဟာ ဖူရာ နဲ့ မိခင်နိုင်ငံတော်အတွက် ရဲရင့်တဲ့ သူရဲကောင်းတယောက်လို သေဆုံးသွားခဲ့တာပါ ဆိုတာမျိုးလား။ သူဟာ စံပြစစ်သားကောင်းတယောက်၊ ရဲဘော်ကောင်းတယောက်ပါ ဆိုတာမျိုးလား။ ကျွန်မတို့ရဲ့ အော့တိုချန် လေးဟာ ရေဒီယို စက်ပစ္စည်းလေးတွေနဲ့ ဆော့ရတာထက် ဘာကိုမှ နှစ်သက်တာမရှိဘူးဆိုတာရယ်၊ စစ်ထဲဝင်ဖို့ ခေါ်ခံရတုန်းက ငိုယိုခဲ့တာရယ်ကို ရှင်ကိုယ်တိုင် သိရဲ့သားနဲ့ သူတို့ဆီက အဲဒီလိုစကားမျိုးကို နားထောင်ချင်နေတာလား။ စစ်သားအဖြစ် စုဆောင်းခံရတုန်းက သူတို့ဆီကို မသွားရဘူးလို့ ဆိုရင် သူ့ရဲ့ ညာဘက်လက်ကို တောင် ဖြတ်ပစ် ပါရစေလို့ ကျွန်မကို ခဏခဏ ပြောခဲ့ဖူးတာလေ။ ခုကျမှ သူက စံပြစစ်သားတယောက် ဖြစ်ရပြန်ပြီ၊ သူရဲကောင်းတယောက်လို ကျဆုံးခဲ့ရတယ် ဟုတ်လား။ အလိမ်အညာတွေ၊ အကုန်လုံး ပိပိရိရိ အလိမ်အညာတွေချည်းပဲ! ဒါပေမဲ့ ဒါဟာ ရှင်နဲ့ ရှင့်ရဲ့ ဖူရာတို့ရဲ့ အောက်တန်းကျလှတဲ့ စစ်ပွဲကြောင့် ရလိုက်တဲ့ အကျိုးဆက်ပဲ!"

 

ယခုအခါ တွင် ထိုအမျိုးသမီးသည် သူ၏ ရှေ့တည့်တည့်တွင် မားမား ရပ် နေပြီ ဖြစ်သည်။ သူ့ထက် အများကြီး အရပ်ပုသော ထိုအမျိုးသမီး၏ မျက်ဝန်းများသည် ဒေါသအရှိန်ဖြင့် အလျှံတညီးညီး တောက်လောင်နေသည်။

 

"ကျုပ်နဲ့ ကျုပ်ရဲ့ ဖူရာ ဟုတ်လား"

 

သူ့အား ရုတ်တရက် ဝေဖန်တိုက်ခိုက်လိုက်မှုကြောင့် ကွမ်ဂဲလ်သည် အံ့ဩတကြီးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

 

"ဘယ်တုန်းကများ သူက ကျုပ်ရဲ့ ဖူရာ ဖြစ်သွားရတာလဲ။ ကျုပ်က ပါတီဝင်တောင် မဟုတ်ဘူး၊ အလုပ်သမား သမဂ္ဂ ထဲမှာပဲ ရှိတာ၊ အဲဒါကလည်း လူတိုင်း မဝင်မနေရ မို့လို့။ သူ့ကို မဲပေးတာဆိုလို့လည်း ကျုပ် တကြိမ်ပဲ ပေးခဲ့တာ၊ မင်းလည်း ပေးခဲ့တာပါပဲ"

 

သူသည် မိမိကိုယ်ကို ခုခံကာကွယ်ရန်ထက် အချက်အလက်များကို ရှင်းရှင်းလင်းလင်း ဖြစ်စေလို၍သာ တည်ငြိမ် အေးဆေးသော လေသံဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

 

သူမ အဘယ်ကြောင့် သူ့အား ယခုလို ရုတ်တရက် ဒေါသတကြီး စွပ်စွဲတိုက်ခိုက်နေရသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေ၏။ သူတို့နှစ်ဦးသည် အမြဲလို သဘောထားချင်း တိုက်ဆိုင်ခဲ့ကြသည် မဟုတ်ပါလား...။

 

သို့သော် သူမက ဒေါသတကြီးဖြင့် ဆက်ပြောသည် -

"အိမ်ထောင်ဦးစီး လုပ်ပြီး အရာရာကို ဆုံးဖြတ်ဖို့ ရှေ့ကရပ်တည်ပိုင်ခွင့် ဘယ်သူက ရှင့်ကို ပေးထားလို့လဲ။ မြေအောက်ခန်းထဲမှာ ကျမရဲ့ အာလူးတွေ ထားဖို့ နေရာလောက်တောင်မှ ရှင် သဘောကျမှ ဖြစ်ရတာ လေ။ ခုလို အရေးကြီးတဲ့ ကိစ္စမှာကျတော့ အမှားကြီး မှားအောင် ဆုံးဖြတ်ခဲ့တာ ရှင် ကိုယ်တိုင်ပဲ မဟုတ်ဘူးလား။

 

ဒါပေမဲ့ ရှင်ကတော့ ကော်ဇော ပေါ် မှာ ဖိနပ်အပါးလေးတွေစီးပြီး ခြေဖွနင်းသွား နေရရင်ကိုပဲ စိတ်အေးချမ်းသာရှိ နေတာ၊ ရှင်လိုချင်တာ ဒါပဲမဟုတ်လား။ ဘယ်သူ့မှ ကိုယ်ကို သတိထားလာတာမျိုးလည်း အဖြစ်မခံချင်ဘူး။ အဲဒီတော့ သူများတွေလုပ်သလိုပဲ ရှင်လိုက်လုပ်ခဲ့တာပေါ့။

 

 'ဖူရာ အမိန့်သာ ပေးပါ၊ ကျွန်တော်တို့ နာခံပါ့မယ်' လို့ သူတို့အော်ကြတော့ ရှင်လည်း သိုးတစ်ကောင်လိုပဲ သူတို့နောက် ပါသွားတာပဲ။ ကျန်တဲ့ ကျွန်မတို့ကလည်း ရှင့်နောက်ကို လိုက်ခဲ့ကြရတာ။ ဒါပေမဲ့ ခုတော့ အိုတိုလေး ဆုံးသွားပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဖူရာမှလည်း သူ့ကို ပြန်မရှင်လာအောင် မလုပ်ပေးနိုင်သလို၊ ရှင်လည်း မလုပ်ပေးနိုင်ဘူး!"

 

သူမ၏ စကားများကို သူက ဘာတခွန်းမှ ပြန်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ သူသည် ဘယ်သောအခါမျှ ရန်ဖြစ်စကားများတတ်သူ မဟုတ်ခဲ့သည့်အပြင်၊ ဤသည်မှာ သူမ၏ ဝမ်းနည်းကြေကွဲမှုမှ တဆင့် ပေါက်ကွဲလာခြင်းဖြစ်သည်ကိုလည်း သူသိနေသည်။

 

သူမအနေဖြင့် ဝမ်းနည်းပူဆွေးမှုတွင် နစ်မွန်းမသွားဘဲ မိမိအား ဆဲဆိုကြိမ်းမောင်းနေသည်ကိုပင် သူက ကျေနပ်သလို ဖြစ်နေ၏။

 

သူ ပြန်လည်ပြောဆိုလိုက်သည့် တခုတည်းသော စကားမှာ - "ငါတို့ထဲက တယောက်ယောက်တော့ ထရူးဒယ်လ် ကို သွားပြောရလိမ့်မယ်" ဟူ၍သာ ဖြစ်သည်။

 

ထရူးဒယ်လ်ဆိုသည်မှာ အိုတိုလေး၏ ချစ်သူဖြစ်ပြီး စေ့စပ်ခါနီးလည်း ဖြစ်၏။ ထရူးဒယ်လ် သည် သူတို့အား 'အမေ' နှင့် 'အဖေ' ဟု ခေါ်လေ့ရှိသည်။ အိုတိုလေး စစ်ထဲ ပါသွားသည့်တိုင်အောင် ယခုအချိန်အထိ ညနေခင်းများတွင် သူမသည် အိမ်သို့ လာ၍ စကားစမြည် ပြောလေ့ရှိသည်။ နေ့ဘက်တွင်မူ သူမသည် စစ်ဝတ်စုံချုပ်သည့် စက်ရုံတွင် အလုပ်လုပ်၏။

 

ထရူးဒဲလ် ၏ အမည်ကို ကြားလိုက်ရသည်နှင့် အန်နာ ကွမ်ဂဂဲလ် ၏ စိတ်များ အခြားတဘက်သို့ ချက်ချင်း ရောက်ရှိသွားသည်။ သူမသည် မီးဖို ချောင် စင်ပေါ်ရှိ ပြောင်လက်နေသော နာရီကို လှမ်းကြည့်လိုက်ပြီး -

"အလုပ်ဆင်းချိန် မတိုင်ခင် အချိန်ရသေးရဲ့လား" ဟု မေးလိုက်သည်။

 

"ဒီနေ့ မနက် တနာရီကနေ ည ဆယ့်တနာရီအထိ လုပ်ရမှာ၊ အချိန်ရပါသေးတယ်" ဟု သူက ဖြေသည်။

 

"ကောင်းပြီ၊ ဒါဆိုရင် သွားပါ၊ ဒါပေမဲ့ သူ့ကို လာခဲ့ဖို့ပဲ ပြောလိုက်။ အော့တိုချန် ရဲ့ အကြောင်းကို ဘာမှ မပြောပါနဲ့ဦး။ ကျမ ဘာသာပဲ ပြောပြလိုက်မယ်။ ရှင့်အတွက် နေ့လည်စာကို အဆင်သင့် ပြင်ထားပေးမယ်။"

 

"သူ့ကို ညဘက် လာခဲ့ဖို့ ပြောလိုက်မယ်" ဟု သူက ပြောလိုက်သော်လည်း ချက်ချင်း ထွက်မသွားသေးဘဲ၊ ဝေဒနာ ခံစားနေရပြီး အသား အရောင် ဝါ ဖျော့ ဖျော့ ဖြစ်နေသော ဇနီးဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်သည်။

 

ဇနီးဖြစ်သူကလည်း သူ့ကို ပြန်ကြည့်လိုက်ရာ၊ နှစ် ၃၀ နီးပါး ရင်းနှီးချစ်ခင်စွာ ပေါင်းသင်းလာခဲ့ကြသည့် လင်မယားနှစ်ဦး စက္ကန့်ပိုင်းမျှ တဦးနှင့် တဦး စိုက်ကြည့်နေမိကြသည်။ သူက တိတ်ဆိတ်ငြိမ်သက်သူဖြစ်ပြီး၊ သူမကမူ အိမ်ကို သက်ဝင်လှုပ်ရှားလာ အောင် ဆောင်ကြဉ်းပေးလေ့ရှိသူ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ထိုသို့ တယောက်ကိုတယောက် မည်မျှပင် စိုက်ကြည့်နေကြစေကာမူ ဖြစ်ပျက်သွားခဲ့သော အဖြစ်ဆိုးအတွက် ပြောစရာ စကားလုံး ရှာမတွေ့နိုင်ကြပေ။ ထို့ကြောင့် သူသည် ခေါင်းကို ငြိမ့်ပြကာ ထွက်သွားခဲ့တော့သည်။ အိမ်ရှေ့တံခါး ပိတ်သွားသည့်အသံကို သူမ ကြားလိုက်ရလေသည်။