ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(45)

by Hla Soewai - Oct 26 2026

ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ

***************

 

(၃၅)

 

တခေတ်ဆန်း အာဏာရှင် ဝါဒ တည်ဆောက်လာခြင်း (၁၉၉၂-၂၀၀၂) - (၁၁)

 

ရွေးချယ်ဖိနှိပ်ခြင်း 

 

တီယန်မင် အရေးအခင်းမှ ပါတီခေါင်းဆောင်ပိုင်း ရရှိလိုက်သည့် အဓိက သင်ခန်းစာများထဲမှ တခုမှာ ပိုမိုထိရောက်သော ဖိနှိပ်ချုပ်ချယ်ရေး ယန္တရားတရပ် လိုအပ်သည်ဆိုသည့် အချက်ဖြစ်သည်။ ထို့ကြောင့် ပါတီသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံတော်၏ ဖိနှိပ်ချုပ်ချယ်နိုင်မည့် စွမ်းရည်ဖက်တွင် တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် ဘက်စုံမဟာဗျူဟာမြောက် လှုပ်ရှားမှုတခုကို လုပ်ဆောင်ခဲ့သည်။ 

 

၁၉၉၀ ပြည့်နှစ် ဧပြီလတွင် ပါတီသည် ပြည်တွင်းလုံခြုံရေး ပိုမိုခိုင်မာအားကောင်းစေရေးအတွက် သော့ချက်ကျသော မူဝါဒစာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

 

ထိုစာတမ်းပါ ပြဋ္ဌာန်းချက်များတွင် ၁၉၈၈ ခုနှစ်၌ ပြုပြင်ပြောင်းလဲရေးသမား ပါတီခေါင်းဆောင် ကျောက်ကျိယန် က ဖျက်သိမ်းခဲ့သည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အထူးပြု ပါတီယန္တရားတစ်ခုဖြစ်သော ဗဟို နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင် (Central Political and Legal Affairs Commission) ကို ပြန်လည်ဖွဲ့စည်းခြင်းလည်း ပါဝင်သည်။ 

 

ဤပြန်လည်ဆန်းသစ်လာသော ကော်မရှင်သည် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို ပိုမိုအားကောင်းလာစေရန် ကြီးကြပ်ရမည်ဖြစ်ပြီး ပါတီ၏ လုံခြုံရေးဆိုင်ရာ မူဝါဒများ ဖော်ဆောင်မှုကိုလည်း ပေါင်းစပ်ညှိနှိုင်းပေးရမည်ဖြစ်သည်။

 

ထို့အပြင် ထိုစာတမ်းတွင် "ရန်လိုသော အင်အားစုများ၏ စိမ့်ဝင်ထိုးဖောက်မှုများနှင့် ဖြိုခွဲဖျက်ဆီးမှုများ" ကို သနားညှာတာမှုမရှိဘဲ တိုက်ခိုက်ချေမှုန်းသွားမည်ဟု သစ္စာဓိဋ္ဌာန်ပြုထားသည်။ ထို့အပြင် ဆန္ဒပြမှုများကို နှိမ်နင်းရန်အတွက် မြို့ပြ ရွေ့လျား အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များ တည်ထောင်ရန်လည်း အတိအလင်း အမိန့်ပေးခဲ့သည် (တရုတ်နိုင်ငံတွင် ၁၉၈၉ ခုနှစ်က ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများကို ကိုင်တွယ်ဖြေရှင်းရန် အထူးပြု ဖွဲ့စည်းထားသော အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့မျိုး မရှိခဲ့ပေ)။

 

ဤညွှန်ကြားချက် စာတမ်း ထုတ်ပြန်ပြီး ဆယ်လအကြာတွင် ပါတီသည် ပြည်တွင်းလုံခြုံရေးနှင့် ပတ်သက်၍ “ပြည်သူ့လုံခြုံရေးကို ဘက်ပေါင်းစုံမှ စီမံခန့်ခွဲမှုကို မြှင့်တင်ရန် ဆုံးဖြတ်ချက်” အမည်ရှိ ဒုတိယမြောက် ညွှန်ကြားချက်တရပ်ကို ထုတ်ပြန်ခဲ့သည်။ 

 

စာရွက်ပေါ်တွင်မူ ဤစာတမ်းသည် တရားဥပဒေစိုးမိုးရေးနှင့် လူမှုအဖွဲ့အစည်း တည်ငြိမ်ရေးတို့အား အလေးပေးထားပုံရသော်လည်း၊ ယင်း၌ “ရွှေ့ပြောင်းနေထိုင်သူ လူဦးရေ” (ပုံသေအိမ်ထောင်စုစာရင်း မရှိသူများ) အား စောင့်ကြည့်စစ်ဆေးခြင်း၊ နိုက်ကလပ်များ၊ ပုံနှိပ်ထုတ်ဝေသည့် စာ စောင် များနှင့် ဗီဒီယိုပြသသည့် နေရာများကို စောင့်ကြည့်ခြင်းကဲ့သို့သော လူမှုရေး ထိန်းချုပ်မှုများကို တင်းကြပ်ရန် ပြဋ္ဌာန်းချက်များလည်း ပါဝင်သည်။ ထို့အပြင် ဒေသဆိုင်ရာ အစိုးရများအနေဖြင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအတွက် ရန်ပုံငွေ ဘတ်ဂျက် တိုးမြှင့်ပေးရန်လည်း စာတမ်း တွင် တောင်းဆိုထားသည်။

 

အဆိုပါ စာတမ်းများ ထုတ်ပြန်ခဲ့သည့် နောက်ပိုင်းနှစ်များတွင် တရုတ်နိုင်ငံ၏ နှိမ်နင်းရေး ယန္တရားများဖြစ်သော ရဲတပ်ဖွဲ့၊ တရားရုံးများနှင့် အစိုးရရှေ့နေရုံးများ၌ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ထိုနိုင်ငံတော် အင်္ဂါရပ် သုံးခုအတွက် သုံးစွဲခဲ့သော ကုန်ကျစရိတ် ပမာဏမှာ ၁၉၉၁ ခုနှစ်တွင် ယွမ် ၁၀ ဘီလီယံမှ ၁၉၉၅ ခုနှစ်တွင် ယွမ် ဘီလီယံ ၃၀ အထိ သုံးဆတိုင် တိုးမြှင့်လာခဲ့သည်။

 

တိန့်ရှောင်ဖိန်၏ တောင်ပိုင်းခရီးစဉ်အပြီး ဆယ်စုနှစ်တစု အကြာ ၂၀၀၂ ခုနှစ်သို့ ရောက်သောအခါ ထိုဌာန သုံးခုအတွက် သုံးစွဲစရိတ်သည် ယွမ် ၁၁၀ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ထိုပမာဏမှာ (ငွေဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိဘဲ) ၁၉၉၁ ခုနှစ်က ပမာဏထက် ၁၀ ဆမျှ ပိုမိုများပြားလာခြင်း ဖြစ်သည်။

 

၁၉၈၉ မှ ၂၀၁၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ ရဲတပ်ဖွဲ့ဝင်အင်အားသည် နှစ်ဆကျော် တိုးလာခဲ့သည်။ ၁၉၈၉ တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၇၆၉,၀၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် အနည်းဆုံး ၂ သန်းအထိ ရှိလာခဲ့သည်။

 

၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှစတင်၍ ကွန်မြူနစ်ပါတီသည် ပြည်တွင်းစောင့်ကြည့်ရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထိန်းချုပ်ရေးကို တာဝန်ယူသည့် ရဲတပ်ဖွဲ့များကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယင်းလုပ်ငန်းကို “ပြည်တွင်းလုံခြုံရေး ကာကွယ်စောင့်ရှောက်ရေး” နေဈ ဟု ခေါ်ဆိုခဲ့ကြသည်။

 

ထိုသို့ တိုးချဲ့ဖွဲ့စည်းရာတွင် နိုင်ငံရေးသဘောထားကွဲလွဲသူများ၊ မြေအောက်တွင် လျှို့ဝှက်စွာ ဘာသာရေးယုံကြည်ကျင့်သုံးသူများနှင့် ဘာသာရေးဂိုဏ်း သို့မဟုတ် အစွန်းရောက်အဖွဲ့ဟု သတ်မှတ်ခံရသူများကို ကိုင်တွယ်ရန် သီးသန့်တာဝန်ပေးထားသည့် ရဲတပ်ဖွဲ့ဝင် တသောင်းကျော်ကို ထပ်မံခန့်အပ်ခဲ့ဖွယ်ရှိသည်။

 

၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ သည် အဓိကရုဏ်းများကို နှိမ်နင်းရန် အထူးပြုတပ်ဖွဲ့များကို စတင်ဖွဲ့စည်းခဲ့သည်။

 

၁၉၉၀ ပြည့်လွန်နှစ်များ ကုန်ဆုံးချိန်တွင် ဒေသအဆင့် ရဲဌာနအများစု၌လည်း အလားတူ အဓိကရုဏ်းနှိမ်နင်းရေး အထူးတပ်ဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ်သည်။

 

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပါတီသည် လူထု အား စောင့်ကြည့်ရေးစနစ် ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရန် စီမံကိန်း အများအပြားကို စတင်ခဲ့သည်။ ၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် သြဇာကြီးမားသော ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သည် "အဓိက ပစ်မှတ်ထားရမည့် အုပ်စုများ" (ဥပမာ - နိုင်ငံရေး အတိုက်အခံများ၊ မြေအောက် ဘာသာရေးအဖွဲ့အစည်းများမှ လှုပ်ရှားသူများနှင့် ထောင်ထွက်များ) ကို စောင့်ကြည့်စစ်ဆေးရန် စည်းမျဉ်းသစ်များကို ထုတ်ပြန်ခဲ့သည်။

 

၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ဝန်ကြီးဌာနသည် တက္ကသိုလ် ပရိဝုဏ်များအတွင်း လျှို့ဝှက် ထောက်လှန်းရေး လုပ်ငန်းစဉ်များကို စတင်ခဲ့၏။ ၁၉၉၂ ခုနှစ် မေလတွင် အနောက်နိုင်ငံများ၏ "စိမ့်ဝင်ထိုးဖောက်မှု"၊ မြေအောက် ကက်သလစ်အုပ်စုများနှင့် အစွန်းရောက် ဂိုဏ်းခွဲများကို ပစ်မှတ်ထား တိုက်ဖျက်နိုင်ရန်အတွက် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များအနေဖြင့် အင်အား တိုးမြှင့်ရန် ညွှန်ကြားခဲ့သည်။

 

ပါတီ၏ ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့သည် ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် အင်တာနက် စောင့်ကြည့်စစ်ဆေးမှုကို ပိုမို တင်းကြပ်စွာ ဆောင်ရွက်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ် အောက်တိုဘာလ တွင် တရုတ် လူမှုသိပ္ပံ သုတေသန အဖွဲ့အစည်းများ၏ နိုင်ငံခြား ရန်ပုံငွေ ရရှိမှု အပေါ်  စိစစ် ထိန်းချုပ်မှု များ တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။

 

ထိုဆယ်စုနှစ်အတွင်း ဥပဒေစိုးမိုးရေးအတွက် "မျက်စိနှင့် နား" အဖြစ် ဆောင်ရွက်ရန် ရဲတပ်ဖွဲ့က စည်းရုံးသိမ်းသွင်းထားသော သတင်းပေး ကွန်ရက်သည်လည်း သိသိသာသာ ကျယ်ပြန့်လာခဲ့သည်။ ဥပမာအားဖြင့် ရှန်းစီ ပြည်နယ်တွင် ရဲတပ်ဖွဲ့က ငှားရမ်းအသုံးပြုထားသော "အထူး သတင်းပေး" အရေအတွက်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း နှစ်ဆနီးပါး တိုးလာခဲ့သည်။

 

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပါတီ-ဗဟိုအစိုးရ၏ အာဏာစက်နှင့် ဖိနှိပ်အရေးယူနိုင်စွမ်း ကို နည်းပညာပိုင်းအရ မြှင့်တင်ရန်အတွက် ရန်ပုံငွေ အမြောက်အမြား ထောက်ပံ့ထားသော စီမံကိန်းတခုကိုလည်း စတင်ခဲ့သည်။

 

၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သည် ဥပဒေစိုးမိုးရေး နည်းပညာကို ခေတ်မီဆန်းသစ်ရေးဆိုင်ရာ အမျိုးသားအဆင့် ညီလာခံတရပ် ကို ခေါ်ယူကျင်းပခဲ့ပြီး၊ ၎င်းသည် ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကို အဆင့်မြင့် စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာများဖြင့် မြှင့်တင်ရန် ကြိုးပမ်းမှု စတင် လာ ခြင်းပင်ဖြစ်သည်။

 

၁၉၉၈ ခုနှစ်တွင် ပါတီသည် "တရုတ်၏ မဟာတံတိုင်းကြီး (Great Firewall of China) အပါအဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်ရေး စီမံကိန်းဖြစ်သော ရွှေဒိုင်းစက်ကြာ စီမံကိန်း ကို တရားဝင် အတည်ပြုပေးခဲ့သည်။

 

ဂျန်ဇီမင်း ခေတ်အတွင်း ပါတီသည် ၎င်း၏ အာဏာစက် သက်ရောက်စေရေး အတွက် အကြီးအကျယ် ဆက်လက် ရင်းနှီးမြှုပ်နှံခဲ့သည့်အပြင်၊ နှိပ်ကွပ်ရေး နည်းဗျူဟာများကိုလည်း အစဉ်မပြတ် မွမ်းမံပြင်ဆင်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် အရှေ့အာရှရှိ အခြားသော ပျော့ပျောင်းသည့် အာဏာရှင်စနစ် ကျင့်သုံး နေသော နိုင်ငံများ၏ နည်းလမ်းများကို မကြာခဏ ထည့်သွင်း အသုံးပြုခဲ့သည်။

 

ထင်ရှားသည့် အတိုက်အခံများကို "လက်ဖက်ရည်သောက်" ရန် ဖိတ်ခေါ်ခြင်းသည် သိမ်မွေ့သော ခြိမ်းခြောက်ဟန့်တားမှု အဖြစ် ပုံမှန်ပြုလုပ် နေကျ နည်းဗျူဟာ ဖြစ်လာခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် အယူခံဝင်ကြသည့် သာမန်ပြည်သူများကို စိတ်ဓာတ်ရေးရာအရ အကျပ်ကိုင် ခြိမ်းခြောက်ရန်အတွက် ၎င်းတို့၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကို အသုံးပြုသည့် နည်းလမ်းကိုလည်း ကျင့်သုံးခဲ့သည်။

 

ရက်ရက်စက်စက် အင်အားသုံးရန် လိုအပ်လာသည့်အခါများတွင်မူ ဒေသဆိုင်ရာ အာဏာပိုင်များသည် ဆန္ဒပြသူများကို ရိုက်နှက်ရန် လူမိုက်များကို ငှားရမ်းလေ့ရှိကြ၏။

 

ပြည်သူများ စုပေါင်းဆန္ဒပြပွဲများ ပြုလုပ်ရန် လှုံ့ဆော်လာနိုင်သည့် အဓိက အများပြည်သူ ရုံးပိတ်ရက်များ၊ အရေးပါသော နှစ်ပတ်လည်နေ့များ (ဥပမာ - ဇွန်လ ၄ ရက် တီယန်မင် သွေးထွက်သံယို ဖြစ်ရပ် နှစ်ပတ်လည်နေ့ကဲ့သို့) သို့မဟုတ် နိုင်ငံခြား ဧည့်သည် တော် များ လာရောက်သည့် အခါမျိုးတွင် မတည်ငြိမ်မှုများ မဖြစ်ပေါ်စေရန် ရဲတပ်ဖွဲ့က လုံခြုံရေး အစီအမံများကို ပိုမို တင်းကြပ်လေ့ ရှိကြသည်။