အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(48)

by Hla Soewai - Oct 26 2026

Either the golden umbrella or the grave’

 

ပုဂံမင်းသည် အင်္ဂလိပ်တို့အနေဖြင့် စစ်ကို မဖြစ်မနေ ဆင်နွှဲရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း နှင့် ၎င်းတို့၏ ရာဇသံကို လိုက်လျောခဲ့လျှင်ပင် ထို့ထက် ပိုမိုဆိုးရွားသော တောင်းဆိုချက်များ ဆက်လက် ထွက်ပေါ် လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေခဲ့သည်။ မိမိ၏ တပ်မတော်သည် အင်္ဂလိပ်တို့၏ တပ်များကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ စစ်ရှုံးနိမ့်မည်ကို မလွဲမသွေ သိရှိထားသော်လည်း မဆုံးနိုင်သော အရှက်ခွဲခံရမှုများကို မျိုးသိပ်သည်းခံနေရသည်ထက်စာလျှင် ရင်ဆိုင် တိုက်ခိုက်၍ အရေးနိမ့်ခံလိုက်ခြင်းက ပိုမိုကောင်းမွန်သည်ဟု ယူဆခဲ့သည်။

 

ဘာသာရေး ကိုင်းရှိုင်းသော ညီတော် မင်းတုန်းမင်းသားက သွေးထွက်သံယိုဖြစ်ပွားမှုကို ရှောင်လွှဲနိုင်ရန်အတွက် အင်္ဂလိပ်တို့၏ စည်းကမ်းချက်များကို လက်ခံရန် တိုက်တွန်းခဲ့သော်လည်း ဘုရင်ကြီးကမူ ရာဇသံကို အကြောင်းပြန်ရန် ငြင်းဆန်ခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် စစ်ပွဲအတွက် ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် "သေလျင် မြေကြီး၊ ရှင်လျင် ရွှေထီး Either the golden umbrella or the grave’ ဟူသော ဟစ်ကြွေးသံသည် စစ်ပွဲမတိုင်မီ ပြန်လည် နိူးထ လာခဲ့တော့သည်။

 

ဂေါဒွင် ၏ တပ်ဖွဲ့များသည် မိုးမကျမီ သီးတင်း ခြောက်ပတ်ခန့်အလို ဧပြီလဆန်းပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိရန် အချိန်ကိုက် ပြင်ဆင်ခဲ့ကြသည်။ သူ၏ နေ့စဉ်မှတ်တမ်းတွင် ဖော်ပြထားသည့် မှာ "ယခုအချိန်တွင် ပြင်းပြင်းထန်ထန် ထိုးနှက် လိုက်ခြင်းက မြန်မာတို့အား အကျိုးအကြောင်း အဆိုးအကောင်းကို နားလည်သဘောပေါက်သွားစေနိုင်မည်" ဖြစ်ပြီး၊ ထို့မှတဆင့် မိုးမကျမီ စစ်ပွဲ ဆင်နွှဲရမည့် အ ရေး ကို ရှောင်ရှားနိုင်ရန်ပင် ဖြစ်သည်။

 

ထိုသို့ စဉ်းစားတွေးခေါ်လာမှု၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ ဗြိတိသျှတို့၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာမှုနှင့် မြန်မာတို့၏ စစ်ရေးစွမ်းအား ကျဆင်းသွားပြီဟူသော ယူဆချက်ပေါ်တွင် များစွာ အခြေခံထားသည်။

 

 လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းကပင် အင်္ဂလိပ်စစ်တပ်တွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် စမ်းသပ်စစ်ဆေးပြီးသား “ဘရောင်းဘက်စ်” ကျောက်ခတ်သေနတ်များနေရာ၌ ခေါင်းပိတ်ယမ်း သုံး မူစကတ်သေနတ်များကို အစားထိုး အသုံးပြုခဲ့ကြပြီး၊ ထိုသေနတ်များသည် အခေါင်းပေါက်ပါသော စနက်တံမှတစ်ဆင့် မီးပွားထွက်စေခြင်း ဖြင့် ပစ်ခတ် နိုင်သည်။

 

ဤစနစ်သည် မိုးရွာခြင်း သို့မဟုတ် စိုစွတ်ခြင်းတို့ကြောင့် ခေတ္တခဏ အသုံးမဝင်တော့သည့် ယမ်းခွက်ထဲသို့ ယမ်းမှုန့်ထည့် ပေးစရာ မလို‌ တော့ဘဲ၊ သေနတ် အချက် ၁,၀၀၀ ပစ်ခတ်ရာတွင် “ဘရောင်းဘက်စ်” သေနတ်သည် မီးမကူးသည့် အကြိမ် ပျမ်းမျှ ၄၁၁ ချက် ခန့် ရှိခဲ့သော်လည်း မူစကတ်သေနတ်မှာမူ ၄.၅ ချက်မျှသာ ရှိခဲ့သည်။ 

 

လျှင်မြန်စွာ ပစ်ခတ်နိုင်ခြင်းနှင့် စိတ်ချယုံကြည်ရခြင်းတို့အပြင် တိကျမှုမှာလည်း မြင့်မားလာခဲ့ရာ၊ ပစ်မှတ်တခုသို့ အချက် ၁,၀၀၀ ပစ်ခတ်လျှင် ထိမှန်မှု ပျှမ်းမျှ ၂၇၀ အထိ ရှိခဲ့ရာမှ ၃၈၅ ကြိမ် အထိ တိုးတက်လာခဲ့သည်။ အမြောက်တပ်မှာလည်း ပိုမို စွမ်းဆောင်ရည်ထက်မြက်ပြီး ဖျက်အားကောင်းလာခဲ့ကာ၊ အထူးသဖြင့် ရေတပ်တွင် အသုံးပြုသော အမြောက်များသည် ယခုအခါ ယမ်းများကို အပြည့်အသိပ် ထဲ့ကာ၂ မိုင်ခွဲမှ ၃ မိုင် အကွာအဝေးအထိ တိကျစွာ ပစ်ခတ်နိုင်လာခဲ့သည်။

 

၁၈၅၂ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ရောက်သောအခါ ဗိုလ်ချုပ် အော်စတင် (Admiral Austen - စာရေးဆရာမ ဂျိန်းအော်စတင်၏ မောင်) ကွပ်ကဲသည့် စစ်သင်္ဘောအုပ်စု ခြံရံလျက် ဘင်္ဂလား နှင့် မဒရပ်စ် ခြေလျင်တပ်မဟာ နှစ်ခုစလုံးသည် ရန်ကုန်မြစ်ဝ၌ စုစည်းရောက်ရှိ လာခဲ့ကြသည်။

 

ထိုစစ်သင်္ဘော အားလုံးသည် ရွက်တိုင်ပါရှိသော ရေနွေးငွေ့စွမ်းအင်သုံး သင်္ဘောများဖြစ်ကြပြီး ၈ လက်မအမြှောက်များ၊ ၃၂ ပေါင်ဒါအမြှောက်များနှင့် အခြား အမြှောက်ငယ်များစွာ တပ်ဆင်ထားသည်။

 

ဘင်္ဂလားတပ်မဟာတွင် ဘုရင့်တပ်မတော်မှ အမှတ် ၁၈ အမြောက်တပ်ရင်း (နောက်ပိုင်းတွင် ရိုယယ်အိုယာရစ်ရှ် တပ်ရင်း)၊ အမှတ် ၈၀ တပ်ရင်း (နောက်ပိုင်းတွင် ဆောက်သ်စတက်ဖို့ဒ်ရှိုင်းယား အမှတ် ၂ တပ်ရင်း) နှင့် အမှတ် ၄၀ ဘင်္ဂလားတိုင်းရင်းသား ခြေလျင်တပ်ရင်းတို့ ပါဝင်သည်။

 

မဒရပ်စ်တပ်မဟာတွင်မူ ဘုရင့်တပ်မတော်မှ အမှတ် ၃၁ တပ်ရင်း (နောက်ပိုင်းတွင် ကင်းစအုန်း ယော့ခ်ရှိုင်းယား ခြေလျင်တပ်ရင်း)၊ အမှတ် ၅၊ ၉ နှင့် ၃၅ မဒရပ်စ် တိုင်းရင်းသား ခြေလျင်တပ်ရင်းများ ပါဝင်ကြသည်။ ထို့အပြင် ဘင်္ဂလား အမြှောက်တပ်ခွဲ နှစ်ခွဲ၊ မဒရပ်စ် အမြှောက်တပ်ခွဲ သုံးခွဲနှင့် မဒရပ်စ် စစ်မြေပြင်အင်ဂျင်နီယာ/မြေတူးတပ်ခွဲ နှစ်ခွဲတို့က ပံ့ပိုးပေးထားပြီး စုစုပေါင်း အင်အား ၆,၀၀၀ ခန့် ရှိသည်။

 

ဂေါ်ဒွင်သည် သူရရှိထားသော အမိန့်ညွှန်ကြားချက်များအတိုင်း ဗြိတိသျှတို့ သိမ်းပိုက်ထားသော တနင်္သာရီနယ်၏ မြို့တော် မော်လမြိုင်နှင့် နီးကပ်သည့် မုတ္တမမြို့ကို ဦးစွာ သိမ်းပိုက်ရန် ဧပြီလ ၃ ရက်နေ့တွင် သင်္ဘောဖြင့် ထွက်ခွာလာခဲ့ပြီး၊ ခံတပ်အခိုင်အမာ တည်ဆောက်ထားသော မုတ္တမမြို့သို့ နှစ်ရက်အကြာတွင် ရောက်ရှိလာခဲ့သည်။ ထို့နောက် စစ်သင်္ဘောများကို မြို့အား အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။

 

ဤတိုက်ခိုက်ရေးပုံစံသည် စစ်ပွဲတစ်လျှောက်လုံး ထပ်တလဲလဲ တွေ့မြင်ရမည့် နည်းဗျူဟာတရပ် ဖြစ်လာခဲ့သည်။

 

အချိန်တိုအတွင်းမှာပင် အမြောက်ကြီးများနှင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် မြို့၏ ခံတပ် အဆောက်အအုံများ မြေတွင် ပြားပြားဝပ်သွားခဲ့သည်။ ဗြိတိသျှတပ်များ ကမ်းပေါ်သို့ ဆင်းသက်လာသောအခါ ခုခံတိုက်ခိုက်မှု အနည်းငယ်မျှသာ တွေ့ခဲ့ရသည်။ သေဆုံးသူများနှင့် ဒဏ်ရာရသူများမှအပ ကျန်ရှိသော ခံတပ်‌ စောင့်စစ်သည်များမှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီ ဖြစ်သည်။

 

ဧပြီလ ၈ ရက်နေ့ တွင် ဗြိတိသျှတပ်ဖွဲ့သည် ထိခိုက်သေဆုံးမှု အနည်းအကျဉ်း ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

 

မှန်ချပ်လို ပြောင်လက်နေသော ညိုညစ်ညစ် အရောင် လွှမ်းနေသော မြစ်ပြင်တွင် အပူချိန်သည် ဖာရင်ဟိုက် ၉၃ ဒီဂရီမှ ၁၀၃ ဒီဂရီအထိ ရှိလာသည် နှင့် အမျှ အရာရှိများနှင့် စစ်သည်များ တယောက်ပြီးတယောက် နေပူဒဏ်ကြောင့် မူးမေ့လဲကျကုန်သည်။ ဝမ်းရောဂါ ကလည်း ကြောက်မက်ဖွယ် ကူးစက် ပြန့်ပွားနေပြီဖြစ်ရာ ဂေါဒွင် သည် စစ်ပွဲကို အလျင်အမြန် အဆုံးသတ်နိုင်ရန် စီမံလာခဲ့သည်။ 

 

၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၁ ရက် (အီစတာတနင်္ဂနွေနေ့) တွင် စစ်သင်္ဘော ငါးစင်းသည် မြစ်ကြောင်းအတိုင်း အထက်သို့ စက်ရှိန်မြှင့် တက်လာခဲ့ကြပြီး မြစ်၏ ဘယ်ညာကမ်းပါး နှစ်ဖက်စလုံးရှိ သစ်တပ်စခန်းများကို အမြောက်များနှင့် စတင် ပစ်ခတ် တိုက်ခိုက် ခဲ့ကြသည်။ ထိုနေရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မဒရပ် အမြောက်တပ်ဖွဲ့မှ ဒုတိယဗိုလ် လော်ရီ က "ဘုရင်နှင့် ကုမ္ပဏီပိုင် သင်္ဘောများမှ ပစ်ခတ်လိုက်သော အမြှောက်ဆံများ ကြောင့် ကျွန်ုပ်တို့၏ ဘယ်ဘက်ရှိ ဒလ နှင့် ညာဘက်ရှိ ရန်ကုန် ခံတပ် စခန်းများကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီး သွားစေခဲ့သည်" ဟု မှတ်တမ်းတင်ခဲ့သည်။

 

စတင်ပစ်ခတ်ချိန်တွင် ရန်သူ မြန်မာတပ် မှ အမြှောက်များဖြင့် တိကျကျွမ်းကျင်စွာ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း 'ဖောက်စ်' (Fox) သင်္ဘော ရောက်ရှိလာပြီး ဘေးတိုက်ပစ်ခတ်လာသည့်အပြင် 'ဆာပင်' (Serpent) သင်္ဘောကလည်း တိုက်ခိုက်ဖျက်ဆီးရန် ရှေ့သို့ တိုးလာခဲ့ပြီးနောက် နံနက် ၁၁ နာရီခန့်တွင် ကျွန်ုပ်တို့၏ ညာဘက်မှ ပြန်လည်ပစ်ခတ်သံများ စဲသွားခဲ့သည်။ 

 

သို့သော်လည်း စစ်သင်္ဘောများသည် မြစ်၏ နှစ်ဘက်စလုံးရှိ ခံတပ်များကို မိုးကြိုးပစ်ချသည့်အလား ပစ်ခတ်ကာ ရန်ကုန်ကမ်းခြေရှိ သစ်တပ်စခန်းများကို အပြီးတိုင် ဖျက်ဆီးခဲ့ပြီး ဒလဘက်သို့လည်း ပြင်းပြင်းထန်ထန် ဆက်လက် ပစ်ခတ်ခဲ့ကြသည်။ 

 

ရွှေတိဂုံစေတီတော် ၏ တောင်ဘက်၊ အနောက်ဘက်ရှိ သစ်တပ်စခန်းကြီးမှာ တိကျစွာ ပစ်ခတ်လိုက်သော အမြောက်ဆန်ကြောင့် မီးလောင်ကျွမ်းခဲ့ပြီး ယမ်းတိုက်ပါ ပေါက်ကွဲသွားခဲ့သည်။ ထို့နောက် စခန်းတစ်ခုလုံးသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မီးတောက်မီးလျှံများ နှင့်အတူ မီးခိုးလုံးများ ထိုးတက်လာပြီး ကောင်းကင် တခုလုံး ဖုံးလွှမ်း သွားခဲ့ရသည်…။ ဒလရှိ သစ်တပ်စခန်းမှ အမြောက်သံများ တိတ်ဆိတ်သွားပြီးနောက် ရေတပ်သားများနှင့် မရိမ်းတပ်ဖွဲ့ဝင်များပါဝင်သော လှေလေးစင်းသည် ကမ်းသို့ တက်ရောက်နိုင်ခဲ့ပြီး ထိုနေရာကို အလျှင်အမြန်ပင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။

 

ဤသို့ဖြင့် အီစတာ စစ်ဆင်ရေးများသည် ပြီးဆုံးသွားခဲ့လေသည်။ "ရေတပ်ကြီးသည် အစစ်အမှန် ယဉ်ကျေးမှု ၏ ရှေ့ပြေးလမ်းဖောက်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်" ဟု လောရီ က မှတ်ချက်ပြုခဲ့၏။

 

နောက်တနေ့ စစ်ကြောင်းချီတက် တိုက်ခိုက်ရန်အတွက် အရာရာ အသင့်ဖြစ်နေပြီဖြစ်သော်လည်း ၁၈၂၄ ကကဲ့သို့ သက်သောင့်သက်သာ အလွယ်တကူ တိုက်ယူ၍ ရနိုင်မည်မဟုတ်ပေ။ မြန်မာတို့သည် မြို့ဟောင်းပျက်များ၏ နောက်ဘက် တမိုင်ခန့်အကွာ ကုန်းတွင်းပိုင်းတွင် ရန်ကုန်မြိုသစ် တခုကို တည်ဆောက်ထားခဲ့ကြသည်။

 

ထိုမြို့သစ်မှာ ထောင့်မှန်စတုဂံပုံစံ လေးထောင့်ကျကျရှိပြီး မြောက်ဘက်နှင့် အရှေ့ဘက်ထောင့်တွင် ရွှေတိဂုံစေတီတော် ပါဝင်ကာ နက်ရှိုင်းသော ကျုံး၊ သစ်ပင်၊ စူးချွန် အတားအဆီးများ နှင့် အမြင့် ၁၆ ပေ၊ အနံ ၈ ပေရှိသော မြေကတုတ်တံတိုင်းကြီးဖြင့် အပြည့်အဝ ကာကွယ်တားဆီးထားသည်။

 

ထို မြို့ရိုးတံတိုင်းများပေါ်တွင် အမြောက်အလက် ၂၀ ခန့် တပ်ဆင်ထားကြောင်း သိရှိရပြီး စစ်သည်အင်အား ၂၀,၀၀၀ ခန့် တပ်စွဲထားကြသည်။ သို့သော်လည်း ထိုနေရာမှာ ရေတပ်၏ အမြောက်ကြီးများ ပစ်ခတ်နိုင်သော အကွာအဝေးအတွင်း၌သာ ရှိနေပေသေးသည်။