The Starfish and Spider (13)

by Hla Soewai - Oct 26 2026

ရေလက်ဝါး၊ ပင့်ကူ နှင့် အင်တာနက်၏ သမ္မတ (၅)

 

အရက်စွဲရောဂါ တိုက်ဖျက်ရေးအသင်း (AA - Alcoholics Anonymous) နှင့် တည်ထောင်သူ ဘီလ် ဒဗလျူ ဗဟိုထိန်းချုပ်မှုမရှိသည့် ရေလက်ဝါး ပုံစံ ချဉ်းကပ်နည်းကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့မှု အကြောင်း ပြန်ဆက်ပါရစေ။

 

နောက်ဆုံးတွင် ဘိလ်၏ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်သည် မှန်ကန်ခဲ့ကြောင်း တွေ့ရသည်။ ပွင့်လင်းသည့် စနစ် Open System လမ်းကြောင်းအတိုင်း သွားခဲ့ခြင်းမှာ အထိရောက်ဆုံး နည်းလမ်းဖြစ်ခဲ့ပြီး ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသည့် လူပေါင်းများစွာကို ကူညီပေးနိုင်ခဲ့သည်။

 

ယနေ့ခေတ်တွင် AA ၌ အဖွဲ့ဝင် မည်မျှရှိသနည်းဟု မေးမြန်းပါက တိကျစွာ ပြောနိုင်မည် မဟုတ်ပေ။ ဌာနခွဲ သို့မဟုတ် အသင်းအဖွဲ့ ပေါင်းစုံ မည်မျှရှိသနည်းဟု မေးပါကလည်း အလားတူပင် မသိနိုင်ပေ။ AA သည် ဗဟိုမှ အမိန့်ပေး ကွပ်ကဲသည့် အဖွဲ့အစည်း မရှိသော ပွင့်လင်းသည့် စနစ်ဖြစ်သည့်အတွက် မည်သူမျှ တိကျစွာ မသိရှိကြပါ။ AA သည် လိုက်လျောညီထွေရှိမှု၊ အခွင့်အရေး ညီမျှမှုနှင့် အစဉ်မပြတ် ပြောင်းလဲ တိုးတက်နေမှုတို့ရှိသည်။

 

AA ၏ အောင်မြင်မှုကို သတိပြုမိလာကြသည့်အခါ၊ ထို အဆင့် ၁၂ ဆင့်ပါ စံနမူနာ (Twelve-step model) ကို ယူသုံး၍ မူးယစ်ဆေးဝါး၊ အစားအသောက်နှင့် လောင်းကစား စသည့် အခြားသော စွဲလမ်းမှုများကို တိုက်ဖျက်သည့် အဖွဲ့အစည်းများကို စတင်ဖွဲ့စည်းခဲ့ကြသည်။

 

ယင်းအပေါ် AA ၏ တုံ့ပြန်မှုမှာမူ "ဝမ်းသာပါတယ်၊ ဆက်လုပ်ကြပါ" ဟူ၍သာ ဖြစ်သည်။ အကြောင်းမှာ ထိုသို့ ပြန့်ပွားသွားခြင်းသည်ပင် စနစ်၏ မူလ ဒီဇိုင်း ရည်ရွယ်ချက်ထဲ၌ ပါဝင်ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။

 

ဗဟိုထိန်းချုပ်မှု လျှော့ချခြင်း ၏ စတုတ္ထမြောက် မူဝါဒမှာ "ပွင့်လင်းသော စနစ်များသည် လွယ်ကူစွာ ကူးပြောင်း ပြောင်းလဲနိုင်သည် " ဆိုသည့် အချက်ပင် ဖြစ်သည်။

 

AA အသင်းနှင့် တည်ထောင်သူ ဘိလ် ဒဗလျူ သည် မူလမျှော်မှန်းထားသည်ထက် ကျော်လွန်၍ အလွန်အမင်း အင်အား တောင့်တင်းပြီး ရေရှည်တည်တံ့သော အဖွဲ့အစည်းတခုအဖြစ် မထင်မှတ်ဘဲ ကြီးထွားလာခဲ့ရာ၊ ယင်းမှာ အပါချီ မျိုးနွယ်စုများနှင့် များစွာ ဆင်တူနေပေသည်။ 

 

အပါချီများသည် ဥရောပကျူးကျော်သူများကို မည်သို့ရင်ဆိုင်ဖြေရှင်းရမည်ဆိုသည်ကို ကြိုတင်ပြင်ဆင်မှု မရှိခဲ့ကြသလို မည်သို့ ကြိုတင်ပြင်ဆင်ရမည်ကိုလည်း မသိခဲ့ကြပေ။ သို့သော် စပိန်လူမျိုးများ ရောက်ရှိလာသည့်အခါ အပါချီလူ့အဖွဲ့အစည်းသည် လွယ်ကူစွာပင် ပုံစံပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် ကျေးရွာများတွင် စုပေါင်းနေထိုင်သည့် ဘဝမှ Nomad ခေါ် လှည့်လည်သွားလာနေထိုင်သူများ ဘဝသို့ ကူးပြောင်းသွားခဲ့ကြသည်။ 

 

ထိုဆုံးဖြတ်ချက်ကို မည်သည့်ဗဟိုဌာနချုပ်၏ အတည်ပြုချက်မှ ရယူရန် မလိုခဲ့ပေ။ အပါချီလူ့အဖွဲ့အစည်းသည် လွတ်လပ်ပွင့်လင်းသော အနေအထားရှိသဖြင့် ပုံစံပြောင်းလဲရန် လွယ်ကူခဲ့ခြင်းဖြစ်သည်။

 

ထို့အတူပင်၊ ဘိလ် ဒဗလျူ အနေဖြင့် သူ၏ အရက်စွဲရောဂါ ကုထုံးသည် လောင်းကစားစွဲသူများနှင့် အစားအသောက် စွဲလမ်းသူများကိုပါ ကူညီပေးနိုင်လိမ့်မည်ဟု လည်း တခါဖူးမျှ တွေးတောမိခဲ့ခြင်း မရှိ။ ဘီလ် ဒဗလျူ သည်လည်း မည်သည့် ထိန်းချုပ်ကွပ်ကဲမှု ယန္တရားကိုမှ တည်ထောင်ရန်လည်း စိတ်ကူး မရှိခဲ့ပေ။ ပြင်ပမှ စိန်ခေါ်မှု သို့မဟုတ် လိုအပ်ချက်တခု ထွက်ပေါ် လာသည်နှင့်တပြိုင်နက် ဗဟိုဦးစီးချုပ်ကိုင်မှုမရှိသော အဖွဲ့အစည်းများသည် အဆိုပါ စိန်ခေါ်မှုနှင့် လိုအပ်ချက်အသစ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ခေါင်းဆောင်မှု ပေးနေစရာ မလိုဘဲ လျင်မြန်စွာ ပုံစံပြောင်းလဲသွားကြမြဲ ဖြစ်သည်။

 

AA သည် eMule ၏ သီချင်းဖိုင် ဖိုင်မျှဝေသည့် ကွန်ရက်နှင့် တူညီသည့် အချက်များစွာ ရှိသည်။ eMule ကို စတင်ဖန်တီးခဲ့သည့် အမည်မသိ ဟက်ကာကဲ့သို့ပင် AA ကို ပူးတွဲတည်ထောင်သူ ဘီလ် ဒဗလျူ သည်လည်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ် (CEO) တဦး မဟုတ်ခဲ့ပေ။ ထိုအစား ဘီးလ်သည် အတွေးအခေါ်သစ်တခု ဖြစ်ပေါ်လာအောင် ဖန်တီး ပေးပြီး အကူအညီပေးသူ အဖြစ်သာ ပါဝင်ခဲ့ပြီး၊ ထို့နောက်တွင်တော့ နေရာ ဖယ်ပေးလိုက်တော့သည်။

 

 ၎င်းသည် မိမိ၏ အဖွဲ့အစည်းကို ဗဟိုချုပ်ကိုင်မှုမဲ့ စနစ်အဖြစ် ထားရှိခဲ့ခြင်းဖြင့် အခြေအနေနှင့်အမျှ အသွင်ပြောင်းလဲနိုင်သော၊ ပုံသဏ္ဌာန်အမျိုးမျိုးသို့ စဉ်ဆက်မပြတ် ဆန်းသစ်ပြောင်းလဲနိုင်သော စွမ်းအားကို ပေးအပ်ခဲ့လေသည်။

 

စီးပွားရေး မျက်နှာစာတွင် မည်သို့ သက်ရောက်လှုပ်ရှားလာသည်ကို ကြည့်ကြပါစို့။ Napster ပေါ်ထွက်လာပြီး တေးဂီတဓာတ်ပြားကုမ္ပဏီများကို ထိုးနှက်သလို ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ပွင့်လင်းသောစနစ်များနှင့် ချုပ်ကိုင်ကန့်သတ်ထားသော စနစ်များသည် လုံးဝဥဿုံ ကွဲပြားခြားနားသည့် တုံ့ပြန်မှုများဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။

 

 ဓာတ်ပြားကုမ္ပဏီများတွင် ဆုံးဖြတ်ချက်တခုစီတိုင်းကို အလုပ်အမှုဆောင်များက ဆန်းစစ်အတည်ပြုရန် လိုအပ်သည်။ တချိန်တည်းမှာပင် P2P (Peer-to-Peer) ကွန်ရက်များသည် အလွန်လျှင်မြန်သော အရှိန်ဖြင့် တုံ့ပြန်နေကြပြီး အစဉ်အမြဲ မျိုးဗီဇပြောင်းလဲကာ ဓာတ်ပြားကုမ္ပဏီများ၏ အရှေ့‌ ခြေ တလှမ်း အမြဲ သာ နေခဲ့သည်။

 

ဤသို့ ဆက်တိုက်ဖြစ်ပေါ်နေသော မျိုးဗီဇပြောင်းလဲမှုများကို ထိန်းချုပ်ရန်မှာ ပြဒါးကို လက်ဖြင့်ဆုပ်ကိုင်ရန် ကြိုးစားနေသကဲ့သို့ပင်။ သင်က Napster ကို နှိမ်နင်းလိုက်လျှင် Kazaa ပေါ်ထွက်လာမည်။ သင်က Kazaa ကို ဖျက်ဆီးလိုက်လျှင် Kazaa Lite ထွက်ပေါ်လာခြင်းမျိူး ဆက်တိိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။ P2P ကုမ္ပဏီငယ်လေးများတွင် အသုံးပြုနိုင်သည့် အရင်းအမြစ်များစွာ မရှိသော်လည်း၊ သူတို့သည် မယုံနိုင်စရာကောင်းလောက်အောင် လျှင်မြန်သော အရှိန်ဖြင့် တုံ့ပြန်နိုင်ပြီး ပုံစံပြောင်းလဲနိုင်သည်။ ဤအချက်သည် မိမိပတ်ဝန်းကျင်တွင် ရေလက်ဝါး ကဲ့သို့ ငါး များ ဝိုင်းရံခံနေသလို ဖြစ်လာသည့်ပင့်ကူ ပုံစံ အဖွဲ့အစည်းတရပ်အတွက်တော့ အန္တရာယ်ကြီးမားလှပေသည်။

 

ဗဟိုထိန်းချုပ်မှုမဲ့ စနစ် (ရေလက်ဝါးငါး) တကောင်၏ အစိတ်အပိုင်းပင်ဖြစ်စေ၊ သို့မဟုတ် ပြင်ပမှ စောင့်ကြည့်လေ့လာသူပင်ဖြစ်စေ၊ နောက်ဆုံးတွင် ဗဟိုမဲ့အဖွဲ့အစည်းများ၏ ပဉ္စမမြောက် အခြေခံသဘောတရားကို သဘောပေါက်နားလည်လာပါလိမ့်မည်။ ထိုသဘောတရားမှာ "ဗဟိုမဲ့အဖွဲ့အစည်းများသည် သင် မရိပ်မိလိုက်ဘဲ အလစ်အငိုက် ချဉ်းကပ်ရောက်ရှိလာခြင်း" ပင်ဖြစ်သည်။

 

ဗဟိုမဲ့အဖွဲ့အစည်းများသည် ရုပ်သွင်ပြောင်းလဲမှု အလွန်လျင်မြန်သောကြောင့် ၎င်းတို့၏ ကြီးထွားနှုန်းမှာလည်း မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လှသည်။ ဗဟိုထိန်းချုပ်မှုရှိသော အဖွဲ့အစည်းများ Spider သည် အရင်းအမြစ်များကို ဖြည်းဖြည်းချင်း စုဆောင်းပြီး ဗဟိုချုပ်ကိုင်မှုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရင်း ၎င်းတို့၏ ကွန်ရက်ပိုင်နက်ကို အချိန်ယူ၍ တည်ဆောက်ကြသည်။ 

 

သို့သော် ဗဟိုမဲ့အဖွဲ့အစည်းများ (ရေလက်ဝါး) ကမူ စက္ကန့်ပိုင်းမျှအတွင်း စက်မှုလုပ်ငန်း သို့မဟုတ် နယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးသိမ်းပိုက်လိုက်နိုင်သည်။

 

ဥပမာအားဖြင့် - အရက်စွဲသည့်ရောဂါကို ကုသရန် လူတို့သည် အနှစ်တရာမက ကျွမ်းကျင်သူများကို အားကိုးအားထားပြုခဲ့ကြသော်လည်း၊ AA အဖွဲ့ ပေါ်ပေါက်လာပြီး အနှစ်နည်းငယ်အတွင်းမှာပင် ထိုစွဲလမ်းမှုကို တိုက်ထုတ်သည့် အများ လက်ခံ နိုင်သည့် နည်းလမ်းဖြစ်လာခဲ့သည်။ ထို့ပြင် စက်မှုတော်လှန်ရေးခေတ်မှစ၍ လူတို့သည် စာတိုက်၊ ကြေးနန်း သို့မဟုတ် တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်ခဲ့ကြသော်လည်း အင်တာနက် ပေါ်ပေါက်လာသောအခါ ဆယ်စုနှစ်တစု မပြည့်မီမှာပင် အရာရာကို ပြောင်းလဲပစ်ခဲ့လေသည်။

 

အသံသွင်းတေးဂီတလုပ်ငန်းကို ရာစုနှစ်တခုတိုင်အောင် ကော်ပိုရေးရှင်းကြီး လက်တစ်ဆုပ်စာကသာ ပိုင်ဆိုင်ထိန်းချုပ်ထားခဲ့ကြသည်။ သို့သော် ဟက်ကာတစု ကြောင့် ထိုလုပ်ငန်း၏ ပုံသဏ္ဌာန်တခုလုံး ပြောင်းလဲသွားခဲ့သည်။

 

ဤပုံစံမျိုးကို မတူညီသော ကဏ္ဍများနှင့် လုပ်ငန်းနယ်ပယ်များစွာတွင် ထပ်ခါတလဲလဲ တွေ့မြင်လာရမည်ဖြစ်သည်။ ဤသို့ အစွန်းနှစ်ဖက်ကြား အကြီးအကျယ် လှည့်ပတ်ပြောင်းလဲနေသည့် ဖြစ်စဉ်ကို ကျွန်ုပ်တို့က “အကော်ဒီယံ နိယာမ” (The Accordion Principle) ဟု ခေါ်ကြသည်။

 

အချိန်ကြာလာသည်နှင့်အမျှ လုပ်ငန်းနယ်ပယ်များသည် ဗဟိုချုပ်ကိုင်မှုကင်းသော အခြေအနေမှ ဗဟိုချုပ်ကိုင်မှုအားကောင်းသော အခြေအနေသို့၊ ထို့နောက် ဗဟိုချုပ်ကိုင်မှုကင်းသော အခြေအနေသို့ ပြန်လည်ကူးပြောင်းကြနှင့် တလှည့်စီ ဖြစ်ပေါ်နေတတ်သည်။

 

ဗဟိုချုပ်ကိုင်မှု လွန်ကဲလာသော လုပ်ငန်းများ သို့မဟုတ် အဖွဲ့အစည်းများကို ကို ဆန့်ကျင်ပုန်ကန်လာကြပြီး “‌ ရေလက်ဝါး ငါးပုံစံ” (Starfish System) ဟု ခေါ်ဆိုသည့် ပွင့်လင်းလွတ်လပ်ကာ ဗဟိုချုပ်ကိုင်မှုကင်းသော စနစ်များကို ဖန်တီးတည်ထောင်လာကြသည်။

 

အမှန်အားဖြင့် eMule ကဲ့သို့သော စနစ်မျိုးသည် ဗဟိုချုပ်ကိုင်မှုကင်းလွန်းသည့်အတွက် အဖွဲ့အစည်းတခုနှင့်ပင် မတူတော့ပေ။ eMule သည် အဖွဲ့ဝင်များနှင့် လုပ်ဆောင်မှုများကို နေရာအနှံ့ ဖြန့်ကျက်ထားသော စနစ်တစ်ခုဖြစ်ပြီး အဖွဲ့ဝင်တဦးချင်းစီတွင်လည်း မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့် အတိုင်းအတာ မြင့်မားသည်။

 

ဗဟိုချုပ်ကိုင်မှုကို အလွန်အမင်း လျှော့ချထားသည့် အစွန်းဆုံးအခြေအနေသို့ ရောက်ရှိလာသောအခါ ထို အနေအထားကို မီးခိုးရောင်ဇုန် ဟု ခေါ်နိုင်သည်။ ယင်းတွင် လူအနည်းငယ်စီ ပါဝင်သော၊ စည်းလုံးဖွဲ့စည်းမှု အလွန်လျော့ရဲသည့် လူစုလူဝေးတခုမျှသာ ဖြစ်နေပုံရသော်လည်းလူအများ၏ ပူးပေါင်းလုပ်ဆောင်မှုကြောင့် အံ့အားသင့် ဖို့ ကောင်းလောက် အောင်ပင် အင်အားကြီးမားလာနိုင်သည့် အခြေအနေ ဖြစ်လာသည်။

 

ထိုကဲ့သို့သော အခြေအနေတွင် မည်သို့ ဖြစ်ပျက်ပြောင်းလဲလာသည် ကို တွေ့မြင်နိုင်ရန် ၁၉ ရာစုဆီ ပြန်သွားကြည့်ရပေမည်။ ထိုစဉ်က ဂီတ နယ်ပယ်၏ သြဇာအာဏာသည် တယောပညာရှင် ဂျိုးဇက် ဂျိုအာခင်း လိုမျိုး စူပါစတား ပွဲထွက်တီးခတ်သူများ၏ လက်ထဲတွင်သာ ရှိနေခဲ့သည်။

 

၁၈၃၀ ပြည့်လွန်နှစ်များ အတွင်း အမေရိကား၌ မက္ကဆီကန်များသည် အပါချီ မျိုးနွယ်စုများကို တိုက်ခိုက်ဖို့ အလုပ်ရှုပ်နေခိုက် ဥရောပတွင် တော့ ကလေးငယ်သာသာ ရှိသေးသည့် ဂျိုးဇက် ဂျိုအာခင်းသည် တယောကို အပတ်တကုတ်ကြိုးစား လေ့ကျင့်နေခဲ့သည်။ ဂျိုအာခင်း၏ ဆရာသမားများသည် ၎င်း၏ အစစ်အမှန် ပါရမီကို မြင်အောင် ကြည့်နိုင်ခဲ့ကြ၍ တပည့်ဖြစ်သူလည်း ထူးထူးချွန်ချွန် အောင်မြင်ခဲ့သည်။ နောက်ဆုံးတွင် တော့ ထို တယောပညာရှင်ငယ်လေးသည် ကျော်ကြားလှသည့် တေးရေးဆရာကြီး ဖီးလစ် မန်ဒယ်လ်ဆွန် ဆိုသည့် အားကိုးလောက်စရာ လမ်းပြဆရာကောင်း တယောက်ကို ရရှိသွားခဲ့သည်။

 

၁၉ ရာစု ဂီတလောကထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ဂီတပညာရှင်တဦးသည် အမှန်တကယ် ပရိသတ်အာရုံ ကို ဖမ်းစားနိုင် လောက်အောင် တီးခတ်ဖျော်ဖြေ နိုင်သူ ဖြစ်ရ ပေမည်။ ဂျိုအာခင်းသည်လည်း ထိုကဲ့သို့ပင် ကွက်တိ ဖြစ်လာခဲ့သည်။ သူသည် မန်ဒယ်လ်ဆွန်နှင့်အတူ လန်ဒန်သို့ ခရီးထွက်ခဲ့စဉ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုအားပေးမှုကို ရရှိခဲ့သည်။ လန်ဒန်မြို့သူမြို့သားများသည် သူ၏ တီးခတ်မှုကို နားထောင်၍ မဝနိုင်အောင် နှစ်သက်ခဲ့ကြသော်လည်း၊ ဂျိုအာခင်း မြို့မှ ထွက်ခွာသွားချိန်တွင်မူ သူ၏ ပါရမီမြောက် ကျွမ်းကျင်မှုများသည်လည်း သူနှင့်အတူ ပါသွားခဲ့ရသည်။ အသံသွင်းယူသည့် ခေတ်မတိုင်မီ ဆယ်စုနှစ်များစွာက ဖြစ်သည့်အတွက် သူ၏ အကောင်းဆုံး တီးခတ်ချက်များကို သီချင်းအဖြစ် ဝယ်ယူနားဆင်၍ မရနိုင်ခဲ့ပေ။