ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(107)

by Hla Soewai - Oct 26 2026

အခြေချနေထိုင်ရေးအတွက် အစိုးရ ‌ထဲမှ ရထားသည့် ထောက်ပံ့‌ ငွေများ လျော့ နည်း လာနေပြီ ဖြစ်‌ သော လည်းတပြားတချပ်မျှ နှမြောတွန့်တိုခြင်းမရှိဘဲ ကျွန်တော်က အရက်ခွက်များအတွက် ငွေရှင်းပေးခဲ့သည်။ ကျွန်တော်သည် ငွေဆိုသည်မှာ သုံးစွဲလိုက်မှသာ အသက်ဝင်လာသည်ဟု အခိုင်အမာ ယုံကြည်သူဖြစ်သည်။ အထူးသဖြင့် မိတ်ဆွေများနှင့်အတူ ရှိနေချိန်တွင် ပို၍ပင် မှန်ကန်သည်ဟု ယူဆခဲ့သည်။

 

ဘားကောင်တာတွင် ဘီယာကို တစိမ့်စိမ့်သောက်ရင်း ရပ်နေကြသော ဆံပင်ဖြူကျဲကျဲနှင့် အတွေ့အကြုံရင့် ဗိုလ်ကြီး၊ ခံစားချက်မပေါ်လွင်သော ဒုဗိုလ်တို့ကို ကျွန်တော် သတိပြုမိသောအခါ သူတို့အတွက် ကော့ညက်အရက်ခွက်များကိုပင် မှာပေးလိုက်သေးသည်။ သူတို့သည် ကျွန်တော်တို့၏ စားပွဲဆီသို့ လျှောက်လာပြီး ရဲဘော်ရဲဘက် စိတ်ဓာတ်နှင့် အချင်းချင်း သံယောဇဉ်ကို ဂုဏ်ပြုကာ ခွက်ချင်းတိုက်ကြသည်။ ကျွန်တော်က ဗိုလ်ချုပ်ကြီးထံ ပြန်သွားရမည့်ကိစ္စကို ထိုအချိန်အထိ ထပ် မပြောရသေးသော်လည်း ပြောဖို့ ရည်ရွယ်ထားပြီး ဖြစ်သည်။

 

သို့ဖြစ်ရာ ကျွန်တော်တို့အားလုံးအတွက် နောက်တကျော့ ထပ်မှာပေးရသည်ကိုလည်း ကျွန်တော် ဝမ်းသာနေမိသည်။ ကော့ညက်သည် အရာရာကို ပိုကောင်းလာစေသည်။ အရွယ်ရောက်ပြီးသော အမျိုးသားတဦးအတွက် မိခင်၏ အနမ်းတစ်ပွင့်နှင့် တူညီသည့် အရာမျိုးပင် ဖြစ်သည်။ ထို့ကြောင့် အဆိုတော်များ တယောက်ပြီးတယောက် စင်မြင့်ပေါ်တွင် ကခုန် သီဆို ဖျော်ဖြေနေကြစဉ် ကျွန်တော်တို့သည်လည်း အရက်သောက်ရင်း အပန်းဖြေခံစားနေခဲ့ကြသည်။

 

အမျိုးသားများရော အမျိုးသမီးများပါ သီချင်းကို တိုးတိုးလိုက် ညည်းကြသည်၊ အသံမြှင့်ကာ ငိုကြွေးသလို သီဆိုကြသည်၊ သက်ပြင်းချကြသည်၊ အားပါးတရ ဟစ်အော်သီဆိုကြသည်၊ ညည်းတွားကြသည်၊ တခါတခါ ဟိန်းဟောက်သလိုပင် သီဆိုကြသည်။ သူတို့ ဘာသီချင်းကိုပဲ ဆိုဆို၊ ဘယ်လိုပုံစံနဲ့ပဲ သီဆိုသီဆို ပရိသတ်ကတော့ သူတို့ကို အရူးအမူး နှစ်သက်အားပေးကြသည်။

 

 ဘွန် အပါအဝင် ကျွန်‌ တော် တို့ အားလုံးသည် အချိန်နောက်ပြန်ရွေ့လျားသွားသလို ခံစားခဲ့ကြရသည်။ နှစ်ပေါင်းများစွာနှင့် မိုင်ပေါင်းများစွာကို ဖြတ်ကျော်ကာ ဆိုင်ဂုံမြို့ရှိ နိုက်ကလပ်များဆီသို့ ပြန်လည် ရောက်ရှိသွားကြသလိုပင်။

 

ထိုနိုက် ကလပ်များတွင် ရှန်ပိန်၏ အရသာ၌ ပုံမှန်ခံစားရသော အရသာများ၊ ရနံ့၊ အရိပ်အမြွက်များအပြင် မျက်ရည်တစက်၏ အရသာလည်း အမြဲပါဝင်နေခဲ့သည်ချည်း ဖြစ်သည်။

 

မျက်ရည်ဆိုသည်ကလည်း အလွန်အကျွံ ဆိုက လူတဦးသည် သူ၏ ခံစားချက်များ နောက်သို့ လိုက်ပါသွားတတ်သည်။ လွှမ်းမိုးခြင်း ခံလိုက်ရသည်။ မျက်ရည် လုံးဝမရှိလျှင်လည်း ထိုခံစားချက်များ၏ ကျေးကျွန် ဖြစ်မသွားနိုင်ပေ။

 

သို့သော် ဤအံ့ဖွယ်အရည် တစက်မျှ လျှာပေါ်သို့ တင် လိုက်ရုံဖြင့် လူတဦး၏ နှုတ်ဖျားမှ ထွက်ပေါ်လာနိုင်သည့် အမည်မှာ တစ်ခုတည်းသာ ရှိတော့သည်။

 

"ဆိုင်ဂုံ"

 

ထိုစကားလုံးကို အခမ်းအနား မှုး အပြင် ဖျော်ဖြေသူအားလုံးနီးပါးကလည်း ထည့်သွင်းပြောဆိုခဲ့ကြသည်။

 

ဖန်တာဆီယာ နိုက်ကလပ်၏ အခမ်းအနား မှူးမှာ အရပ်အမောင်း အသင့်အတင့် ရှိပြီး မီးခိုးရောင် သိုးမွေးဝတ်စုံကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသူဖြစ်သည်။ သူ့ဆီမှ ထွက်လာနေသည့် တခုတည်းသော တောက် ပြောင် နေသော အရာက မျက်မှန်သာ ဖြစ်သည်။ သူ့မျက်လုံးများကို ကျွန်တော် မမြင်ရသော်လည်း သူ့နာမည်ကိုတော့ မှတ်မိနေသည်။

 

သူသည် စာပေမဂ္ဂဇင်းများနှင့် သတင်းစာများတွင် ကဗျာများ ရေးသားဖော်ပြခံရသော စာရေးဆရာတဦးဖြစ်သည်။ သူ့ကဗျာများမှာ နူးညံ့သိမ်မွေ့ပြီး လွမ်းဆွတ်တမ်းတမှု ဆိုသည့် ခံစားချက်များ ပါဝင် နေသည်။ နေ့စဉ်ဘဝ၏ သာမန်အရာလေးများ ၏ အလှတရားနှင့် ခံစားမှုများကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

 

အထူးသဖြင့် ဆန်ဆေး ရာမှာပင် နက်နဲသော အဓိပ္ပာယ်တခုကို တွေ့ရှိနိုင်ပုံအကြောင်း ရေးထားသည့် သူ့ကဗျာတစ်ပုဒ်ကို ကျွန်တော် မှတ်မိနေသည်။ ကဗျာထဲတွင် သူတွေ့ရှိခဲ့သော ထိုအသိအမြင်ကိုတော့ ကျွန်တော် မမှတ်မိတော့ပါ။ သို့သော် အနိမ့်ကျဆုံး၊ အသေးအဖွဲဆုံး အိမ်မှုကိစ္စတခုထဲမှာပင် အဓိပ္ပာယ် တစုံတရာကို ရှာဖွေတွေ့ရှိနိုင်သည်ဟူသော ကဗျာ၏ အတွေးအခေါ်ကိုတော့ မှတ်မိနေဆဲဖြစ်သည်။

 

တခါတရံ ကျွန်တော် ဆန်ဆေးသည့်အခါ ဆန်စေ့များ ပြည့် နေသည့် ရေထဲသို့ လက်နှစ်လိုက်ရင်း ထိုကဗျာဆရာကို သတိရမိတတ်သည်။

 

ကျွန်တော်တို့၏ ယဉ်ကျေးမှုတွင် ကဗျာဆရာတဦးက သာမန်ပြည်သူများအတွက် သီချင်းနှင့် အရက်ဝိုင်းပါဝင်သော ညတည၏ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်နိုင်ခြင်းကို ကျွန်တော် ဂုဏ်ယူမိသည်။ ကျွန်တော်တို့သည် ကဗျာဆရာများကို လေးစားကြပြီး သူတို့ထံမှ အရေးပါသော သင်ခန်းစာတခုခုကို သင်ယူနိုင်မည်ဟု ယုံကြည်ထားကြသည်။ ယခု ဤကဗျာဆရာကလည်း ထိုမျှော်လင့်ချက်ကို ပြည့်မီစေခဲ့သည်။

 

သူသည် ဆန်နီ၏ သတင်းစာတွင် အမေရိကန်လူနေမှုဘဝ၏ ရှုပ်ထွေးနားလည်ရခက်သော သဘောသဘာဝများ၊ သို့မဟုတ် အမေရိကန်များနှင့် ကျွန်တော်တို့အကြား ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုလွဲမှားခြင်းများအကြောင်း ရှင်းပြသည့် ဆောင်းပါးတိုအချို့ကို ရေးသားခဲ့ဖူးသည်။

 

ထို့ကြောင့် အဆိုတော်တဦးချင်းစီကို မိတ်ဆက်ပေးသည့်အခါ သူသည် ကျွန်တော်တို့၏ ယဉ်ကျေးမှု သို့မဟုတ် အမေရိကန်တို့၏ ယဉ်ကျေးမှုနှင့်ပတ်သက်သော သင်ခန်းစာတိုလေးများကိုလည်း ကြားညှပ်ပြောပြလေ့ရှိသည်။

 

လာနာ၏ အလှည့်ရောက်လာသောအခါ သူက ဤသို့ စတင်ပြောဆိုခဲ့သည်။

 

“ခင်ဗျားတို့ထဲက တချို့ဟာ အမေရိကန်တွေဆိုတာ အိပ်မက်မက်ရတာကို နှစ်သက်တဲ့ လူမျိုးဖြစ်တယ်လို့ ကြားဖူးကြမှာပါ။ အဲဒါ မှန်ပါတယ်။ အမေရိကန်ဟာ လူမှုဖူလုံရေးကို အဓိကထားတဲ့ နိုင်ငံတနိုင်ငံလို့ တချို့က ပြောကြပေမဲ့ တကယ်တမ်းမှာတော့ အမေရိကန်ဟာ အိပ်မက်တွေကို အဓိကထားတဲ့ နိုင်ငံတနိုင်ငံပါပဲ။

 

ဒီနိုင်ငံမှာ ဘယ်အရာကိုမဆို အိပ်မက်မက်ခွင့်ရှိကြတယ် မဟုတ်လား၊ လူကြီးမင်းတို့ခင်ဗျာ။

 

ကျွန်တော့်ရဲ့ အမေရိကန်အိပ်မက်က ဘာလဲဆိုတာ ပြောပြပါရစေ။”

 

သူသည် မိုက်ခရိုဖုန်းကို ကိုင်ထားပုံမှာ စနက်တံပါ ဒိုင်းနမိုက်ကို သတိကြီးကြီးဖြင့် ကိုင်ထားသကဲ့သို့ ဖြစ် နေသည်။

 

“ကျွန်တော့်ရဲ့ အမေရိကန်အိပ်မက်ကတော့ မသေခင်မှာ ကျွန်တော် မွေးဖွားခဲ့တဲ့ မြေကို နောက်တကြိမ် ပြန်မြင်ချင်တာပါပဲ။ တေ နင်းပြည်နယ်မှာရှိတဲ့ ကျွန်တော်တို့ မိသားစုခြံထဲက အပင်တွေ မှာ မှည့်နေတဲ့ ပါစီမန် သီး တွေကိုလည်း နောက်တကြိမ် ပြန်စားချင်ပါတယ်။

 

ကျွန်တော့်ရဲ့ အမေရိကန်အိပ်မက်ကတော့ အိမ်ပြန်ချင်တာပါပဲ။ အဘိုးအဘွားတွေရဲ့ အုတ်ဂူရှေ့မှာ အမွှေးတိုင်ထွန်းပူဇော်ချင်တယ်။ နောက်ဆုံးမှာ ငြိမ်းချမ်းသွားပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ လှပတဲ့တိုင်းပြည်ကို လှည့်လည်သွားလာချင်တယ်။ သေနတ်သံတွေ မကြားရတော့ဘဲ လူတွေရဲ့ ဝမ်းမြောက်ပျော်ရွှင်စွာ အော်ဟစ်သံတွေကိုသာ ကြားချင်ပါတယ်။

 

ကျွန်တော့်ရဲ့ အမေရိကန်အိပ်မက်ကတော့ မြို့ကနေ ရွာဆီ၊ ရွာကနေ လယ်ယာတွေဆီ လမ်းလျှောက်သွားရင်း စစ်ဆိုတာကို တခါမှ မကြားဖူးသေးတဲ့ ကလေးတွေ ရယ်မောဆော့ကစားနေတာကို မြင်ချင်တာပါပဲ။

 

ဒါနန်းကနေ ဒါလတ်အထိ၊ ကာမောကနေ ချောင်ဒေါ့အထိ၊ ဆာဒက်ကနေ ဆောင်ကော်အထိ၊ ဘီယန်ဟွာကနေ ဘန်မေသွတ်အထိ—”

 

အားလုံးသည် မြို့ကြီးမြို့ငယ်၊ ရွာကြီးရွာငယ်များကို ဖြတ်သန်းသွားသော သူ၏ ရထားခရီးစဉ်ကို ဆက်လက်စီးနင်းနေကြသည်။ သို့သော် ကျွန်တော်ကတော့ ကိုယ့်ဇာတိမြို့ဖြစ်သော ဘန်မေသွတ် တွင် ရထားပေါ်မှ ဆင်းခဲ့ပြီးဖြစ်သည်။

 

ဘန်မေသွတ် ဆိုသည်က ကျွန်တော်၏ မွေးရပ်မြေ၊ တောင်ကုန်းပေါ်တွင် တည်ရှိသော မြို့၊ မြေနီမြေသားတို့၏ မြို့၊ အရည်အသွေးအကောင်းဆုံး ကော်ဖီစေ့များ ထွက်ရှိရာ ကုန်းမြင့်ဒေသ၊ ဟိန်းထွက်နေအောင် မြည်ဟည်းသော ရေစီးသံ များ နှင့် ရေတံခွန်များရှိရာ နယ်မြေ၊ လူတို့၏ နှောင့်ယှက်မှုကို ငြီးငွေ့နေပုံရသော ဆင်များ ကျင်လည်ကျက်စားရာ ဒေသ၊ ခါးဝတ်တထည်သာ ဝတ်ဆင်ထားပြီး ဖိနပ်မပါ၊ ရင်ဘတ်ဗလာဖြင့် ဆင်းရဲနွမ်းပါးလှသော ဂျာရိုင် တိုင်းရင်းသားများ နေထိုင်ရာ နယ်မြေ။

 

ထိုမြေသည်ပင် ကျွန်တော့်မိခင်နှင့် ဖခင်တို့ ခေါင်းချ ခဲ့ကြသော နေရာဖြစ်သည်။ ကျွန်တော် မွေးဖွားစဉ်က ချက်ကြိုးကို ဖြတ်ပြီးနောက် ကျွန်တော်တို့၏ အိမ်နောက်ဖေးရှိ မြေကွက်လေးထဲတွင် မြှုပ်နှံခဲ့ကြသည့် နေရာလည်း ဖြစ်သည်။

 

၁၉၇၅ ခုနှစ်၏ ကြီးမားသော စစ်ဆင်ရေးအတွင်း တောင်ဗီယက်နမ်ကို လွတ်မြောက်စေရန် ထိုးစစ်ဆင်ခဲ့သည့်အခါ ပြည်သူ့တပ်မတော်က ပထမဆုံး ရဲရင့် ပြောင်မြောက်စွာ စတင်တိုက်ခိုက်ခဲ့သော နယ်မြေများထဲမှ တခုလည်း ဖြစ်သည်။

 

ထိုမြေသည်ပင်—ကျွန်တော်၏ အိမ်၊ ကျွန်တော်၏ ဇာတိမြေ ဖြစ်သည်။

 

"ဒါဟာ ကျွန်တော့်ရဲ့ အမေရိကန်အိပ်မက်ပါပဲ” ဟု အခမ်းအနားမှုး ကဗျာဆရာက ဆက်ပြောသည်။ “ကျွန်တော် ဘယ်လိုအဝတ်အစားမျိုး ဝတ်ဝတ်၊ ဘယ်လိုအစားအစာမျိုး စားစား၊ ဘယ်ဘာသာစကားနဲ့ပဲ ပြောဆိုပြောဆို၊ ကျွန်တော့်ရဲ့ နှလုံးသားကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

 

လူကြီးမင်းတို့ခင်ဗျာ၊ ဒီည ကျွန်တော်တို့ ဒီနေရာမှာ စုဝေးနေကြရတဲ့ အကြောင်းရင်းကလည်း ဒါပါပဲ။ လက်တွေ့ဘဝမှာ ကိုယ့်ဇာတိမြေကို ပြန်မရောက်နိုင်ကြပေမဲ့ ဖန်တာဆီယာ မှာတော့ အိမ်ပြန်နိုင်ကြပါတယ်။”

 

ပြည်ပရောက် ဗီယက်နမ်လူမျိုးများ၏ အထင်ကရ ကဗျာဆရာကို ပရိသတ်က လှိုက်လှိုက်လှဲလှဲ လက်ခုပ်တီး အားပေးကြသည်။ သို့သော် ထိုကဗျာဆရာသည် ပညာဉာဏ်ရှိသူတဦးဖြစ်ပြီး၊ သူ့စကားကို နားထောင်ဖို့တခုတည်းအတွက်သာ ကျွန်တော်တို့ ဤနေရာတွင် စုဝေးနေကြခြင်း မဟုတ်ကြောင်းကိုလည်း ကောင်းစွာ သိထားသူဖြစ်သည်။

 

“လူကြီးမင်းတို့ခင်ဗျာ” ဟု သူက လူအုပ်ကြီးကို ငြိမ်သက်သွားစေရန် လက်တဖက်မြှောက်ပြရင်း ပြောလိုက်သည်။

 

“နောက်ထပ် အမေရိကန်အိပ်မက်တခုနဲ့ ခင်ဗျားတို့ကို မိတ်ဆက်ပေးခွင့်ပြုပါ။ ဒါကတော့ ကျွန်တော်တို့ ကိုယ်ပိုင် ဗီယက်နမ်စိတ်ကူးယဉ်အိပ်မက်ပါပဲ…”