ရေလက်ဝါး၊ ပင့်ကူ နှင့် အင်တာနက်၏ သမ္မတ (၄)
ဘီလ်က အဖွဲ့ခွဲတခုချင်းစီသည် မိမိတို့အတွက် မှန်ကန်သည်ဟု ထင်မြင်သည့်အတိုင်း လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ထားသည်။
ယနေ့ဆိုက သင်သည် အမေရိကန်နိုင်ငံ အလာစကာပြည်နယ်၊ အန်ကာရေ့ချ်မြို့မှာပဲ ရှိနေပါစေ၊ ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့မှာပဲ ရှိနေပါစေ—AA အစည်းအဝေးတခုကို ရှာတွေ့နိုင်ပြီ ဖြစ်သည်။ ကိုယ်တိုင်လည်း ဆန္ဒရှိသည်ဆိုက ကိုယ်ပိုင် AA အဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ပေသည်။
အစကတည်းကပင် AA အဖွဲ့ဝင်များသည် ဘီလ် ဆီကဖြစ်စေ၊ တခြားမည်သူ့ဆီကဖြစ်စေ ခွင့်ပြုချက်တောင်းစရာ၊ အတည်ပြုချက်ရယူစရာ မလိုဘဲ တဦး နှင့် တဦး တိုက်ရိုက် ကူညီပေးနိုင်ခဲ့ကြသည်။
ယခုလို ဗဟိုချုပ်ကိုင်မှုမရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်သည့် သဘောသဘာဝ ကြောင့် open systems မျိုး ဖြစ်လာပြီး အခြေအနေပြောင်းလဲလာသည့် အခါ လျင်မြန်စွာ လိုက်လျောညီထွေပြောင်းလဲနိုင်ပြီး၊ ဖြစ်ပေါ်လာသည့် အခြေအနေများကိုလည်း အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ကြသည်။
၁၉၃၅ ခုနှစ်၊ အလုပ်သမားနေ့ ဟာရီကိန်းကြီး ဟု လူသိများပြီး မုန်တိုင်းများထဲတွင် အဆိုးရွားဆုံး အဖြစ် စံချိန်တင်သတ်မှတ်ခံထားရသည့် ဖလော်ရီဒါကီးစ် ၏ အဖြစ်အပျက်နှင့် နှိုင်းယှဉ်ကြည့်ပါ။ မုန်တိုင်းက ပို၍ပို၍ နီးကပ်လာသည်နှင့်အမျှ မိုးလေဝသ ပညာရှင်များက ၎င်းသည် ကီးစ်ကျွန်းဆွယ်ကို ဝင်ရောက်တိုက်ခိုက်မည် မဟုတ်ကြောင်း အကောင်းမြင်ဝါဒဖြင့် ခန့်မှန်းခဲ့ကြသည်။
သို့သော် အငြိမ်းစား ဗိုလ်မှူး အက်ဒ် ရှီးရန်း ကမူ ထိုသို့ မယူဆခဲ့ ပေ။ ရှီးရန်းသည် အလုပ်သမားလေးရာကျော် ပါဝင်သည့် FDR ၏ အများပြည်သူဆိုင်ရာ လုပ်ငန်းခွင် ပရောဂျက်တခု၏ ကြီးကြပ်ရေးမှူး တဦး ဖြစ်သည်။ ရှီးရန်းသည် ရာစုနှစ်အစောပိုင်းက ဟာရီကိန်းမုန်တိုင်း တခုကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်ပြီး ဤကဲ့သို့သော အခြေအနေမျိုးတွင် စိုးရိမ်စရာ ရှိနေသည်ကို သူ့စိတ်ထဲက အလို လို သိနေခဲ့သည်။
သို့သော် သူသည် ၎င်း၏ ခံစားချက်သက်သက်ကိုသာ အားကိုးနေခဲ့သည် မဟုတ်ပေ။ လေဖိအားတိုင်းကိရိယာ ကလည်း သူ့၏ စိုးရိမ်ပူပန်မှုများကို မှန်ကန်ကြောင်း အတည်ပြုပေးနေခဲ့သည်။ မုန်တိုင်းသည် ကီးစ်ကျွန်းဆွယ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာနေပြီ ဖြစ်ကြောင်း ထင်ရှားသော လက္ခဏာများကို သူ တွေ့မြင်ခဲ့ရလေသည်။
ရှီးရန် သည် အလံတလက်ကို လွှင့်ထူပြီး ဂျက်ဆင်ဗီးလ် ရှိ ရုံးချုပ်သို့ ဖုန်းဆက်ကာ စိုးရိမ်ပူပန်နေမိကြောင်းနှင့် အန္တရာယ် မဖြစ်နိုင်ဟု မပေါ့ဆသင့်ကြောင်း အကြောင်းကြားခဲ့သည်။ သူ၏ အကောင်းဆုံး အကြံပြုချက်မှာ အလုပ်သမားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် ဖြစ်သည်။ ရုံးချုပ်ဘက်ကလည်း စာနာနားလည်ပေးခဲ့ပြီး ကီးစ် ကျွန်းစုများဆီသို့ ကယ်ဆယ်ရေးရထားတစင်း စေလွှတ်ပေးခဲ့သည်။ တခုတည်းသော ပြဿနာမှာ ရထားပေါ်သို့ တက်ကြရန် အလုပ်သမားများကို မည်သူကမျှ လှုံ့ဆော် အသိပေးရန် သတိမရခဲ့ကြခြင်းပင်တည်း။
ရထားသည် ရောက်လာပြီး လူမပါဘဲ ပြန်သွားကြောင်း သိရှိသွားသောအခါ ရှီရန်သည် နောက်ထပ် သတိပေးချက်တခု ထုတ်ပြန်လိုက်သည်— ဤအလုပ်သမားများကို ယခုပင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရမည်! သူ၏ သတိပေးချက်များသည် အဆင့်ဆင့် အမိန့်ပေးကွင်းဆက်အတိုင်း အထက်သို့ ရောက်ရှိသွားခဲ့သော်လည်း ဌာနချုပ်သည် ပထမတကြိမ် ရခဲ့သော သင်ခန်းစာကြောင့်နောက်ထပ် ရထားတစင်း ထပ်မံစေလွှတ်မည့်အစား ထိုင်စောင့်နေခြင်းက အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။ ရှီရန်သည် မလိုအပ်ဘဲ အလွန်အကျွံ စိုးရိမ် နေခြင်း ဖြစ်နိုင်ပြီး အခြေအနေများ အမှန်တကယ် ပိုမိုဆိုးရွားလာပါက လေယာဉ်တစင်းကို မိုင်ယာမီမှ အချိန်မရွေး စေလွှတ်နိုင်သည်။ တချိန်တည်းတွင် အမေရိကန် ရာသီဥတုဗျူရိုက ရှီရန်သည် ဖြစ်မလာသည်ကို ဖြစ်လာသယောင် အကြီးအကျယ် လုပ်နေသည်ဟု ဆိုသည်။
ကံဆိုး စွာဖြင့်ပင် ရှီရန် ၏ ဟောကိန်းမှာ မှန်ကန်ခဲ့သည်။ ထိုဟာရီကိန်း မုန်တိုင်းသည် တနာရီလျှင် မိုင် ၁၆၀ နှုန်းဖြင့် ပြင်းထန်စွာ တိုက်ခတ်ခဲ့သည်။ ဌာနချုပ်က ကယ်ဆယ်ရေး ဆောင်ရွက်ရန် နောက်ဆုံး ခွင့်ပြုချက်ပေးခဲ့ချိန်တွင်မူ အချိန်နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အခွင့်အရေး ရရှိနိုင်မည့် ကာလမှာ လွန်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ဒုတိယမြောက် ကယ်ဆယ်ရေး ရထားတစ်စင်းကို စေလွှတ်ခဲ့သော်လည်း ဟာရီကိန်း မုန်တိုင်းက ထိုရထားကို သံလမ်းပေါ်မှ လွင့်ထွက်သွားအောင် တိုက်ခတ်သွားခဲ့သည်။ မုန်တိုင်းအတွင်း အလုပ်သမား ၂၅၉ ဦး သေဆုံးခဲ့ရသည်။
သမ္မတ ဖရန်ကလင် ဒီ ရူးစဗဲ့ ၏ ဗဟိုဦးစီးစနစ်သုံး အစိုးရတွင် ထင်ရှားသော အားသာချက်များ ရှိခဲ့သည်။ ယင်းစနစ်သည် လူသန်းပေါင်းများစွာကို ငတ်မွတ်ခေါင်းပါးမှုဘေးမှ ကယ်တင်နိုင်ခဲ့ပြီး စီးပွားပျက်ကပ်ကြီးကိုလည်း အမြစ်ပြတ် ကုစားနိုင်ခဲ့သည်။ သို့သော် အက်ဖ်ဒီအာရ်၏ အစိုးရသည် ယနေ့ခေတ် ကျွန်ုပ်တို့၏ အစိုးရကဲ့သို့ပင် ဗဟိုချုပ်ကိုင်မှု လွန်ကဲလွန်းသည်ဖြစ်ရာ မုန်တိုင်း ကြောင့်သောင်တင်ပြီး သေပွဲဝင်ခဲ့ရသော လုပ်သားများထံ ကူညီကယ်ဆယ်ရေးမြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ပေ။
၂၀၀၅ ခုနှစ်တွင် ကက်ထရီနာ ဟာရီကိန်းမုန်တိုင်းကြောင့် နယူးအော်လင်းမြို့ ရေလွှမ်းမိုးခဲ့စဉ်ကကဲ့သို့ပင် မြေပြင်တွင် အမှန်တကယ် ရှိနေသူများသည် အခြေအနေကို အသိဆုံးဖြစ်သော်လည်း ကြီးမားသော ကယ်ဆယ်ရေးစီမံကိန်းများကို ကွပ်ကဲအကောင်အထည်ဖော်ရန် အာဏာမရှိကြချေ။ ထို့အစား ပင့်ကူကြီး ကဲ့သို့ ဗဟိုအဖွဲ့အစည်း က တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း မရှိမီ သတင်းအချက်အလက်များကို ဦးခေါင်း ဖြစ်သော အထက်ရှိ ခေါင်းဆောင်ပိုင်း ထံ ပေးပို့ရသည်။ ထို့နောက်မှ ဦးခေါင်းက ထိုသတင်းအချက်အလက်ကို သုံးသပ်၊ နည်းဗျူဟာချပြီးမှ နောက်ဆုံးတွင် စတင်တုံ့ပြန် ဆောင်ရွက်ရသည်။
ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် ၁၉၃၅ ခုနှစ် ဖလော်ရီဒါကီးစ်ကျွန်းစုတွင် ဖြစ်ပျက်ခဲ့သည်များရော၊ ၂၀၀၅ ခုနှစ် နယူးအော်လင်းတွင် ဖြစ်ပျက်ခဲ့သည်များသည် တကယ်တမ်းတွင် မည်သည့်တဦးတယောက်၏ အပြစ်မှ မဟုတ်ပေ။ မှန်ပါသည်၊ အချို့သော ပုဂ္ဂိုလ်များအနေဖြင့် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချနိုင်ခဲ့ကြမည် ဖြစ်သော်လည်း အဓိက တရားခံအစစ်မှာ တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ် ၏ သွင်ပြင် လက္ခဏာ ကိုယ်တိုင်ပင် ဖြစ်သည်။ ဤသို့သော အချိန်မျိုးတွင်ပင် သင်သည် ရေလက်ဝါး Starfish ကဲ့သို့ - ဗဟိုချုပ်ကိုင်မှု ကင်းမဲ့သည့် စနစ်မျိုး လိုအပ်ပေသည်။
ရှီးရန် သည် သာ ပွင့်လင်းသည့် စနစ် open system တခုအတွင်း လှုပ်ရှားဆောင်ရွက်ခွင့် ရခဲ့ပါက သူသည် စံနမူနာပြ ဦးဆောင်နိုင်ခဲ့မည်ဖြစ်သလို လိုအပ်သလို အရေးယူဆောင်ရွက်မှုများကိုလည်း စတင်ပြုလုပ်နိုင်ခဲ့မည် ဖြစ်သည်။ သူ၏ ပင်ကိုယ်အသိနှင့် လေဖိအားတိုင်းကိရိယာ နှစ်ခုစလုံးက သတင်းဆိုးကို ခန့်မှန်းညွှန်ပြနေချိန်တွင် "ငါတော့ ဒီနေရာကနေ ထွက်သွားတော့မယ်။ ငါနဲ့အတူ လိုက်ချင်တဲ့သူ ဘယ်သူမဆို ကြိုဆိုပါတယ်" ဟု အခြားသူများကို ပြောဆိုနိုင်ခဲ့ပေလိမ့်မည်။
ထိုသို့ဆိုလျှင် ဂျက်ဆင်ဗီးလ် ရှိ အထက်အရာရှိများထံ သူ၏ အတွေ့အကြုံနှင့် လေဖိအားတိုင်းကိရိယာပြချက်များမှန်ကန်ကြောင်း သက်သေပြနေစရာ မလိုဘဲ ဟာရီကိန်းမုန်တိုင်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး ကြိုးပမ်းမှုကို ချက်ချင်း စည်းရုံးဆောင်ရွက်နိုင်ခဲ့မည် ဖြစ်သည်။
တဖက်တွင် ရှီးရန်၏ ခန့်မှန်းချက် မှားယွင်းသွားနိုင်သလို အလုပ်သမားများကိုလည်း မလိုအပ်ဘဲ ရွှေ့ပြောင်းပေးလိုက်ရခြင်းလည်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ပွင့်လင်းသည့် စနစ်များသည် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို မဖြစ်မနေ ချမှတ်ပေးနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အဓိကမှာ အဖွဲ့ဝင်တိုင်းသည် ဗဟုသုတ အချက်အလက်များကို တိုက်ရိုက်အသုံးချနိုင်ခွင့်ရှိလာမည် ဆိုက ပိုမိုမြန်ဆန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်းသာ ဖြစ်သည်။
ဤသည်ကပင် ကျွန်ုပ်တို့ကို ဗဟိုမဲ့စနစ် (decentralization) ၏ တတိယမြောက် မူဝါဒဆီသို့ ဦးတည်ခေါ်ဆောင်သွားခြင်း ဖြစ်ပေသည်။ "ပွင့်လင်းသည့် စနစ်တစ်ခုတွင် ဗဟိုချုပ်ကိုင်ထားသော ဦးနှောက် သို့မဟုတ် အမိန့်ပေးဌာနဟူ၍ မရှိဘဲ၊ ဉာဏ်ရည်ဉာဏ်သွေးမှန်သမျှ သည် စနစ်တစ်ခုလုံးအတွင်း ပျံ့နှံ့ကိန်းဝပ်နေခြင်း ဖြစ်သည်။"
သတင်းအချက်အလက်နှင့် အသိပညာများသည် လှုပ်ရှားဆောင်ရွက်ရမည့် အနီးစပ်ဆုံး နယ်ပယ် အစွန်းများမှ တဆင့် သဘာဝအလျောက် စိမ့်ဝင် ပျံ့နှံ့လာခြင်း ဖြစ်သည်။