ဂေါ်ကီ ၏ အမေ(83)

by Hla Soewai - Oct 12 2026

အားလုံးပဲ ဝိုင်း အားပေးကြပါ!" လူတယောက်က စိတ်လှုပ်ရှားစွာ နှင့်အော်လိုက်သည်။ "ကောင်းတယ်၊ ကောင်လေးတွေရေ!" ထိုသူသည် ရိုးရိုးစကားနဲ့ ဖော်ပြလို့မရနိုင်လောက်အောင် ကြိတ်မနိုင်ခဲမရ ဖြစ်နေပုံရ၍ မကြားဝံ့ မနာသာ ဆဲဆိုလိုက်ပြန်သည်။

 

မကောင်းဆိုးဝါး မြွေတကောင် ကဲ့သို့ အဆိပ်ပြင်းလှသည့် မုန်းတီးမှုများကလည်း သူ့သွားကြားထဲကနေ တရှိန်ထိုး စီးထွက်လာခဲ့သည်။ 

 

ပြတင်းပေါက်တ ပေါက် မှ လူတယောက်က ခြိမ်းခြောက်လက်သီးပြလျက် "မိစ္ဆာဒိဋ္ဌိ တွေ!" ဟု လှမ်းအော် လိုက်သည်။ တဖန် "ဧကရာဇ်မင်းမြတ်ကို၊ ပုန်ကန်နေကြတာလား၊ ဒီလို လုပ်လို့ ရမလား" —ဆိုပြီး စူးစူးရှရှအော်လိုက်သည့် အသံ က အမေ နားထဲသို့ ဖောက်ထွင်း ဝင်ရောက်လာသည်။

 

လူများသည် စိတ်လှုပ်ရှားနေ သော အမူအရာ များနှင့် အ‌ မေ ကို အပြေး အလွှား ဖြတ်ကျော်သွားကြသည်။ သူတို့ အားလုံးသည် အတားအဆီးဟူသမျှကို ဖယ်ရှားရှင်းလင်း နိုင်စွမ်းရှိသည့် ထိုသီချင်းသံ နှင့် အတူ စီးမျောလိုက်ပါသွားကြသည်။ လူအုပ်ကြီးအား "အို ချစ်လှစွာသော ငါ့လူတို့ရေ" ဟု အသံကုန် ဟစ်ခေါ်လိုသော ကြီးမားသည့် ဆန္ဒတခု အမေ၏ ရင်ဝယ်၌ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

 

ရဲရဲ တောက် နီမြန်းနေသည့် အလံတော်ကို အဝေး မှ လှမ်းမြင် နေရသည်။ သူမသည် သားဖြစ်သူကို လှမ်း မမြင်ရသော်လည်း ယုံကြည်ခြင်း မီးလျှံများ တဝင်းဝင်း တောက်လောင်နေသည့် သူ၏မျက်လုံးများနှင့် ကြေးညိုရောင်သမ်းနေသော နဖူးပြင်ကို ခံစားသိရှိနေရသည်။ ယခုအခါတွင်မူ သူမသည် အပူအပင် မရှိ အေးအေးလူလူ လျှောက်လှမ်းနေကြသော လူအုပ်နောက်ဆုံးတန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသူတို့မှာ ဇတ်ပွဲတခု ဘယ်လိုအဆုံးသတ်မည်ကို ကြိုတင်သိရှိထားကြသည့် ပရိသတ် အလား စိတ်အေးလက်အေး ရှိနေကြသည်။ ၎င်းတို့သည် ဘာမှ ဖြစ်မလာနိုင်ဟု သော ယုံကြည်မှုအပြည့်ဖြင့် တိုးတိုးတိတ်တိတ် ပြောဆိုနေကြ ပေ၏။

 

“စစ်တပ်က ကျောင်းအနားမှာ ရှိတယ်။ နောက်တတပ်ကတော့ စက်ရုံနားမှာ"

 

“အုပ်ချုပ်ရေးမှူး ရောက်လာပြီတဲ့။”

 

“ဟုတ်လား”

 

“ငါကိုယ်တိုင် မြင်ခဲ့တာ။ အဲ့ဒီမှာ ရှိနေတယ်။”

 

တယောက်က သဘောကျစွာ ဆဲဆိုလိုက်ပြီး—

 

“နောက်ဆုံးတော့ သူတို့လည်း ငါတို့လူတွေကို ကြောက်လာကြရပြီပဲ မဟုတ်လား။ စစ်သားတွေ ရောက်လာပြီ၊ အုပ်ချုပ်ရေးမှူးတောင်—”

 

“အို… ငါ့သားလေးတွေ၊ ငါ့ချစ်သားလေးတွေ…”

 

အမေ၏ ရင်ထဲတွင် ထိုစကားများ ဖြင့် တုန်လှုပ်မြည်ဟည်းနေသည်။

 

သို့သော် သူမပတ်ဝန်းကျင်မှ ကြားနေရသည့် စကားသံများမှာတော့ အသက်မဲ့ပြီး အေးစက်လွန်းလှသည်။

 

ထိုလူများနှင့် ဝေးရာသို့ ရောက်အောင် သူမ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။ ဟိုယိမ်းဒီယိမ်း နှင့် လျှောက်နေသော သူတို့၏ ခြေလှမ်းများကို ကျော်တက်ဖို့ အမေ အတွက် မခက်ခဲလှပေ။

 

တနေရာ တွင် ရှေ့ကသွား နေသောလူအုပ်ကြီး သည် တခုခုနှင့် ရုတ်တရက် တိုက်မိသွားသလို ဖြစ်သွားပြီး နောက်သို့ စောင့်တွန်း ခံလိုက်ရသကဲ့သို့ ပြိုပျက် သွားသည်။ သီချင်းသံလည်း တိမ်ဝင်သွားပြီးမှ နောက်တဖန် ကျယ်လောင်မြန်ဆန်လာသော်လည်း ရှေ့သို့ တိုးပြီးရင်း တိုးသွားသော လူ လှိုင်းလုံးကြီးမှာ နောက်တဖန် အဟန့်အတားနှင့် ကြုံတွေ့ရပြန်သည်။ သီဆိုနေကြသော အသံများမှာလည်း တဖြေးဖြေး နှင့် တိတ်ဆိတ် သွားကြသည်။

 

တချို့နေရာများတွင် သီချင်းသံကို မူလအရှိန်အဟုန်အတိုင်း ပြန်လည် ဆက်လက်သီဆိုနိုင်ရန်နှင့် ရှေ့သို့ ဆက်တိုးနိုင်ရန်အတွက် "ထကြလော့၊ နိုးကြလော့၊ အလုပ်သမားတို့! စစ်ချီကြလော့၊ ငတ်မွတ်ခေါင်းပါးနေကြသူတို့!" ဟူ၍ ကြိုးစား ပမ်းစား တိုင် ပေး သံကို ကြား နေရသည်။ 

 

အမေသည် ရှေ့တွင် ဘာတွေဖြစ်ပျက်နေသည်ကို မမြင်ရသလို အခြေအနေကို သိနိုင်ရန် လူအုပ်ကြီးကြားထဲမှ တိုးဝှေ့ကာ အမြန်ဆုံး လျှောက်သွားခဲ့လေသည်။

 

ရဲဘော်တို့!" ဟု အစ ချီလိုက်သော ပါဗယ်၏ အသံ ထွက်ပေါ်လာ၏။

 

"စစ်သားတွေဆိုတာလည်း ကျွန်တော် တို့နဲ့ အတူတူ လူတွေပါပဲ။ သူတို့ ကျွန်တော် တို့ကို ရိုက်နှက်ကြမှာ မဟုတ်ဘူး! ဘာလို့ ကျွန်တော် တို့ကို ရိုက်ရမှာလဲ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့ဟာ လူသားအားလုံးအတွက် လိုအပ်တဲ့ အမှန်တရားကို ဆောင်ကြဉ်းလာလို့ပေါ့။ ဒီအမှန်တရားဟာ သူတို့အတွက်လည်း လိုအပ်တာပါပဲ။ အခုလောလောဆယ်တော့ သူတို့ နားမလည်သေးပါဘူး၊ ဒါပေမဲ့ သူတို့ဟာ ကျွန်တော် တို့နဲ့အတူ ထရပ်မယ့်အချိန်၊ သူတို့ဟာ လူလိမ်တွေနဲ့ ရက်စက်ယုတ်မာသူတွေ ဂုဏ်ကျက်သရေနဲ့ ရဲစွမ်းသတ္တိလို့ အမည်ပေး ခိုင်း‌ စေနေကြတဲ့ ဓားပြတွေနဲ့ လူသတ်သမားတွေရဲ့ အလံအောက်မှာ မဟုတ်ဘဲ, ကျွန်တော် တို့ရဲ့ လွတ်လပ်ခြင်းနဲ့ ကောင်းမြတ်ခြင်း အလံတော်အောက်မှာ ချီတက်မယ့်အချိန် နီးကပ်လာပါပြီ။

 

သူတို့ ကျွန်တော်တို့ရဲ့အမှန်တရားကို ဒီထက် စော ပြီး နားလည်လာစေဖို့ ကျွန်တော် တို့ ရှေ့ကို ဆက်ချီတက်ရမယ်။ ရှေ့သို့၊ ရဲဘော်တို့! အစဉ် ထာဝရ ရှေ့သို့!"

 

ပါဗဲလ်၏အသံသည် ပြတ်သားစွာ ထွက်ပေါ်လာပြီး စကားလုံးများသည် လေထုထဲတွင် အတိုင်းသား ပဲ့တင်ထပ်နေသည်။ သို့သော် လူအုပ်ကြီးသည် ကွဲ ထွက်သွားသည်။ လူများသည် ညာဘက်သို့ဖြစ်စေ ဘယ်ဘက်သို့ဖြစ်စေ ပြန်လှည့်သွားကြပြီး မိမိတို့အိမ်သို့ ဦးတည် သွား နေကြသည် သို့မဟုတ် ခြံစည်းရိုးများကို မှီ၍ ရပ်နေကြသည်။ 

 

ယခုအခါ လူအုပ်သည် သပ် ပုံသဏ္ဍာန်သို့ ပြောင်းလဲသွားပြီး ထိပ်ဖျားတွင် ရှိ နေသူ မှာ ပါဗဲလ်ဖြစ်သည်။ သူ၏ခေါင်းပေါ်တွင် အလုပ်သမားတို့၏ အလံအား မီးတောက်ကြီး နီရဲ‌ တောက် လောင်နေသကဲ့သို့ တွေ့ နေရသည်။ လမ်း၏အဆုံးတွင် ရင်ပြင်သို့ ထွက်ပေါက်ကို ပိတ်ဆို့ထားသော လူများကို မီးခိုး ရောင် သုတ်ထား သော နံရံကြီးအလား မိခင်က မြင်လိုက်သည်။ ထိုမလှုပ်မယှက်သော နံရံကြီး တလျှောက် ဖြတ်သန်း တိုက်ခတ်လာသော အေးမြသောလေပြင်းသည် မိခင်၏ ရင်ကို ထိုးနှက်ကာ သူမ၏နှလုံးသားထဲသို့ စိမ့်ဝင်သွားသည်။

 

အမေ သည် သူမ နှင့် ရင်းနှီးကျွမ်းဝင်သူများ ကြားထဲသို့ အတင်းတိုးဝင်ခဲ့ပြီး၊ ထို လူများကိုပဲ မလဲမပြို အောင် မှီခိုနေရသည်။ သူမသည် ခြေဖျားထောက်ကာ ရပ်နေသော အရပ်ရှည်ရှည် လူတယောက်အား ကပ်ရပ်၍ ဖိထားသကဲ့သို့ တိုးဝှေ့ရပ် နေရသည်။ ထိုလူက သူမကို လှည့်ကြည့်လိုက်ပြီး..

 

"ခင်ဗျား က ဘယ်သူလဲ"

 

"ပါဗယ် ဗလာဆိုဗ်ရဲ့ အမေပါ" 

 

 သူမ၏ ဒူးများမှာ တုန်ယင်နေကာ အောက်နှုတ်ခမ်းမှာလည်း တလှုပ်လှုပ် နှင့် အလိုလို တွဲကျ လာခဲ့သည်။

 

"ဟာ-ဟာ!" ဟု ထိုလူက ဆိုလိုက်သည်။ "ကောင်းပြီလေ!"

 

ထိုအချိန်တွင် "ရဲဘော်တို့ရေ!" ဟု ပါဗယ်၏ အော်ဟစ်လိုက်သံ ကို ကြားလိုက်ရသည်။ "ရှေ့ကို ဆက်ချီကြစမ်းပါ။ ငါတို့အတွက် တခြားလမ်းမရှိဘူး! သီချင်းဆက်ဆိုကြ!"