စွဲချက်အားလုံးကို အသေးစိတ် ဖတ်ကြား ရှင်းလင်းပြီးနောက်တရားသူကြီး လန်ဒေါက "စွဲချက်တွေကို နားလည်သဘောပေါက်ရဲ့လား" ဟု မေးမြန်းလိုက်သည်။ "နားလည်ပါတယ်" ဟု အိုက်ခ်မန်က ပြန်ဖြေသည်။ သို့သော် အဆိုပါ တရားခွင်တွင် ခုခံချေပမည့် ရှေ့နေ ဆာဗာတီယပ်စ်မှာ ဗျူဟာကျကျ အသာစီးရရန်အတွက် နောက်ထပ် သုံးရက်တိုင်တိုင် အချိန်ဆွဲခြင်းနှင့် ကြန့်ကြာအောင် လုပ်ဆောင်မှုများကို ပြုလုပ်လာခဲ့သည်။
ထိုသို့ အချိန်ဆွဲနေခဲ့ခြင်းကြောင့် ဧပြီလ ၁၇ ရက်၊ တနင်္လာနေ့မှသာ တရားသူကြီး လန်ဒေါအနေဖြင့် အိုက်ခ်မန်း၏ နောက်ဆုံးထွက်ဆိုချက်ကို မေးမြန်းခွင့် ရရှိခဲ့ပေသည်။ ထိုကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုက အာကာသယာဉ်မှူး ယူရီဂါဂါရင်ကို ကမ္ဘာပတ်လမ်းကြောင်းဆီသို့ အောင်မြင်စွာ စေလွှတ်နိုင်ခဲ့သည့် အံ့မခန်း သတင်းထွက်ပေါ်လာခဲ့မှုကြောင့် ကမ္ဘာ့အာရုံစိုက်မှုမှာ ထို သတင်းဖက် သို့ ရောက်ကုန်ကြသည်။
မည်မျှပင် အံ့သြစရာကောင်းသည့် အာကာသသို့ ထိုး ဖေါက် နိုင်ခဲ့သည့် အောင်မြင်မှု ဖြစ် စေဦး၊ ကမ္ဘာ့၏ အာရုံစိုက်မှု သည် အိုက်ခ်မန်၏ တရားခွင်နှင့် ၎င်း ၏ နှုတ်ထွက် စကားတခွန်းချင်းစီကို နား ထောင်ရန် စုဝေးရောက်ရှိနေကြသော သတင်းထောက်များဖြင့် ပြည့်နှက်နေသည့် ဘိတ် ဟာအမ် တရားခွင်ဆီသို့သာ ဆက်လက် ဦးတည်နေဆဲပင် ဖြစ်သည်။
"တရားခံ မတ်တပ်ရပ်ပါ" ဟု လန်ဒေါ ကပြော လိုက်၍ အိုက်ခ်မန်း လည်း ထရပ်လိုက်သော်လည်း ယခင်ကဲ့သို့ စစ်ရေးပြအနေအထားအတိုင်း မတ်မတ်မရပ်နိုင်တော့ပေ။ တရားခွင်တွင် အချိန်နာရီပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ ပင်ပန်းနွမ်းနယ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာအမူအရာတွင် ထက်မြက်သော စစ်သား တယောက်၏ ကိုယ်ဟန်အနေအထားများ ပျောက်ကွယ်နေလေပြီ။
"ခင်ဗျားဟာ စွပ်စွဲချက်အမိန့်စာကို ကြားပြီးပြီဖြစ်ပါတယ်" ဟု တရားသူကြီး လန်ဒေါက ပြောသည်။ အိုက်ခ်မန်းတစ်ယောက် စွပ်စွဲချက်များကို ကောင်းစွာ သိထားပြီးဖြစ်သည်။ သူ၏ နောက်ဆုံး စစ်ဆေးမေးမြန်းခဲ့သူ ဇဗီ အာဟာရိုနီ သည် အခြား လျှို့ဝှက် ထောက်လှန်း ရေး လုပ်ငန်းများ နှင့် မအား မလပ် ဖြစ်လာ၍ ရဲဖက်မှ အရာရှိ အာဗ်နာ လက်စ် က ရုံးတော် တွင် ရှိနေခဲ့သည်။
၎င်း နှင့် အိုက်ခမန်းသည် အကြိမ်ပေါင်း ကိုးဆယ်တိုင်တိုင် တွေ့ဆုံခဲ့ကြပြီး နာရီပေါင်း ၂၇၀ ကြာ ထွက်ဆိုချက်များ စုဆောင်းရရှိခဲ့သည်။ အိုက်ခ်မန်း ၏ ပြောဆိုချက်အားလုံးကို ပြန်လည်နား ထောင် နိုင်ရန်အတွက် တိတ်ခွေဖြင့် မှတ်တမ်းတင်ထားခဲ့သည်။ စာသားမူကြမ်းမှာ စာမျက်နှာ ၃,၅၆၄ မျက်နှာ ရှိလာခဲ့သည်။ စစ်ဆေးသူ လက်စ် သည် ဤမှတ်တမ်းစာသားများကို အိုက်ခ်မန်အား ပြသခဲ့ရုံသာမက လိုသလို ပြင်ဆင်ခွင့်လည်း ပေးခဲ့သည်။
ထို့ကြောင့် တရားသူကြီး လန် ဒေါ က စွပ်စွဲခံရသူအား အပြစ်ရှိ မရှိ မေးမြန်းသည့်အခါတွင် အိုက်ခ်မန်သည် ပြီးခဲ့သော ၁၁ လအတွင်း သူကိုယ်တိုင် ထွက်ဆိုခဲ့ဖူးသမျှသော စကားလုံးတိုင်းကို ကောင်းစွာ သတိပြုမိနေပေသည်။ အကယ်၍ မာန်မာန နည်းပါးသည့်သူတဦးသာဆိုလျှင် မိမိအ ပေါ် ငြင်းမရ အောင် ဆန့်ကျင်နေသော အထောက်အထားများ၏ အရှိန်အဝါ အောက်တွင် ရိုရိုသေသေ အညံ့ခံလိမ့်မည် သာ ဖြစ်သည်။ - သို့သော် အိုက်ခ်မန်ကမူ ထိုသို့ မဟုတ်ပေ။ "ကျွန်တော် တွင် အပြစ်မရှိပါ" ဟု ဂျာမန်ဘာသာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
**************
ထိုဆိုးရွားလှသည့် ရက်စက်ကြမ်းကြုတ်မှုကြီး ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ထိတ်လန့်ဖွယ်ရာကောင်းဆဲပင် ဖြစ်သည်။ ဟိုင်းနရစ်ချ် ဂရူးဘာ သည် ဂျာမန်ပရိုတက်စတင့် သီအိုရီပညာရှင်တစ်ဦးဖြစ်ပြီး ဂျာမန်နှင့် ဩစတြီးယားနိုင်ငံရှိ ဂျုးလူမျိုးများအား စဉ်ဆက်မပြတ် ဖိနှိပ်နှောင့်ယှက်ကာ ဖမ်းဆီးပို့ဆောင်နေမှုများကို အလွန်အမင်း ရွံရှာမုန်းတီးသူ ဖြစ်သည်။ သူသည် ဂျူး လူမျိုးများနှင့် ဂျုးသွေးပါသည့် ခရစ်ယာန်များကို ကာကွယ်ပေးရန် အေဒေါ့ဖ် အိုက်ခမန်း နှင့် ဟာမန် ဂိုးရင်း တို့ထံ သွားရောက် မေတ္တာရပ်ခံ တင်ပြခဲ့ဖူးသူလည်း ဖြစ်သည်။
၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဒုက္ခရောက်နေသူများအား အားပေးနှစ်သိမ့်နိုင်ဖို့ သေမင်းတမန် စခန်းတခုသို့ သွားရောက်ရန် ပြင်ဆင်နေစဉ် ဂက်စတာပို လျှို့ဝှက်ရဲတပ်ဖွဲ့က ဂရူးဘာ၏ ရုံးခန်းကို ဝိုင်းဝန်းကာ ဖမ်းဆီးခဲ့ကြသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာမြင့်လာပြီးနောက် သူသည် တရားရုံးတွင် သက်သေထွက်ဆိုရန် အစ္စရေး သို့ ရောက်ရှိလာခဲ့ပြီး ၁၉၆၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် အဒေါ့ဖ် အိတ်ချ်မန်အား လုပ်ရပ်များကို တရားခွင်တွင် ထွက်ဆိုခဲ့ပေသည်။
သူကိုယ်တိုင် ဒါချောင်း သေမင်းတမန် စခန်း၏ အကျဉ်းသား ဖြစ်ခဲ့သော ဟိုင်းနရစ်ချ် ဂရူးဘာသည် နှစ်နာရီ နီးပါးခန့် ကြာအောင် အသေးစိတ် ထွက်ဆိုသွားခဲ့သည်။
သူ၏ ထွက်ဆိုချက်များကို သတင်းမီဒီယာများက ချက်ချင်း ဆိုသလို ကမ္ဘာအနှံ့သို့ ဖြန့်ဝေခဲ့ကြသည်။
သက်သေထွက်ဆိုရန် သဘောတူခဲ့သည့်အတွက် အမည်မဖော်နိုင်သော အဖွဲ့များက သူ့အသက်ကို အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ထားကြသည်။ သို့သော် သူ၏ ကိုယ်ကျိုးစွန့်လွှတ်၍ သက်သေထွက်ဆိုပေးမှုကြောင့် အစ္စရေးပြည်သူများမှာ အလွန်ထိရှစွာ ခံစားကြရပြီး၊ ရာနှင့်ချီသောသူများက သူ့ထံသို့ ကျေးဇူးတင်ကြောင်း စာများ ရေးပို့ကြသည်။
သို့သော် ယင်းသည် အစမျှသာ ဖြစ်သည်။
အဒေါ့ဖ် အိုင်ခမန်းအပေါ် စွပ်စွဲချက်များမှာ ရှေ့လျောက်တိုးပွားလာတော့မည်သာ ဖြစ်သည်။
၁၉၄၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့၊ ပြင်သစ်တို့ နာဇီဂျာမနီထံ အညံ့ခံခဲ့ရပြီး တနှစ်အကြာတွင် သိမ်းပိုက်ခံထားရသော ပဲရစ်မြို့တော်၏ အရပ်မျက်နှာအသီးသီး၏ လမ်းမများပေါ်တွင် ဂျူးလူမျိုးများကို လိုက်လံရှာဖွေရန် လှည့်လည်နေကြသော ဂျာမန်စစ်သားများနှင့် ပြည့်နှက်နေခဲ့သည်။
အထူးသဖြင့် ဂျူးလူမျိုး အများဆုံး နေထိုင်ရာ မြို့ပြစီမံခန့်ခွဲရေး ရုံးစိုက်ရာ ဒေသဖြစ်သော (၁၁) ခရိုင်နယ်မြေ ကို အဓိကထား ရှာ ဖွေ ခဲ့ကြသည်။ စစ်သားများသည် ကိုယ်ရေးအချက်အလက် စာရွက်စာတမ်းများကို စစ်ဆေးရန် တအိမ်တက်ဆင်း၊ တဆိုင်ပြီး တဆိုင် ဝင်ရောက်ခဲ့ကြသည်။
၁၉၃၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံသားအဖြစ် ခံယူခဲ့သော ရုရှားနိုင်ငံဖွား ဂျူးလူမျိုး သိပ္ပံပညာရှင် ဂျော့ချ် ဝဲလာ့စ် သည် ဂျူးလူမျိုး လေးထောင်ခန့် ဖမ်းဆီးခံရမှုကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူ ဖြစ်သည်။ ဝဲလာ့စ်တွင် ကလေးနှစ်ယောက် ရှိပြီး ဇနီးဖြစ်သူမှာ ဂျူးလူမျိုး မဟုတ်ပေ။ ဤအချက်က သူ့အား အချိန်အတိုင်းအတာ တခုအထိသာ ဖမ်းဆီးခံရခြင်းမှ ကာကွယ်ပေးနိုင်မည်ကို သူ ကောင်းကောင်း သိထားခဲ့သည်။
သို့သော်လည်း သူသည် ပဲရစ်မြို့တွင် ဆက်လက် နေထိုင်ခဲ့သည်။ အနှစ်နှစ်ဆယ် ကြာပြီးနောက် ဘိတ်ဟမ် တရားခွင်ရှိ သက်သေခံစင်မြင့်ပေါ်တွင် ထိုင်လျက် ဂျော့ချ် ဝဲလာ့စ်က ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြခဲ့လေသည်။
မျက်မြင်သက်သေ အယောက်တရာနီးပါး၏ ကြောက်မက်ဖွယ် ထိတ်လန့်စရာ အဖြစ်အပျက်များကို ထွက်ဆိုခဲ့ကြသော်လည်း အဒေါ့ဖ် အိုက်ခမန်း ကတော့ ကျည်ကာမှန်နောက်ကွယ်တွင် တည်ငြိမ်အေးဆေးစွာ ထိုင်နေဆဲပင် ဖြစ်သည်။ သူသည် မည်သည့် ခံစားချက်ကိုမျှ မပြဘဲ တခါတရံ ထိုင်ခုံပေါ်တွင် ခန္ဓာကိုယ် ရွှေ့လိုက်၊ မျက်မှန်ကို သုတ်လိုက်နှင့်သာ နေတတ်သည်။ အိုက်ခမန်း၏ တရားခွင် မပေါ်ပေါက်မီအချိန်အထိ ဟိုလိုကော့စ် လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ၎င်းတို့၏ ကြောက်မက်ဖွယ် အဖြစ်များကို ပြန်လည်ပြောပြခြင်းသည် အနာဟောင်းကို ပြန်ဆွသလို ဖြစ်မည်ဟု ယူဆခဲ့ကြသည်။ စစ်ပွဲပြီးဆုံးသွားသည်မှာ ဆယ့်ခြောက်နှစ်တိုင်ခဲ့ပြီဖြစ်ပြီး အတိတ်ကို ပြန်ပြောင်း၍လည်း မရနိုင်တော့ပေ။ သို့သော် ထွက်ဆိုချက်များ တတိယလသို့ ရောက်ရှိလာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ ပြန် ပြောင်း ပြောဆိုမှုများသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို သက်သာရာ ရလာခဲ့သည်ဟု ထင်မြင်လာကြသည်။
၎င်းတို့ ထွက်ဆိုခဲ့ကြသော ရက်စက်ကြမ်းကြုတ်မှု အများအပြားတွင် အိုက်ခမန်း ကိုယ်တိုင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၏ ကြီးမားကျယ်ပြန့်ပုံမှာ ပို၍ ထင်ရှားလာခဲ့သည်။ ထိုအချက်ကို SS အရာရှိဟောင်းကြီးသည် ကောင်းကောင်းကြီး သိထားပေလိမ့်မည်။ သို့သော်လည်း သူ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ ပေါ်မလာပေ။ သို့သော် သူ၏ နှာခေါင်းကို မကြာခဏ ခပ်ပြင်းပြင်း ညှစ်ထုတ်နေခြင်းနှင့် အံကပ်ကို တစွတ်စွတ် စုပ် နေခြင်းတို့ကမူ သူ၏ စိုးရိမ်ပူပန်နေမှုကို ပေါ်လွင်စေသည့် လက္ခဏာငယ် လေးများပင် ဖြစ်သည်။
နောက်ဆုံးတွင် ၁၉၆၁ ခုနှစ် ဇွန်လ ၆ ရက်နေ့၌ အဗြာဟမ် လင်ဝါဆာ အမည်ရှိ အမျိုးသားတဦးသည် သက်သေထွက်ဆိုရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ သူသည် ပိုလန်နိုင်ငံရှိ သေမင်းတမန် စခန်းသို့ ရထားဖြင့် ရောက်ရှိလာစဉ် စခန်းဂိတ်ဝတွင် မိခင်ဖြစ်သူနှင့် ကွဲကွာသွားခဲ့စဉ်က အသက် ၁၄ နှစ်သာ ရှိသေးပြီး၊ ရုပ်အလောင်းများကို ရှင်းလင်းဖယ်ရှားနိုင်လောက်အောင် ကြံ့ခိုင်အားကောင်းခဲ့သောကြောင့်သာ ထရီဘလင်ကာ စခန်းမှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ နာဇီတို့က ဟာသလုပ်ပြီး "ဟင်မယ်စထရပ်စ်" သို့မဟုတ် ဆူးကြိုးခတ်ထားသော "ကောင်းကင်ဘုံသို့ သွားရာလမ်း" ဟု ခေါ်ဆိုကြသည့် ဓာတ်ငွေ့ခန်းများဆီသို့ မိခင်ဖြစ်သူ တိုက်ရိုက် ပို့ဆောင်ခံလိုက်ရသည်ကို သူ ကိုယ်တိုင် တွေ့မြင်ခဲ့ရသူ ဖြစ်သည်။
လင်ဝါဆာသည် သူ၏ ထွက်ဆိုချက်ကို ပြတ်သားသော အသံဖြင့် ထွက်ဆိုသည်။ တည်ငြိမ်ပြီး ထိထိရောက်ရောက် ပြောဆိုရန် ဆုံးဖြတ်ထားပုံရကာ အသံထွက်ကို နှေးကွေးစွာဖြင့် အတိုင်းအဆနှင့် ပြောဆိုသည်။ သို့သော် စကားလုံးတိုင်းတွင် ပါဝင်နေသော ဝမ်းနည်းကြေကွဲမှုကို ဖုံးကွယ်ထား၍ မရနိုင်ဘဲ သူ၏ စကားများကြောင့် ပရိသတ်များ ထိုင်ရာခုံတန်းလျားရှိ လူအများအပြားမှာ ဟန်မဆောင်နိုင်အောင် ငိုကြွေး ကုန်ကြသည်။