တခေတ်ဆန်း အာဏာရှင် ဝါဒ တည်ဆောက်လာခြင်း (၁၉၉၂-၂၀၀၂) - (၉)
မျိုးချစ်ပညာပေး လှုပ်ရှားမှုနှင့် အမျိုးသားရေးဝါဒ ပြန်လည်နိုးကြားလာမှု
************
၁၉၈၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တီယန်မင် ဒီမိုကရေစီရေး လှုပ်ရှားမှုကို PLA က နှိမ်နင်းပြီး ငါးရက်အကြာတွင် တိန့်ရှောင်ဖိန်သည် နှိမ်နင်းမှုအတွက် တာဝန်ရှိသော စစ်တပ်အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့၏ “ကြိုးပမ်းအားထုတ်မှု” ကို ကျေးဇူးတင် စကား ပြောကြားရင်း က တိန့်က “လွန်ခဲ့သော ဆယ်စုနှစ်အတွင်း [ကျွန်ုပ်တို့] အကြီးမားဆုံး အမှားမှာ . . . အတွေးအခေါ်နှင့် နိုင်ငံရေးအရ ပညာ ပေးရန်ကို ပစ်ပယ်ထားခြင်း ဖြစ်သည်” ဟုလည်း ဝန်ခံခဲ့သည်။
ဤအမှားကို ပြင်ဆင်ရန်အတွက် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ၎င်းအား ဆက်ခံသူများသည် ပါတီအား လူထုထောက်ခံမှု ရရှိစေရန် အမျိုးသားရေးဝါဒကို ပြန်လည်နိုးကြားစေမည့် လှုပ်ရှားမှုတရပ်ကို ကျယ်ကျယ် ပြန့်ပြန့်စတင်ခဲ့ကြသည်။ ဤလှုပ်ရှားမှု၏ အဓိက အစိတ်အပိုင်းမှာ မျိုးချစ် ပညာရေး ဖြစ်သည်— ပါတီမှ ပညာရေးစနစ်၊ မီဒီယာနှင့် ယဉ်ကျေးမှု အဆောက်အအုံများကို ထိန်းချုပ်ထားခြင်းဖြင့် တရုတ်လူထု၊ အထူးသဖြင့် လူငယ်မျိုးဆက်များအကြား အမျိုးသားဂုဏ်သိက္ခာ၊ အနောက်တိုင်း အင်ပါယာဝါဒအပေါ် မကျေနပ်မှုနှင့် ပါတီအပေါ် သစ္စာစောင့်သိမှုတို့ ပြန့်ပွားလာစေရန် ရည်ရွယ်သည့် အစီအစဉ် ဖြစ်သည်။
မျိုးချစ်စိတ်ဓာတ် လှုံ့ဆော်ရေး ပညာ ပေး လှုပ်ရှားမှုသည် တိန့်ရှောင်ဖိန်၏ သမိုင်းဝင် တောင်ပိုင်းခရီးစဉ် မတိုင်မီကတည်းက မဆိုသလောက် စတင်ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ၁၉၉၁ ခုနှစ် ဩဂုတ်လနှောင်းပိုင်းတွင် ပါတီအထွေထွေအတွင်းရေးမှူးအသစ်အဖြစ် ခန့်အပ်ခံရသူ ဂျန်ဇီမင်း၏ တွန်းအားပေးမှုကြောင့် နိုင်ငံတော်ပညာရေးကော်မရှင်က အရေးကြီးသော စာတမ်းနှစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ပထမစာတမ်းတစောင်တွင် မူလတန်းနှင့် အလယ်တန်းကျောင်းများရှိ သမိုင်းသင်ရိုးညွှန်းတမ်းများကို အားဖြည့်ရန် တောင်းဆိုထားပြီး၊ ကျောင်းသားများသည် တရုတ်နိုင်ငံ၏ ခေတ်သစ်နှင့် ခေတ် ပြောင်း တော်လှန်ရေး သမိုင်းကြောင်းကို ပိုမိုလေ့လာနိုင်စေရန် ရည်ရွယ်သည်။
ယင်းစာတမ်းတွင် ဤလုပ်ငန်းစဉ်သည် "ပြည်တွင်းနှင့် ပြည်ပရန်သူအမျိုးမျိုး၏ 'ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး' ကြံစည်မှုကို ချေမှုန်းရန်" ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားသည်။ ကျောင်းသားများအနေဖြင့် ပါတီမှ ပြုစုသော သမိုင်းသစ် ကို မဖြစ်မနေ လေ့လာ လာရန် အတွက် ၁၉၉၂ ခုနှစ်မှစတင်၍ ကောလိပ်ဝင်ခွင့်စာမေးပွဲ (ဂေါ့ခေါင် - gaokao) တွင် ပါတီ၏ သမိုင်းဆိုင်ရာ ဗဟုသုတများကို မေးခွန်းထုတ်စစ်ဆေးမည်ဖြစ်ကြောင်းလည်း အဆိုပါစာတမ်းတွင် ပြဋ္ဌာန်းထားသည်။
ဒုတိယစာတမ်းကမူ "မျိုးချစ်စိတ်ဓာတ်နှင့် တော်လှန်ရေးစိတ်ဓာတ်" ကို ပျိုးထောင်ပေးမည့် အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ပြတိုက်များနှင့် တော်လှန်ရေး အထိမ်းအမှတ်နေရာများသို့ သွားရောက်လေ့လာကြရန် ကျောင်းများနှင့် တက္ကသိုလ်များကို ညွှန်ကြားခဲ့သည်။
၁၉၉၄ ခုနှစ်၊ ဩဂုတ်လတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုဝါဒဖြန့်ချိရေးဌာနမှ ထုတ်ပြန်ခဲ့သော "မျိုးချစ်စိတ်ဓာတ် ပညာပေးရေး အကောင်အထည်ဖော်မှု လမ်းညွှန်ချက်" သည် တရုတ်နိုင်ငံ၏ မျိုးချစ်ပညာပေး လှုပ်ရှားမှုများအတွက် အဓိကကျသော မူဝါဒစာရွက်စာတမ်း ဖြစ်လာခဲ့သည်။
အဓိကအားဖြင့် လူငယ်လူရွယ်များကို ဦးတည်ထားပြီး၊ ကျောင်းများကို အဓိက သင်ကြား ပို့ချရာ နေရာအဖြစ် သတ်မှတ်ခဲ့သည်။ မူလတန်းနှင့် အလယ်တန်း ကျောင်းသုံး စာအုပ်များတွင် မျိုးချစ်စိတ် ပညာပေး အကြောင်းအရာများကို မဖြစ်မနေ ထည့်သွင်းစေခဲ့သည်။
အဓိက အားဖြင့် တရုတ်နိုင်ငံ၏ ရှည်လျားသော သမိုင်းကြောင်း၊ လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုမှုများ၊ ပြည်ပကျူးကျော်မှုကို ခုခံတွန်းလှန်ခဲ့သည့် သမိုင်းကြောင်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍတို့ ပါဝင်သည်။
ဤသည်တို့ကို ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ စာပေနှင့် တေးဂီတများကို အသုံးချကာ ဝါဒဖြန့်ချိခဲ့ကြသည်။ ထို့အပြင် ပြတိုက်များ၊ သမိုင်းဝင် အထိမ်းအမှတ်နေရာများနှင့် တော်လှန်ရေး နယ်မြေများကို မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရေး အခြေစိုက်စခန်းများအဖြစ် အစိုးရက ရန်ပုံငွေထောက်ပံ့ တည်ထောင်ပေးခဲ့သည်။
ကျောင်းဆင်းပွဲများနှင့် အားကစားပွဲကြီးများတွင် နိုင်ငံတော်သီချင်းဆိုခြင်းနှင့် အလံတင်ခြင်းကဲ့သို့သော ဓလေ့ထုံးစံများကို မဖြစ်မနေ လုပ်ဆောင်စေခဲ့ပြီး၊ နိုင်ငံအတွက် ထူးချွန်စွာ လုပ် ဆောင် ခဲ့ကြသော ပါတီခေါင်းဆောင်များ၊ အနုပညာရှင်များ၊ ကဗျာဆရာများ နှင့် တော်လှန်ရေး သူရဲကောင်းများကို မျိုးချစ် စံပြပုဂ္ဂိုလ်များအဖြစ် အလေးပေးဖော်ပြခဲ့သည်။
ဂျန်ဇီမင်း ၏ မျိုးချစ်စိတ်ဓာတ်ဆိုင်ရာ ပညာရေး အစီအစဉ် များ တွန်းအားပေး လုပ်ဆောင်ခဲ့ရခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် ကား နိုင်ငံရေးအရဆိုလျှင် သူသည် တိန့်ရှောက်ဖိန် ၏ မူဝါဒအမိန့်များကို သစ္စာရှိရှိ အကောင်အထည်ဖော်နေသူ တဦးဖြစ်ကြောင်း သက်သေပြရန်အတွက် အတွေးအခေါ်ပိုင်းဆိုင်ရာ ရှေးရိုးစွဲဝါဒီတဦး အဖြစ် အများက ယုံကြည် လက်ခံလာစေရန် ဖြစ်သည်။
၁၉၈၉ ခုနှစ် တီယန်မင် အရေးအခင်း ဖြစ်ပွားပြီးနောက်ပိုင်းနှင့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခဲ့သည့် ကာလများတွင်၊ သမားရိုးကျ ကွန်မြူနစ်ဝါဒသည် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ ပါတီ၏ အကျိုးစီးပွားအတွက် တရုတ်အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင် ပေး ခြင်းကသာ ပြည်သူလူထုကို ပါတီ၏ နောက်တွင် စုစည်းညီညွတ်လာမည်ဟု ယုံကြည်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် မူဝါဒလမ်းညွှန်ချက် ထွက်ပေါ်လာပြီးနောက် ပါတီ၏ ဝါဒဖြန့်ချိရေး ယန္တရားနှင့် ပညာရေးစနစ် တခုလုံးသည် မျိုးချစ်ပညာရေးကို အကောင်အထည်ဖော်ရန် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြသည်။ တရားဝင် ထုတ်ဝေမှုများအရ တက္ကသိုလ်များနှင့် ကျောင်းများသည် အဆိုပါ လမ်းညွှန်ချက်ပါ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့ကြသည်။
သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်၍ အနောက်တိုင်း အင်ပါယာဝါဒီများ၏ ကျူးကျော်မှုသမိုင်း၊ တရုတ်ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် မျိုးချစ်စိတ်ဓာတ် စသည့် အကြောင်းအရာများကို ထည့်သွင်းခဲ့သည်။ ကျောင်းများတွင် ပုံမှန်အလံတင် အခမ်းအနားများ ကျင်းပခြင်း၊ အဓိကပွဲလမ်းသဘင်များတွင် နိုင်ငံတော်သီချင်း ဆိုုကြခြင်း၊ စာသင်ခန်းများ၊ ဟောပြောပွဲခန်းမများနှင့် ရုံးခန်းများတွင် နိုင်ငံတော်အလံများ ချိတ်ဆွဲခြင်းတို့ကို စတင်လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံတဝန်းတွင် တော်လှန်ရေး အထိမ်းအမှတ်နေရာများ၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်-တရုတ် စစ်ပွဲကြီး၏ အဓိက တိုက်ပွဲနေရာများ၊ သမိုင်းပြတိုက်များနှင့် တော်လှန်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ထင်ရှားသည့် ပုဂ္ဂိုလ်များ မွေးဖွားရာဒေသများကို "မျိုးချစ်ပညာရေး အခြေစိုက်စခန်းများ" အဖြစ် အသစ်သတ်မှတ် တည်ထောင်ခဲ့ကြသည်။
အဆိုပါ သမိုင်းကြောင်းပြခန်းများတွင် ရာစုနှစ်နှင့်ချီသော အမျိုးသားရေး အားနည်းချက်နှင့် အရှက်ကွဲရမှုများမှတဆင့် နိုင်ငံ၏ အချုပ်အာချာအာဏာ၊ လွတ်လပ်ရေးနှင့် ဂုဏ်သိက္ခာကို တရုတ်ကွန်မြူနစ်ပါတီ (CCP) က ပြန်လည်ရယူပေးနိုင်ခဲ့ပုံကို ရှင်းလင်းပြတ်သားစွာ ဖော်ကျူးပြသထားပေသည်။