ဒုတိယ စစ်ပွဲ (၄)
Gunboat Diplomacy ခေါ် စစ်သင်္ဘောပြ၍ ခြိမ်းခြောက်ညှိနှိုင်းတတ်သည့် မူဝါဒကို ယုံကြည်သူ လမ်းဘတ် သည် ပြင်းပြင်းထန်ထန် အရေးယူရန် ဆုံးဖြတ်ခဲ့သည်။ နန်းတော်မှ အကြောင်းပြန်ကြားချက်ကို မစောင့်ဆိုင်းတော့ဘဲ သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုကာ၊ ဘုရင်ကိုလည်း လုံးဝအလေးမထားဘဲ ကုန်းပေါ်ရှိ ဗြိတိသျှနိုင်ငံသားများကို ရန်ကုန်မှ ချက်ချင်းထွက်ခွာနိုင်ဖို့ ပြင်ဆင်ထားရန် ကြိုတင် သတိပေးခဲ့သည်။
ထိုသို့ သတိပေးလိုက်မှုကြောင့် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်ခဲ့ပုံရပြီး၊ ဗြိတိသျှလူမျိုး ရာပေါင်းများစွာသည် ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ထားသည့် ဗြိတိသျှစစ်သင်္ဘောများဆီသို့ လှေများဖြင့် အပြေးအလွှား ကူးပြောင်းသွားခဲ့ကြကာ ထိုနေ့ညနေပိုင်းတွင်ပင် သင်္ဘောများသည် မြစ်ကြောင်းအတိုင်း ခုတ်မောင်း သွားခဲ့ကြလေသည်။
အမှောင်ရောက်လာသည်နှင့် ကြမ်းတမ်း သော စရိုက်မျိုး ရှိသူ ပီပီ လမ်ဘတ်သည် အနိုင်ရမည်ထင်သည့် ဝှက်ဖဲတချပ်ကို ထုတ်ကစားလာသည်။ အနီးအနားတွင် ကျောက်ချထားသည့် ဘုရင်၏ ရွက်သင်္ဘောကို တရားမဝင် သိမ်းယူခိုင်းလိုက်ခြင်းပင် ဖြစ်သည်။ ထို့နောက်တွင်တော့ ရန်ကုန်မြစ်နှင့် ပုသိမ်၊ မော်လမြိုင်အထက် သံလွင်မြစ်တို့ကို ပိတ်ဆို့ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ၎င်း၏ လုပ်ရပ်များ အတွက် ဘုရင်ထံ စာတစောင် ပို့လိုက်ပြီး ဗြိတိသျှ အိန္ဒိယနဲ့ မြန်မာအင်ပါယာကြား ဆက်သွယ်ရေးအားလုံး ရပ်ဆိုင်းလိုက်ဟု အကြောင်းကြားခဲ့သည်။
နောက်တနေ့ ဇန်နဝါရီလ ၇ ရက် မိုးသောက်ယံတွင် ဗြိတိသျှ ရေတပ် အုပ်စုသည် မြန်မာဘုရင်၏ သင်္ဘောကို ဆွဲငင်ကာ မြစ်ကြောင်းအတိုင်း ဆင်းသွားခဲ့ပြီး တဖက်ကမ်းရှိ ဒလမြို့အနီးတွင် ကျောက်ချ ထားခဲ့သည်။
ထိုအခါ ဒလမြို့စားက နှင့် ကြားဝင် စေ့စပ်ပေးရန် ကြိုးစားခဲ့ သည်။ လမ်ဘတ်က ဒလမြို့စားအား မိမိအနေဖြင့် ကိုယ်ရေးကိုယ်တာ အရ ၎င်း အား လေးစားမှုရှိသော်လည်း ဗြိတိသျှအလံတော်ကို မခန့် လေးစား ဖြင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့သည့် ရန်ကုန် မြို့ဝန်၏ စော်ကားမှုအတွက် ၎င်းကိုယ်တိုင် ဦးစွာ မိမိ၏သင်္ဘောပေါ်သို့ လာရောက်ပြီး 'ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုမည်' ဆိုပါက ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ နှင့် ဆွေးနွေးမှုများကို ပြန်လည်စတင်မည်ဟု ပြောကြားခဲ့သည်။
အမှန်စင်စစ် မောက်မာထောင်လွှားသည့် လုပ်ရပ်ပင် ဖြစ်သော်လည်း၊ အချိန်အနည်းငယ်ကြာသောအခါ အသက်အရွယ်ကြီးရင့်ပြီဖြစ်သော ဒလ မြို့စား သည် သင်္ဘောပေါ်သို့ ခပ်ယိုင်ယိုင်ဖြင့် ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်မြို့စားမှာ အမှန်တကယ်ပင် အိပ်ပျော်နေကြောင်း၊ လက်အောက်ငယ်သား အရာရှိများကို မည်သူ နှင့်မျှ တွေ့ဆုံလိုခြင်းမရှိကြောင်း ဖော်ပြထားသည့် စာလွှာတစ်စောင်ကို တင်ပြခဲ့သည်။ ထို့အပြင် ကိစ္စအဝဝကို လက်အောက် ငယ်သားများနှင့် မလွှဲဘဲ ၎င်းကိုယ်တိုင် လာရောက်တွေ့ဆုံကာ အားလုံး ပြေလည် အောင် ဖြေရှင်း ပေးရန် လန်ဘတ်အား ယဉ်ကျေးစွာ ဖိတ်ကြားခဲ့သည်။
ယင်း သည် မှန်ကန်သော လုပ်ထုံးလုပ်နည်းဖြစ်မှန်း သိသိကြီးနှင့် လန်ဘတ်က ထိုဖိတ်ကြားမှုကို ပယ်ချခဲ့ပြီး ရန်ကုန်မြို့စား၏ မောက်မာမှုကို ချိုး နှိမ် လိုပုံရသည်။ ထို့နောက် ၎င်းက ရန်ကုန်မြို့စားအနေဖြင့် နက်ဖြန်မွန်းတည့် ၁၂ နာရီ မတိုင်မီ မိမိ၏သင်္ဘောပေါ်သို့ လာရောက်ခြင်းမရှိပါက သင့်လျော်သော အစီအမံများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းစကား ပေးပို့ခဲ့သည်။
ဇန်နဝါရီလ ၈ ရက်နေ့ နံနက်စောစောတွင် ဒလမြို့စားသည် သင်္ဘောပေါ်သို့ ထပ်မံရောက်ရှိလာခဲ့ပြီး၊ ယခုအခါ ဘုရင်ပိုင်သင်္ဘောသည် သူ၏တရားစီရင်ပိုင်ခွင့်ရှိသော ရေပြင်အတွင်း ကျောက်ချရပ်နားထားပြီဖြစ်ရာ သင်္ဘောပျောက်ဆုံးပါက သူ့တွင် တစိတ်တပိုင်း တာဝန်ရှိလာပြီး အပြစ်ပေးခံရမည်ဖြစ်သောကြောင့် ဘုရင်၏သင်္ဘောကို ပြန်လွှတ်ပေးရန် လန်ဘတ်အား ထပ်မံတောင်းပန်ခဲ့သည်။ လန်ဘတ်က လက်မခံဘဲ သူ၏ နောက်ဆုံးသတ်မှတ်ရက်ကို မွန်းတည့်အချိန်မှ နေဝင်ရီတရောအထိသာ တိုးမြှင့်ပေးခဲ့သည်။
ထိုနေ့တနေ့လုံး စောင့်ဆိုင်းရင်း ကုန်ဆုံးသွားခဲ့ပြီး နေဝင်ခါနီးအချိန်တွင် ရန်ကုန်မြို့စားထံမှ သဝဏ်လွှာတခု ရောက်ရှိလာခဲ့ရာ၊ ဘုရင်၏သင်္ဘောကို မြစ်အပြင်ဘက်သို့ ဆွဲထုတ်ရန် ကြိုးပမ်းပါက အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားပေသည်။ မဒရပ် အမြောက်တပ်ဖွဲ့မှ လက်ထောက် ဗိုလ် ဝီလျံ လော်ရီ က လန်ဘတ်သည် ဒေါသတကြီး ဖြင့် "သူ၏ ပစ္စတို ဖြင့် ပစ် ဖောက်လိုက်မည်ဆိုပါက ခံတပ်များ မြေပြင်တွင် ပြားပြားဝပ်သွားလိမ့်မည်" ဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
၁၈၅၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ခင်းတွင် ကွန်မိုဒို လမ်ဘတ် က ရေတပ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို မြစ်ကြောင်းအတိုင်း စုန်ဆင်းရန် အမိန့်ပေးခဲ့သည်။ "နောက်ဆုံးတွင် ဟာမီးဇ် သင်္ဘောသည် မြန်မာတို့၏ ဖမ်းဆီးထားသော ရန်ကုန် မြို့ဝန်၏ သင်္ဘောကို ဆွဲကာ ကွေ့ကိုကျော်၍ မြင်ကွင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်" ဟု လော်ရီ က တင်ပြခဲ့သည်။ သင်္ဘောများသည် ခံတပ်စခန်း အနီးသို့ ရောက်ရှိလာစဉ် ရန်သူ့ဘက်မှ စစ်သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး တပြိုင်နက်တည်းမှာပင် အမြှောက် များဖြင့်လည်း ပစ်ခတ်ခဲ့ကြသည်။
ဖောက်စ် သင်္ဘောကလည်း ရန်သူ့ဘက်မှ ပစ်ခတ်မှုကို ပြန်လည်ခုခံသည့်အနေဖြင့် အမြောက်ကြီးများဖြင့် ပြင်းပြင်း ထန်ထန် တုံ့ပြန်ပစ်ခတ်ခဲ့ပြီး မြစ်အတွင်းသို့ ဝင်ရောက်လာခဲ့သော မြန်မာစစ်သင်္ဘောများကိုလည်း ပစ်ခတ်နှိမ်နင်းခဲ့သည်။
ဟာမီးဇ်သင်္ဘော ရောက်ရှိလာပြီး ရန်သူ့စခန်း ခံတပ်များကို အမြောက်ဆန်များနှင့် ဗုံးသီးများ မိုးသီး မိုးပေါက် ကျသလို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဖလက်ဂျီသွန် မီးသင်္ဘောကလည်း ထိုခံတပ်အဆောက်အအုံများကို ပြင်းထန်စွာ ဖျက်ဆီးပစ်ခဲ့သည်။ ကျွန်ုပ်တို့၏ သင်္ဘောများသည် နှစ်နာရီနီးပါးမျှ ကြောက်မက်ဖွယ် ကောင်း လောက် အောင် တိုက်ခိုက်ဖျက်ဆီး ပစ်ခဲ့ကြသည်။ တိုက်ပွဲအတွင်း အမြောက်ကြီးတလက်နှင့် လက်နက်ကိုင်လူ အယောက် ခြောက်ဆယ်ကျော် တင်ဆောင်လာသည့် ကြီးမားသော စစ်သင်္ဘောကြီးတစင်းမှာ ပြင်းထန်သော အမြောက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် နစ်မြုပ်သွားခဲ့ပြီး သင်္ဘောပေါ်ပါလာသူ အများစုမှာ သေဆုံးခဲ့ကြသည်။ မြန်မာတို့နှင့် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရသည့် ဤတိုက်ပွဲတွင် ရန်သူဘက်မှ အသေအပျောက်မှာ ၃၀၀ ခန့်ရှိပြီး ဒဏ်ရာရရှိသူမှာလည်း ထိုမျှ နီးပါး ရှိခဲ့သည်။
ဤသို့ဖြင့် ကော်မိုဒိုး လမ်ဘတ်၏ စစ်ပွဲ စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုစစ်ပွဲမှာ သူ၏ မာနထောင်လွှားမှုနှင့် ဒေါသကြီးသော စိတ်နေစိတ်ထားတို့၏ နောက်ဆက်တွဲအကျိုးဆက်ပင် ဖြစ်သည်။ ဒါလ်ဟိုဇီက သူ့အား “စစ်ပွဲ၏ ကြောက်မက်ဖွယ်ရာ အစွန်းရောက်အခြေအနေ” ကို တတ်နိုင်သမျှ ရှောင်ရှားရန် အထူးသတိပေးထားခဲ့သည့်ကို လမ်ဘတ်က ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
သင်္ဘောများနှင့် ခံတပ်စခန်းများကြားတွင် အမြောက်မီးခိုးများပင် တလူလူ လွင့်ပျံ့ နေဆဲအချိန်၌ လမ်ဘတ်သည် အိန္ဒိယအစိုးရ၏ အတွင်းဝန် မစ္စတာ ဟီလာဒီထံသို့ စာတစောင် ပေးပို့ခဲ့သည်။
သူက စာထဲတွင်—
“မြန်မာလူမျိုးတို့နှင့် ရန်လိုတိုက်ခိုက်မှုများ ဖြစ်ခဲ့ရခြင်းအတွက် ကျွန်ုပ်အနေဖြင့် လွန်စွာ ဝမ်းနည်းမိပါသည်။ သို့သော် ဒါလ်ဟိုဇီ မာကွစ်နှင့် အိန္ဒိယအစိုးရတို့အနေဖြင့် ဤသို့ပြုလုပ်ရန် မလွဲမရှောင်သာ ဖြစ်ခဲ့ကြောင်း၊ ထို့အပြင် ဗြိတိသျှအလံ တော် ၏ ဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းရန်လည်း မဖြစ်မနေ လိုအပ်ခဲ့ကြောင်း နားလည်ကြမည်ဟု ကျွန်ုပ် ယုံကြည်ပါသည်” ဟု ရေးသားခဲ့သည်။