The Starfish and Spider (11)

by Hla Soewai - Oct 12 2026

ရေလက်ဝါး၊ ပင့်ကူ နှင့် အင်တာနက်၏ သမ္မတ (၃)

 

ပင့်ကူကဲ့သို့ ဗဟိုချုပ်ကိုင်မှုရှိသော (မန်နေဂျာနှင့် အထက်အောက် အဆင့်ဆင့် အုပ်ချုပ်သည့်) ကမ္ဘာကြီးတွင် ကျင်လည်နေကြရသော ပြင်သစ် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရေလက်ဝါး ငါး ကဲ့သို့ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သည့် အဖွဲ့အစည်း၏ သဘောတရား နှင့် အလားအလာကို တန်ဖိုးထားဖို့ အသာထားဘိဦး အပြည့်အဝ နားလည်သဘောပေါက်ရန် ခက်ခဲခဲ့ပြီး၊ ထိုသို့ဖြစ်ရခြင်းမှာလည်း ၎င်းတို့အတွက် အင်တာနက်ကို ချုပ်ကိုင်နိုင်မည့် ဥက္ကဋ္ဌတဦး တောင့်တ နေခဲ့သောကြောင့်ပင်တည်း။

 

ဤသည်ကပင် ကျွန်ုပ်တို့ကို ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၏ ဒုတိယမြောက် အခြေခံမူဆီကို ပို့ဆောင်ပေးလာခဲ့သည်။ သီချင်း ဖိုင်များ ဖလှယ်နေကြသည့် ဆယ်ကျော်သက် အုပ်စုတစုကိုဖြစ်စေ၊ အရီဇိုးနားသဲကန္တာရထဲက တိုင်းရင်းသားမျိုးနွယ်စု တစုကိုဖြစ်စေ ကျွန်ုပ်တို့ ပထမဆုံး အကြိမ် ကြုံတွေ့ရသည့် အခါ ၎င်းတို့၏ အစွမ်းသတ္တိကို အလွယ်တကူ ပင် လျော့တွက် မိခဲ့ကြသည်။ ၎င်းတို့ အကြောင်းကို နားလည်နိုင်ဖို့အတွက် လုံးဝကို ကွဲပြားခြားနားသည့် နည်းလမ်းများ / နည်းစနစ် များ လိုအပ်ပေသည်။

 

အကျော်ကြားဆုံးဖြစ်ခဲ့သော ရေလက်ဝါး တကောင်၏ အဖြစ် ကြည့်ကြပါစို့။ ၁၉၃၅ ခုနှစ်တွင် ဘေးလ် ဝီလ်ဆင် ဆိုသူသည် နှစ်ဆယ်နီးပါးလောက် အရက်ကို စွဲစွဲ မြဲမြဲ သောက်ခဲ့သူ ဖြစ်သည်။ နောက်ဆုံးတွင် ဆရာဝန်က အရက်သောက်တာကို မရပ်ရင် ခြောက်လထက် ပိုအသက်ရှည် နိုင်မည်ဖို့ မမျှော်လင့်နဲ့ ဟု ပြောလိုက်သည်။ ဆရာဝန်၏ စကားက ဘေးလ်ကို တုန်လှုပ်သွားစေခဲ့သော်လည်း သူ့ကို ရပ်တန့်သွား အောင်တော့ မလုပ်နိုင်ခဲ့။ စွဲလမ်းမှုဆိုသည်မျိုးက က စွန့်လွှတ်ရခက်လှပေသည်။

 

ထို့အတွက် အရက် ဖြတ်ချင်သည့် ဘီလ်တယောက် အကြပ် တွေ့လာရသည်။ ကျွမ်းကျင်သူပညာရှင်များ၏ အကြံဉာဏ် သို့မဟုတ် ကုထုံးများကို အားကိုးကြည့်ခဲ့သော်လည်း မည်သည့်အရာကမျှ အထောက်အကူ ဖြစ်မလာခဲ့၊ စေတနာအပြည့်ရှိကြသော်လည်း သူ၏ အရက်သေစာ အပေါ် စွဲလမ်းမှုကိုမူ အပြီးတိုင် ကုသပေးနိုင်စွမ်း မရှိဘဲ ဖြစ်နေသည်။ ထိုအခြေအနေကြောင့် ဘီလ်မှာ အရှက်ရခြင်း၊ သေရမည်ကို ကြောက်ရွံ့ခြင်းနှင့် အထူးသဖြင့် မျှော်လင့်ချက် ကင်းမဲ့ခြင်းတို့ဖြင့် ရင်ဆိုင်နေရကာ အပြောင်းအလဲတခုကို အရေးတကြီး ပြုလုပ်ရန် လိုအပ်နေခဲ့သည်။

 

ထိုအချိန်တွင် ဘီလ် တယောက် အကြံဉာဏ် တခု ရလာခဲ့သည်။ အရက်စွဲရောဂါကို သူတဦးတည်းဖြင့် မည်သို့မျှ ရင်ဆိုင်တိုက်ထုတ်၍မရနိုင်ကြောင်း ကြိုတင်သိနှင့်ပြီးဖြစ်သည်။ ကျွမ်းကျင်သူပညာရှင်များသည်လည်း သူ့အတွက် အသုံးမဝင်လှပေ။ အဘယ်ကြောင့်ဆိုသော် သူနှင့် အလားတူ အရက်စွဲနေသူများသည် တစုံတဦးက ဘာလုပ်ရမည်ဟု လမ်းညွှန်ပြသလိုက်သည်နှင့် အားလုံးက ထိုအကြံဉာဏ်ကို ဆင်ခြေမျိုးစုံပေးကာ ငြင်းပယ်လိုက်ကြပြီး အရက်ကိုသာ ပြန်၍သောက် နေကြသည်။

 

ထို‌ အခိုက် အဓိက အလှည့်အပြောင်းကြီး ပေါ်ပေါက်လာခဲ့သည်။ မိမိလို အခက်အခဲကြုံတွေ့နေရသူများထံမှ အကူအညီရယူနိုင်ကြောင်း ဘီလ် သဘောပေါက်လာခဲ့သည်။ ထိုကဲ့သို့ ပြဿနာ ရှိ နေ သူများသည် သူ့ နှင့် အဆင့်အတန်းတူ တန်းတူရည်တူ ရှိသူများပင် ဖြစ်ကြသည်။ စိတ်ကု ပညာ ရှင် သို့မဟုတ် အကြံပေးပုဂ္ဂိုလ်တဦးကို ပုန်ကန်ဆန့်ကျင်ရန်မှာ လွယ်ကူလှသော်လည်း မိမိနှင့် တန်းတူ ရည်တူရှိသူချင်း၏ အကြံပြုချက်ကို လျစ်လျူရှုပစ်ရန်မှာမူ ပို၍ပင် ခက်ခဲပေလိမ့်မည်။

 

ဤသို့ဖြင့် အရက်စွဲရောဂါ ကုသရေးအသင်း (Alcoholics Anonymous - AA) ပေါ်ပေါက်လာခဲ့သည်။

 

အရက်စွဲရောဂါ ကုသရေးအသင်းကို မည်သူကမှ ဦးဆောင် နေခြင်း မဟုတ်ပေ။ သို့သော် တချိန်တည်းမှာပင် အားလုံးက ဦးဆောင်သူများ ဖြစ် နေကြသည်။ ၎င်းမှာ နီဗင်စ် ၏ ပွင့်လင်းမြင်သာ သော စနစ်ဖြင့် လက်တွေ့လုပ်ဆောင်နေပုံပင် ဖြစ်သည်။ အဖွဲ့အစည်းသည် ရေလက်ဝါး ငါး တကောင်ကဲ့သို့ပင် လည်ပတ်နေသည်။ 

 

တစုံတယောက်သည် အသင်းဝင် ဖြစ်လာသည်နှင့် တပြိုင်နက် ခေါင်းဆောင်မှု၏ အစိတ်အပိုင်းတခု (ပြောရမည်ဆိုလျှင် ရေလက်ဝါး ငါး ၏ လက်တဖက်) အလိုအလျောက် ဖြစ်လာတော့သည်။ ထို့ကြောင့် အသင်းသားအသစ်များ ဝင်လာပြီး အချို့ထွက်သွားကြသည်နှင့်အမျှ AA သည် ပုံစံအမျိုးမျိုးဖြင့် အမြဲတမ်း ပြောင်းလဲနေသည်။ 

 

တခုတည်းသော မပြောင်းမလဲ တည်မြဲနေသည့်အရာမှာ ပြန်လည်သက်သာလာစေရေး နှင့် ဆိုင်သော မူဝါဒဖြစ်သော အဆင့် ၁၂ ဆင့်ပင်တည်း။ ဦးဆောင်သူ တဦးတယောက်မှ မရှိသောကြောင့် လူတိုင်းတွင် မိမိကိုယ်တိုင်သာမက အခြားသူများအားလုံးပါ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေစေရန် တာဝန်ရှိကြသည်။ 

 

သောက်လာသည့် နှစ်ပေါင်းကလည်း အဓိက မကျ၊ - သင်သည် အမြဲလို အရက်စွဲသူတဦးသာ ဖြစ်နေဆဲပင်။ သင့်တွင် နန်တန် ခေါင်းဆောင်ကဲ့သို့သော အကြံပေးလမ်းပြ တဦး ရှိသော်လည်း ထိုသူသည် အတင်းအကျပ် ခြိမ်းခြောက်ညွှန်ကြားခြင်းဖြင့် ဦးဆောင်၍ မရဘဲ စံနမူနာပြခြင်း မျိုး ဖြင့်သာ ဦးဆောင်ရသည်။ အကယ်၍ သင် အရက် ပြန် သောက်မိခြင်း (သို့မဟုတ်) အတန်ကြာ အသင်းသား တွေ့ဆုံ နှီး နှောဖလယ်ပွဲ သို့ မတက် ရောက် ဖြစ်ခဲ့လျင်ပင် အမြဲလို ပြန်လာရန် ဖိတ်ခေါ်ခဲ့သည်။ ထို အဖွဲ့သို့ ဝင်ရန် လျှောက်လွှာပုံစံလည်း မရှိသလို၊ AA ကို ပိုင်ဆိုင်သူဟူ၍လည်း မည်သူမျှ မရှိပေ။

 

အေအေ အဖွဲ့အစည်းကို မည်သူကမျှ ပိုင်ဆိုင်ခြင်း မရှိ သော်လည်း အလွန်အမင်း အောင်မြင်လာပြီး ကမ္ဘာတဝန်းမှ လူများက ၎င်းတို့၏ ကိုယ်ပိုင် ရုံးခွဲ များကို တည်ထောင်လိုကြသည့်အခါ တွင်တော့ ဘီလ်တွင် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် ရှိလာသည်။ သူသည် ပင့်ကူပုံစံ ကို ရွေးချယ်ပြီး အခွဲရုံးများ ကို သူ၏ ကွပ်ကဲမှု နှင့် ထိန်းချုပ်ကွပ်ကဲနိုင်သည်။ ဤသို့ဆိုလျှင် သူသည် ကုန်အမှတ်တံဆိပ်ကို စီမံခန့်ခွဲရမည့်အပြင် လျှောက်ထားသူများကိုလည်း အေအေ၏ လုပ်ထုံးလုပ်နည်းအတိုင်း လေ့ကျင့်သင်ကြားပေးရပေမည်။ သို့မဟုတ်ပါက သူသည် ရေလက်ဝါး ပုံစံ ကို ရွေးချယ်ပြီး ဝင်ရောက်မစွက်ဖက်ဘဲ ဖယ်ရှားနေနိုင်ပေသည်။ ဘီလ်သည် နောက်ဆုံးနည်းလမ်းကိုသာ ရွေးချယ်ခဲ့ပြီး အားလုံးကို လွှတ်ပေးလိုက်လေသည်။