ဘွန်ကို သစ္စာဖောက်ရမည့် အပြင် တချိန်တည်းမှာ ကယ်တင်ရမည့် နည်းလမ်းကို ဘယ်လို စီမံရမလဲဆိုတာ ဘာမှ မသိသေးဘဲ ပုလင်းအောက်ခြေမှာ အကြံဉာဏ် ရှာနေမိသည်။ ကျွန်တော် ဒုတိယခွက်ကို သောက်နေတုန်းမှာပဲ ဗိုလ်ချုပ်ကြီး အခန်းထဲ ဝင်လာသည်။
ညနေ သုံးနာရီကျော်ကျော် သည် မဒမ်၏ စားသောက်ဆိုင်မှာ နေ့လယ် လူကျချိန် ပြီးသွားပြီး သူ ပုံမှန် ပြန်လာတတ်သသည့် အချိန်ဖြစ်သည်။ သူ့အနေနဲ့ ငွေသိမ်းကောင်တာ တွင် နာရီ ပေါင်း အတော်ကြာအောင် ထိုင်နေခဲ့ရ၍ အရင်လို ပင် ကျွံမြီး တိုနေပုံရသည်။
လာ စား သောက်ကြသည့် စစ်သားဟောင်းများက သူ့ကိုမြင်လျင် အလေးပြုကြသည်။ လေးစားသမှု ပြတာ ဖြစ် သော်လည်း သူ့ ပုခုံးထက်တွင် မရှိတော့သည့် ကြယ်ပွင့်များကို သတိရစမြဲ ပင်။ တခါတရံ အလိုက်ကန်းဆိုး မသိသည့် အပြင်လူ (အမြဲတမ်း အမျိုးသမီး ဖြစ်နေတတ်သည်) က “ရှင်က အရင်က ဗိုလ်ချုပ်ကြီး မဟုတ်လား” လို့ ပြောတတ်သည်။
ဒီထက် ပို၍ အလိုက်ကန်းဆိုး မသိသူများက သူ့ကို တဒေါ်လာလောက် ဘောက်ဆူး ပေးသွားတတ်ပြန်သည်။ ဤသည်က ကျွန်တော်တို့ အမေရိကန်တွေ၏ ရယ်စရာကောင်းသည့် ထုံးစံလို့ ယူဆသည့် အလေ့အထ တခုကို လိုက်နာကြခြင်းလည်း ဖြစ်သည်။
ဒီလိုနှင့် ဗိုလ်ချုပ်ကြီးသည် ညနေဖက်တွင် အရက်ဆိုင်ဘက်ကို လှည့်ရပြန်သည်။ ဒီနေ့လည်း လာနေကျ အတိုင်း ရောက်လာခြင်း ဖြစ်ပြီး စားပွဲပေါ်သို့ တွန့်လိပ်နေသည့် ဒေါ်လာငွေစက္ကူ များကို ပစ်ချလိုက်ကာ ကျွန်တော့် အရက်ငှဲ့ အပေးကို စောင့်နေသည်။ ထို့နောက် ထိုင်ခုံပေါ် ကျောမှီလိုက်ရင်း မျက်စိမှိတ်ကာ ကျွန်တော် ငှဲ့ ပေးလိုက်သည့် စကော့ရှ် ပြင်းပြင်းကို သောက်ရင်း အသံထွက်အောင် ညည်းညူ နေတတ်သည်။ ဒီနေ့တွင်တော့ အရင် လုပ်နေကျ အတိုင်း မလုပ်ဘဲ စားပွဲ ရှေ့ကို ကိုင်းကာ သတင်းစာကို ခေါက်ပြီး “ဒါ ဖတ်ပြီးပြီလား” လို့ ပြောလာသည်။
ဖတ်ပြီးပြီ ဆိုက ဗိုလ်ချုပ်ကြီးမှ သူရည်ရွယ်ထားသလို ကြိမ်းဝါးပေါက်ကွဲခွင့် မရလိုက် ဖြစ်သွားမည် စိုး၍ ကျွန်တော်က မဖတ်ရ သေးကြောင်း ပြောလိုက်သည်။ သူက မျက်နှာထား တင်းတင်းဖြင့် ခေါင်းညိတ်ပြပြီး သတင်းစာမှ ကောက်နုတ်ချက်များကို အသံထွက်၍ ဖတ်ပြလေတော့သည်။
“ဒီ သဟာရ အသင်း နဲ့ သူ့ရဲ့ တကယ့်ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး ကောလာဟလတွေက အမျိုးမျိုး ထွက်ပေါ်နေပါတယ်” ဟု ဗိုလ်ချုပ်ကြီးက မျက်နှာတွင် အမူအရာ လုံးဝမပါဘဲ တည်ငြိမ်သောအသံဖြင့် ဖတ် နေသည်။ “ကွန်မြုနစ်အစိုးရကို ဖြုတ်ချဖို့က သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တာ သေချာပေမဲ့ ဘယ်အထိများ သွားရဲကြမှာလဲ။ ဒီအဖွဲ့အစည်းက ဒုက္ခသည်တွေကို ကူညီဖို့အတွက် အလှူငွေတွေ ကောက်ခံနေပေမဲ့ အဲဒီရန်ပုံငွေတွေဟာ ထိုင်းနိုင်ငံထဲက လက်နက်ကိုင်ဒုက္ခသည်တွေရဲ့ လှုပ်ရှားမှုတခုဆီကို ရောက်သွားနိုင်စရာ ရှိပါတယ်။ ကောလာဟလတွေအရတော့ ဒီအဖွဲ့အစည်းဟာ အမြတ်အစွန်းရမယ့် အချို့သော စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီး စိတ်ပျက်စရာအကောင်းဆုံး အချက်ကတော့ အင်အားသုံးပြီး ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို ပြန်သိမ်းယူနိုင်ပါတယ်ဆိုတဲ့ မှားယွင်းတဲ့ မျှော်လင့်ချက်မျိုးကို တိုင်းသူပြည်သားတွေကြားမှာ ဖြန့်ဖြူး ပေးနေတာပါပဲ။ တိုင်းတပါးမှာ ရောက်နေကြတဲ့ ကျွန်တော်တို့ ဒုက္ခသည်တွေအနေနဲ့ တနေ့ကျရင် ကိုယ့်တိုင်းပြည် ကိုယ် ပြန်ပြီး ပြန်လည်ထူထောင်နိုင်ဖို့ ငြိမ်းချမ်းတဲ့နည်းလမ်း၊ ပြန်ပြီးသင့်မြတ်နိုင်မယ့် နည်းလမ်းမျိုး နဲ့ ဖော်ဆောင်တာကမှ ပိုကောင်းပါလိမ့်မယ်”
ဗိုလ်ချုပ်ကြီးသည် သတင်းစာကို ခေါက်လိုက်ပြီး သူ မဖတ်မီက ရှိနေသည့် နေရာအတိုင်း ပြန်ထားလိုက်သည်။
"ဘယ် ကောင်က များ သူ့ကို ဒီလောက် ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ ပေးနိုင် နေလဲ ကက်ပတိန်"
ကျွန် တော် သည် ပါးစပ်တွင် သီး လာသည့် တံတွေးများကို မျိုချလိုက်ရသည့် အဖြစ်ကို ဖုံးကွယ်ရန်အတွက် စကော့ချ်ဝီစကီကို ငုံ့၍ သောက်လိုက်သည်။ "ဗိုလ်ချုပ် ကြီးခင်ဗျာ၊ ဒီမှာလည်း ဆ်ိုင်ဂုံ မှာလိုပဲ သတင်းပေါက်ကြားမှုတွေ ရှိနေပါတယ်။ အဲဒီဓာတ်ပုံကို ကြည့်ပါဦး။ အဲဒီမှာရှိတဲ့ လူတိုင်းက ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို တခု မဟုတ် တခု သိထားကြတာချည်းပါပဲ။ ဆန်နီ လုပ်ခဲ့တာက တနေရာက နေ တနေရာ ရေစက် လေးတွေကို ရေပုံးနဲ့ လိုက်ခံယူနေရုံပါပဲ။ အဲဒီလိုနဲ့ ခဏာလေး မှာပဲ သူဟာ အချက်အလက်ဆိုတဲ့ ဖန်ခွက်တခွက်၊ နှစ်ခွက်စာလောက်ကို ရသွားမှာပါပဲ" ဟု ကျွန် တော် က ပြောလိုက်သည်။
"မင်းပြောတာ မှန်ပါတယ်ကွာ၊ ငါတို့က မယားငယ်တွေကိုတော့ ထိန်းထားနိုင်ပေမဲ့ လျှို့ဝှက်ချက်တွေကိုတော့ မထိန်းနိုင်ကြဘူး။ ဒီသတင်းစာက ဟာကိုကြည့်စမ်း— သာယာနာ ပျော် ဖွယ် ကောင်းလိုက်တာ၊ ဟုတ်တယ်မလား၊ ဘာတဲ့ပြန်လည်သင့်မြတ်ရေး၊ ပြန်လာရေး၊ ပြန်လည်တည်ဆောက်ရေးတဲ့။ ဘယ်သူကများ အဲဒါကို မလိုချင်ဘဲ နေမလဲ၊ ပြီးတော့ အဲ့ဒီလို ဖြစ်လာရင် ဘယ်သူတွေက အကျိုးအမြတ် အများဆုံး ရသွားမလဲ၊ ကွန်မြူနစ်တွေပဲပေါ့။ ဒါပေမဲ့ ငါတို့အတွက်ကတော့ ပြန်သွားမယ်ဆိုရင် ခေါင်းကို သေနတ် နဲ့ ပစ်ခံရမလား သေချာတာက ပြန်လည်ပညာပေးစခန်းမှာ အချိန်အကြာကြီး နေရဖို့ ရှိတယ် ဆိုတာပဲ ။ အဲဒါကိုပဲ ကွန်မြူနစ်တွေက ပြန်လည်သင့်မြတ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလို့ ခေါ်တာပေါ့၊ ငါတို့လို လူတွေကို ဖယ်ရှားပစ်ချင်လို့လေ။ ပြီးတော့ ဒီသတင်းစာဆရာကလည်း မျှော်လင့်ချက်တခုခုကို တမ်းတနေတဲ့ ဆင်းရဲသားလူတန်းစားတွေဆီကို ဒီ လက်ဝဲဝါဒီ တွေ ပြောစကားကို လိုက် ဝါဒဖြန့်နေတယ်။ သူက ပိုပြီးတော့ တောင် အနှောက်အယှက် ပေးလာနေပြီလို့ မင်းမထင်ဘူးလား"
အမှန်ပါပဲ” ဟု ကျွန်တော်က ပြောရင်း စကော့ဝီစကီပုလင်းကို လှမ်းယူလိုက်သည်။ ထိုပုလင်းသည်လည်း ကျွန်တော့်လိုပင် တဝက်ကုန်နေသလို တဝက်ကျန်နေသေးသည်ဟုလည်း ဆိုနိုင်သည်။
“သတင်းထောက်တွေဟာ ကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ် လုပ်ကိုင်နေကြသူတွေဆိုရင် အမြဲတမ်း ပြဿနာရှာတတ်ကြတယ်။ ဒါပေမဲ့ သူဟာ သတင်းထောက်စစ်စစ်ပဲဆိုတာ ဘယ်လိုလုပ်ပြီး သေချာနိုင်မှာလဲ။ ဆိုင်ဂုံမှာရှိတဲ့ သတင်းထောက်တွေရဲ့ တဝက်လောက်က ကွန်မြူနစ်တွေကို စာနာထောက်ခံသူတွေ ချည်းပဲ။ အဲဒီထဲက အတော်များများကတော့ ကွန်မြူနစ်စစ်စစ်တွေပဲ။ သူ့ကို ကွန်မြူနစ်တွေက ဟိုး အရင် ကတည်းက ဒီကို လွှတ်ခဲ့တာ မဟုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။ ငါတို့ထဲက ဒီနေရာကို ရောက်လာတဲ့သူ ဘယ်သူ့ကိုမဆို ထောက်လှန်း ဖို့၊ ငါတို့ရဲ့ လုပ်ငန်းတွေကို အတွင်းကနေ ဖျက်ဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုတင်စီစဉ်ပြီး စေလွှတ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။
'မောင်ရင်က သူနဲ့ ကောလိပ်တုန်းကတည်းက သိခဲ့တာပဲ။ အဲဒီတုန်းက သူ့မှာ ဒီလို ကွန်မြူနစ်ဘက်ကို စာနာတဲ့ သဘောထားမျိုးတွေ ရှိခဲ့သလား။”
ကျွန်တော်က “မရှိခဲ့ပါဘူး” ဟု ဖြေမိမလို ဖြစ်သွားပြီးမှ နောက်ပိုင်းကျ ဗိုလ်ချုပ်ကြီးက အခြားသူတဦးထံမှ ဆန့်ကျင်ဘက်သတင်းကို ကြားသိသွားခဲ့လျှင် ကျွန်တော် ဒုက္ခရောက်ရ ချေတော့မည်။ ထို့ကြောင့် “ရှိခဲ့ပါတယ်” ဟု ဖြေဆိုခြင်းသာ တခုတည်းသော ရွေးချယ်စရာ ဖြစ်နေခဲ့သည်။
“ငါရဲ့ ထောက်လှမ်းရေးအရာရှိတယောက်အနေနဲ့ မောင်ရင် ဟာ သိမြင်နားလည်နိုင်စွမ်း သိပ်မရှိလှဘူး ထင်တယ်နော် ကက်ပတိန်။ ငါ သူနဲ့ စတွေ့ခဲ့တုန်းက ဒီအကြောင်းကို ဘာကြောင့် ကြို သတိမပေးခဲ့တာလဲ။”
ဗိုလ်ချုပ်ကြီးသည် စက်ဆုပ်ရွံရှာသည့် အမူအရာဖြင့် ခေါင်းခါလိုက်သည်။
“ဒီမှာ ကက်ပတိန် ၊ မောင်ရင် ရဲ့ ပြဿနာက ဘာလဲဆိုတာ သိလား။”
ကျွန်တော့်တွင်ရှိသည့် ပြဿနာများက စာနှင့် ရေးချမည် ဆိုလျှင် စာရင်းရှည်ကြီးတခု ဖြစ်လာနိုင်သော်လည်း ယခုလို အချိန်တွင်တော့ မသိပါ ဟု ဖြေဆိုလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
“ မောင်ရင် က လူတွေကို အတော်ကို ကိုယ်ချင်းစာတတ်လွန်းတယ်” ဟု ဗိုလ်ချုပ်ကြီးက ပြောသည်။ “အဲဒီ ဗိုလ်မှူးဆိုတဲ့ သူ ကိုလည်း သူက ဝဝဖိုင့်ဖိုင့်ကြီး ဖြစ်နေတာကြောင့် မောင်ရင် က သနားပြီး သူ့ဆီက အန္တရာယ်ကို မမြင်ခဲ့ဘူး။ အခုတော့ ရရှိထားတဲ့ သက်သေအထောက်အထားတွေအရ ဆန်နီဟာ လက်ဝဲအစွန်းရောက်တယောက် ဖြစ် နိုင်နေတဲ့ အပြင် ကွန်မြူနစ်တွေရဲ့ လျှို့ဝှက်အေးဂျင့်အဖြစ် ကြိုတင်စိမ့်ဝင်နေထိုင် နေသူတယောက်လည်း ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို မောင်ရင်က တမင်တကာ မမြင်ချင်ယောင်ဆောင်နေခဲ့တာပဲ။”
ဗိုလ်ချုပ်ကြီး၏ စူးရှပြင်းထန်သော အကြည့်သည် ကျွန်တော့်အပေါ် တည့်တည့်ကျရောက်နေသည်။ ကျွန်တော့်မျက်နှာမှာ ယားယံလာသော်လည်း ကုတ်ပင် မကုတ်ရဲအောင် ဖြစ်နေသည်။
“ကက်ပတိန် ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး တခုခု လုပ်ဖို့ လိုလာနိုင်တယ်။ မောင်ရင်လည်း ဘယ်လို သဘောရလည်း၊ သဘောတူတယ် မဟုတ်လား။”
“တူပါတယ်” ဟု ကျွန်တော် ပြန် ဖြေလိုက်ရင်း လည်ချောင်းများက ခြောက်ကပ်လာ နေသည်။ “တခုခုတော့ လုပ်ဖို့ လိုလာနိုင်တယ်။”