အခန်း (၁၉)
လမ်းမကြီးမှ မြင်းစီးရဲလေးဦးသည် ကြာပွတ် များကို ဝှေ့ယမ်းကာ လူအုပ်ကြီးဆီသို့ ဦးတည် ဝင်လာကြသည်။
"လူစုခွဲကြ!"
"ဘာတွေပြောနေကြတာလဲ။" "ဘယ်သူပြော နေတာလဲ။"
လူများသည် မျက်မှောင်ကြုတ်လျက် မြင်းများကို မဖယ်ချင် ဖယ်ချင် ဖယ်ပေးလိုက်ကြသည်။ အချို့မှာခြံ စည်းရိုးပေါ်သို့ တွယ် တက်ကြ၏။ နေရာတကာတွင် ကဲ့ရဲ့ ရှုတ်ချ သံများကို ကြား နေရသည်။ "ဝက်တွေကို မြင်းပေါ်တင်ထားတဲ့ အတိုင်းပဲ၊ တအီအီ နဲ့ အော်နေကြတာ"
"ဟေး -- ငါတို့ကလည်း ခေါင်းဆောင်တွေပဲဟေ့!' ဟူ၍ လှုံ့ဆော်လိုက်သော အသံတသံ သည် ထည်ဝါ ခန့်ညားစွာ ထွက်ပေါ်လာသည်။
နောက်ဆုံး ရုရှားလေးသည် လမ်းလယ်ခေါင်တွင် တယောက်တည်း ကျန်ရစ်ခဲ့သည်။ မြင်းနှစ်ကောင်က လည်ဆံမွှေး တယမ်းယမ်းဖြင့် သူ့ကို ဝင်တိုက်မတတ် တိုးဝှေ့လာကြ၍ တဖက်ကို ရှောင်လိုက်ရသည်၊ ရုရှားလေး အဖြစ်ကို ကြည့်ပြီး အမေသည် ပါးစပ်က မြည်တွန် တောက်တီးရင်းက သူ့လက်ကို ဆွဲကိုင်ကာ နောက်ကို ဆွဲ ခေါ်သွားလိုက်သည် - 'ပါရှားနဲ့ တကွဲတပြား မနေနဲ့လို့ ငါပြောထားတာကို၊ အခုတော့ မင်းက တယောက်တည်း အန္တရာယ်ကြားထဲ တိုးဝင်နေတာ လား"
'ကျွန်တော် မှားပါတယ်' လို့ ရုရှားလေးက ပါဗယ်ကို ပြုံးပြရင်း ပြောလိုက်သည်၊ 'ဟာကွာ! ရဲတွေကလည်း ဘာ ကြောင့်များ ဒီလောက်တောင် များနေရတာလဲ မသိဘူး"
'အင်း ဟုတ်ပါပြီ'ကွယ်" လို့ အမေက ရေရွတ်လိုက်သည်။
သူမ ရင်ထဲတွင်တော့ ကြောက်မက်ဖွယ်ကောင်းလောက်အောင်၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာ နေ၍ ခေါင်းထဲတွင်လည်း တရိပ်ရိပ်နှင့် မူး နောက်သလို ဖြစ်လာသည်။ စိတ်ထဲတွင်လည်း ဝမ်းနည်းခြင်းနဲ့ ဝမ်းမြောက်ခြင်းတို့က တလှည့်စီ နေရာယူလာနေပြန်သည်။ နေ့လယ်ပိုင်း အလုပ်ဆင်းချိန် ဥဩသံ မြည်လာဖို့ကိုသာ တောင့်တနေမိတော့သည်။
သူတို့သည် ဘုရားကျောင်းရှိရာ ရင်ပြင်သို့ ရောက်လာကြသည်။ ဘုရားကျောင်းပတ်လည်ရှိ ခြံစည်းရိုးအတွင်း၌ လူအုပ်ကြီးသည် ထိုင်သူကထိုင် ရပ်သူက ရပ် ဖြင့် စည်ကားနေ၏။ လူငယ်လူရွယ် ငါးရာခန့်နှင့် တက်ကြွရွှင်လန်းနေကြသော မိန်းမကြီးများမှာ ကလေးများကို ခေါ်ဆောင်ကာ အုပ်စုများကြား လိပ်ပြာကလေးများပမာ ဟိုမှာ ဒီ မှာ သွားလာနေကြသည်။ လူအုပ်ကြီးသည် တဖက်နှင့်တဖက် လှိုင်းထန်သကဲ့သို့ ယိမ်းထိုးနေကြသည်။ လူတို့သည် ခေါင်းများကို မော့လျက်၊ စိတ်မရှည်စွာဖြင့် အရပ်မျက်နှာအမျိုးမျိုးသို့ မျှော်လင့်တကြီး ကြည့်နေကြ၏။
"မင်တန်ကာ!" ဟု အမျိုးသမီးတဦး၏ အသံက တိုးညှင်းစွာ တုန်ရီထွက်ပေါ်လာသည်။ "ကိုယ့်ကိုယ်ကိုယ် သနားပါဦး!"
တဖက်က "ရပ်စမ်း!" ဟု အသံမာမာဖြင့် ပြန်အော်သံ ထွက်လာသည်။
ထိုစဉ် လူအများ၏ လေးစားခံရသော စီဇော့ဗ် က တည်ငြိမ်စွာ ဖြင့် ယုံကြည်မှု အပြည့်ရှိသော လေသံ ဖြင့် ပြောလိုက်သည် -
"မဟုတ်ဘူး၊ ငါတို့ရဲ့ ရင်သွေးတွေကို ပစ်ထားလို့ မဖြစ်ဘူး။ သူတို့က ငါတို့ထက် ပိုပြီး ထက်မြက်လာကြပြီ၊ ပိုရဲရင့်တဲ့ ဘဝတွေနဲ့ ရှင်သန်နေကြပြီ။ စိမ့်တောမြေတွေအတွက် ငါတို့ရဲ့ ငွေစေ့လေးတွေကို ဘယ်သူက ကာကွယ်ကယ်တင်ပေးခဲ့တာလဲ? သူတို့ပဲ မဟုတ်လား။ အဲဒီအတွက် သူတို့ကို ထောင်ထဲကို ဆွဲသွင်းခဲ့ကြတယ်။ ဒါပေမဲ့ ငါတို့အားလုံး အကျိုးရှိရာ ရှိကြောင်း ဖြစ်ခဲ့ကြတာပဲမဟုတ်လား။"
စက်ရုံမှ ဥသြဆွဲသံ ထွက်ပေါ်လာ၍ လူအုပ်ကြီး၏ စကားသံများကို ဖုံးလွှမ်းသွားသည်။ လူများ တုန်လှုပ်သွားကြပြီး၊ ထိုင်နေသူများ ထရပ်လာကြသည်။ ခဏတာ မျှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားပြီး အားလုံး သတိကြီးစွာ စောင့်ကြည့်နေကြ၍ မျက်နှာများက ဖြူ ဖတ် ဖြူဖျော့ ဖြစ်သွားကြသည်။
“ရဲဘော်တို့!” ဟူ သော ပါဗယ်၏ အသံက ကြည်လင် ပြတ်သားစွာ ထွက်ပေါ်လာသည်။
အမေ့မျက်လုံးများသည် အပူဓါတ် ရိုက်ခတ်ခံရသလို လောင်မြိုက်သွားပြီး ရုတ်ခြည်းဆိုသလို ခန္ဓာကိုယ်တခုလုံးမာကျောလာသလို ခံစားလိုက်ရပြီး သားဖြစ်သူ ၏ နောက်တွင် ရပ်လိုက်သည်။ အားလုံးအကြည့်က ပါဗယ်ဆီသို့ သံလိုက်ရှိရာ သံမှုန့်များ ကပ်လာသလို စုပြုံ ကျ ရောက်လာကြသည်။
"ညီအစ်ကိုတို့! လောဘ၊ ဒေါသ၊ အမိုက်တရားတွေနဲ့ ပြည့်နှက်နေတဲ့၊ အကြမ်းဖက်မှုနဲ့ မုသာဝါဒတွေ လွှမ်းမိုးနေတဲ့၊ လူသားတွေအတွက် လူအဖြစ်နဲ့တောင် မရပ်တည်နိုင်တော့တဲ့ ဒီဘဝဆိုးကြီးကို စွန့်လွှတ်ရမယ့် အချိန်တန်ပါပြီ။"
လူတိုင်းက တိတ်ဆိတ်ငြိမ်သက်နေကြပြီး သူ့ဆီသို့ ပို၍ပင် တိုးကပ်လာကြသည်။ အမေသည် သားဖြစ်သူ ကို စိုက်ကြည့်နေ၏။ သူမ မြင်တွေ့ရသည်မှာ သူ၏ မျက်ဝန်းများကိုသာဖြစ်ပြီး ထိုမျက်ဝန်းတို့မှာ ဂုဏ်ယူဝင့်ကြွားမှု များ၊ ရဲရင့်ပြတ်သားမှု များ နှင့် တောက်လောင်လျက် ရှိနေပေသည်။
"ရဲဘော်တို့! ကျွန်တော် တို့ဟာ ဘယ်သူတွေလဲဆိုတာကို လူအများရှေ့မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။ ဒီကနေ့မှာတော့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆင်ခြင်တုံတရား၊ အမှန်တရားနဲ့ လွတ်လပ်ရေးတို့ရဲ့ အလံတော်ကို လွှင့်ထူလိုက်ပါပြီ။ ကဲ... အခု ကျွန်တော် ဒီအလံကို လွှင့်ထူပါပြီ!"
ရှည်ရှည်လျှားလျှား အဖြူရောင် တံခွန်တိုင် လေးသည် လေထဲတွင် တလူလူ နှင့် မြင့်တက် လာပြီး လူအုပ်ကို ထိုးခွဲကာ အောက်ကို ငုံ့ညွတ်ကျလာခဲ့သည်။ ခဏတာမျှ အမြင်အာရုံကနေ ပျောက်ကွယ်သွားပြီးနောက်တွင် တော့ မော့ကြည့် နေကြသည့် လူများ၏ မျက်နှာများ ပေါ်တွင် အလုပ်သမား တို့၏ အလံတော်ကြီးသည် နီရဲသော ငှက်ငယ် တကောင်မှ သူ၏ ကျယ်ပြန့်သည့် အတောင်ပံတွေကို ဖြန့်ကျက်လိုက်သလို ဖျတ်ခနဲ ပေါ်လာ တော့သည်။
ပါဗယ်က လက်ကို မြှောက်လိုက်တယ် — တံခွန်တိုင်က ယိမ်းယိုင်သွားပြီး ချောမွေ့ဖြူစင်သည့် တိုင်လုံးလေးကို ဒါဇင်လောက် ရှိသော လက်များ က ဝိုင်းဝန်း ဆုပ်ကိုင်လိုက်ကြသည်။ ထို အထဲတွင် အမေ့၏လက်လည်း ပါဝင်နေသည်။
"အလုပ်သမား ပြည်သူ တွေ အဓွန့် ရှည်ပါစေ!" လို့ ပါဗယ်က ကြွေးလိုက်သည်။
ရင်သပ်ရှုမောဖွယ် ကောင်းစွာ ဟစ်ကြွေး လိုက် သည့် သူ၏ အသံ ကို ရာနှင့်ချီသည့် အသံများက သံပြိုင် ပဲ့တင်ထပ်လာကြသည်။ — "ဆိုရှယ်ဒီမိုကရက်တစ် အလုပ်သမားပါတီကြီး အသက်ရှည်ပါစေ၊ ရဲဘော်တို့၊ ကျွန်တော်တို့ရဲ့ ပါတီကြီး၊ ကျွန်တော်တို့ရဲ့ ဝိညာဉ် မိခင်ကြီး အဓွန့် ရှည်ပါစေ။"
လူအုပ်ကြီးသည် လှုပ်လှုပ် ရွရွ ဖြစ်လာကြပြီး ဆူညံ ပွက်လောရိုက်လာကြ၏။ အလံတော်၏ အဓိပ္ပာယ်ကို သဘောပေါက်ကြသူတို့သည် အလံဆီသို့ တိုးဝှေ့လာကြသည်။ မာဇင်၊ ဆာမွိုင်းလော့ဗ်နှင့် ဂူဆယ့်ဖ်တို့သည် ပါဗယ်၏ဘေးတွင် ကပ်၍ ရပ်နေကြသည်။ နီကိုလိုင်းသည် ခေါင်းကိုငုံ့လျက် လူအုပ်ထဲသို့ တိုးဝင်လာ၏။ အမေ မသိသော ငယ်ရွယ်သူ အချို့က လည်း သူမကို တွန်းထိုးသွားကြသည်။ "ကမ္ဘာ့နိုင်ငံ အသီးသီးမှ အလုပ်သမား ပြည်သူများ အဓွန့်ရှည်ပါစေ!" ဟု ပါဗယ်က အသံကုန် အော်လိုက်သည်။
ထိုအခါ ပိုမိုအားကောင်းလာပြီး ရွှင်လန်းတက်ကြွလာသော ထောင်ချီသော လူများ၏ ရင်ထဲ အသဲထဲက ဟစ်ကြွေးသံ ကြီးသည် ကျယ် လောင်စွာ ထွက်ပေါ်လာသည်။ အမေသည် ပါဗယ်၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အခြားသူတဦး၏ လက်ကိုလည်း ဆုပ်ကိုင်မိလိုက်သည်။ သူမသည် မျက်ရည်များကြောင့် အသက်ရှူပင် ကျပ်လာသော်လည်း မျက်ရည်မကျအောင် တားဆီးထားနိုင်ခဲ့သည်။ သူမ၏ ခြေထောက်များ တုန်ရီလာပြီး တုန်ယင်နေသော နှုတ်ခမ်းတို့ဖြင့် -
"အို... အမေ့ သားတွေရယ်၊ အမှန် တွေ ပါပဲ။ ကဲ..သိကြပြီ မဟုတ်လား" ဟု အော်ဟစ် အားပေးလိုက်လေသည်။
နီကိုလိုင်း၏ ဝက်ခြံ အမာရွတ်များ ဗလပျစ် ဖြစ်နေသော မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာပြီး အလံတော်ကို စိုက်ကြည့်လျက် လက်ကိုဆန့်တန်းကာ တစုံတရာကို အော်ဟစ်လိုက်သည်။ ထို့နောက် ထိုလက်ဖြင့်ပင် အမေ၏လည်ပင်းကို ဖက်ကာ နမ်းလိုက်ပြီး ရယ်မောလေသည်။
"ရဲဘော်တို့!" လူအုပ်ကြီး၏ဆူညံသံကို ဖုံးလွှမ်းသွားရန် သူ၏ အသံသြသြ ကြီး ဖြင့် အသံပြု၍ ဟစ်ကြွေးလိုက်သည်။ "ရဲဘော်တို့! တို့တွေဟာ အခုအခါမှာ ဘုရားသခင်အသစ်ဖြစ်တဲ့ အမှန်တရားနဲ့ အလင်းရောင်ရဲ့ဘုရားသခင်၊ အသိဉာဏ်နဲ့ ကောင်းမြတ်ခြင်းရဲ့ဘုရားသခင်ရဲ့နာမတော်နဲ့ သန့်ရှင်းတဲ့ ချီတက်ပွဲကြီးကို စတင်ခဲ့ပါပြီ။ ရဲဘော်တို့၊ တို့တွေဟာ ဒီသန့်ရှင်းတဲ့ ချီတက်ပွဲကြီးကို ရှည်လျားပြီး ခက်ခဲတဲ့လမ်းခရီးတခုပေါ်မှာ ချီတက်နေကြပါပြီ။ တို့တွေရဲ့ပန်းတိုင်က သိပ်ကိုဝေးလံ ပေမယ့် ဆူးခက်တွေကတော့ အနီးကပ် နေရာ မှ ရှိနေပါပြီ! အမှန်တရားရဲ့တန်ခိုးကို မယုံကြည်ကြသူတွေ၊ အဲဒီအတွက် သေသည်အထိ ရပ်တည်ရဲတဲ့သတ္တိ မရှိကြသူတွေ၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ကြဘဲ ဒုက္ခရောက်မှာကို ကြောက်ရွံ့နေကြသူတွေ - အဲဒီလိုလူတွေအနေနဲ့ ဖယ်ရှားပေးကြပါ၊ လမ်းဖယ်ပေးကြပါ! တို့တွေရဲ့ အောင်ပွဲကို ယုံကြည်သူတွေကိုသာ တို့တွေက ဖိတ်ခေါ်ပါတယ်။ တို့တွေရဲ့ပန်းတိုင်ကို မမြင်နိုင်ကြသူတွေ၊ တို့တွေနဲ့အတူ မလျှောက်ကြပါနဲ့၊ သူတို့အတွက် ဆင်းရဲဒုက္ခတွေချည်းသာ စောင့်ကြိုနေပါလိမ့်မယ်! ရဲဘော်တို့၊ စည်းဝိုင်းထဲ ဝင်ကြပါ၊ ညီညာစွာ ချီတက်ကြပါ! လွတ်လပ်သူ လူသား တို့ရဲ့ ပွဲတော်ဖြစ်တဲ့ မေလပထမရက်ကြီး ရှည်ကြာပါစေသား!"