ဂျော်နီ ကော့ချ်ရန် သည် သူ၏ အပြီးသတ် လျှောက်လဲချက်တွင် လက်အိတ်စမ်းသပ်ပြသမှု၏ အဓိပ္ပာယ်ကို ဂျူရီ လူကြီးများ နားလည်သဘောပေါက်စေရန် ယခုလို ထည့် ပြောခဲ့သည်။ "အကယ်၍သာ လက်အိတ်က မတော်ဘူး ဆိုရင်၊ ခင်ဗျားတို့အနေနဲ့ တရားသဖြင့် လွတ်မြောက်ခွင့်ပေးရပါမယ်။"
ဆင်ပဆင် သည် နာမည်ကျော်တဦးဖြစ်ပြီး၊ ချမ်းသာကြွယ်ဝသူ လည်းဖြစ်ကာ၊ ဂေါ့ဖ်ရိုက်သည်၊ လူဖြူအများစု နေထိုင်သည့် ရပ်ကွက်တွင် နေထိုင်ပြီး လူဖြူမိတ်ဆွေ သူငယ်ချင်းများစွာလည်း ရှိသူတစ်ဦးဖြစ်သည်။ တရားစွဲဆိုမှု စတင်ချိန်တွင် ဝေဖန်သုံးသပ်သူအများစုက ဆင်ပဆင်၏ တရားခွင်သည် လူမျိုးရေးပြဿနာများအပေါ် မူတည်ပြီး အဆုံးအဖြတ်ပေးမည့် ကိစ္စတခု ဖြစ်လာလိမ့်မည်ဟု မထင်ခဲ့ကြပေ။ သို့သော် တရားခွင် ကြာလာသည်နှင့်အမျှ၊ ဤအမှုတွင် လူမျိုးရေး ကိစ္စရပ်များနှင့် ရောထွေး ဆက်နွယ်လာနေပြီဟု တရားခံ ရှေ့နေများဘက်က ထင်မြင်လာခဲ့သည်။
ဥပမာ တခုမှာ တရားသူကြီး ဂျုရီအဖွဲ့၊ နှစ်ဘက် ရှေ့နေများ၊ တရားခံနှင့် မီဒီယာများ ပါဝင်ခဲ့ကြသည့် အိုဂျေ ဆင်ပဆန်၏ အိမ်သို့ သွားရောက်သည့် ကွင်းဆင်းလေ့လာရေး ခရီးစဉ်ပင် ဖြစ်သည်။ တရားခံဘက်က ဤခရီးစဉ်ကို ဆင်ပဆန်၏ နေထိုင်မှု ဘဝပုံစံအပေါ် လူအထင်ကြီး အောင် ပုံဖော်နိုင်မည့် အခွင့်အရေးတခုအနေဖြင့် အသုံးချခဲ့သည်။
တရားသူကြီးအဖွဲ့ ဆင်ပဆန်၏ အိမ်သို့ မရောက်လာမီတွင် အိုဂျေ၏ လူဖြူ ရည်းစား၏ ဓာတ်ပုံကို ဖြုတ်ချလိုက်သည်။ ၎င်း၏နေရာတွင် ဖက်ဒရယ် မာရှယ်များ၏ ခြံရံပို့ဆောင်ခြင်းခံနေရသော အာဖရိကန်-အမေရိကန် လူမျိုး မိန်းကလေးတဦးကို ပုံဖော်ထားသည့် ပုံတပုံကို ချိတ်ဆွဲလိုက်သည်။ ဆင်ပဆန်သည် လူဖြူ ဂေါ့ဖ်ရိုက်ဖော်များနှင့် အတူရပ်နေသည့် ပုံများကို သူ၏မိခင်နှင့် အခြား အာဖရိကန်-အမေရိကန် လူမျိုးများ၏ ပုံများဖြင့် အစားထိုးခဲ့သည်။ ဧည့်ခန်းရှိ စားပွဲငယ်တစ်ခုပေါ်တွင် သမ္မာကျမ်းစာတအုပ်ကို မြင်သာအောင် တင်ထားခဲ့သည်။
ယင်းခရီးစဉ်သည် တရားခံ ရှေ့နေအဖွဲ့အတွက် အလွန်ပင် အောင်မြင်သွားခဲ့သည်။ မီဒီယာများက Dream Team။ဟု ခေါ်ဆိုကြသော ဆင်ပဆန် ရှေ့နေအဖွဲ့၏ မဟာဗျူဟာမှာ တရားလိုဘက်မှ ရည်ရွယ်ချက်နှင့် ပတ်သက်၍ တင်ပြထားသော သက်သေအထောက်အထားများကို ချေဖျက်ရန်၊ ဆင်ပဆန်သည် ဤပြစ်မှုကို ကျူးလွန်နိုင်စွမ်း မရှိကြောင်း အရိပ်အမြွက်ပြရန်နှင့် တရားလိုဘက်၏ အချိန်ဇယားနှင့် ပတ်သက်၍ သံသယများ ဖြစ်ပေါ်စေရန် ဖြစ်သည်ဟု ဆိုသည်။
နောက်ဆုံးအနေဖြင့် ဆင်ပဆန်ကို ဆန့်ကျင်သည့် အဓိက ရုပ်ဝတ္ထုဆိုင်ရာ သက်သေအထောက်အထားများသည် ညစ်ညမ်းပျက်စီးသွားခဲ့ခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ ဖဖန်တီး ခဲ့ခြင်း ဖြစ်ကြောင်း သံသယ ပေါ်လာစေရန် ဖြစ် သည်။
တရားခံဖက်မှ ခုခံ ချေပ ပေးရသူ များ၏ မဟာဗျူဟာ မည်မျှပင် အောင်မြင်ခဲ့သော်လည်း အမှားအယွင်းများ ကင်းစင်ခဲ့သည်တော့ မဟုတ်ပေ။ ဆင်ပဆန်၏ ဆရာဝန်က အိုဂျေသည် တာဇန် ကဲ့သို့ ခန္ဓာကိုယ် တောင့်တင်းသော်လည်း အမှန်တကယ်တွင် 'တာဇန်၏ အဘိုး' လောက်သာ ကျန်းမာရေး အနေအထား ရှိကြောင်း ထွက်ဆိုခဲ့သည်။
ဆင်ပဆန်သည် အဆစ်အမြစ်ရောင်ရောဂါနှင့် အခြားသော ကျန်းမာရေးပြဿနာများကို ခံစားနေရကြောင်း သူက ဆိုသည်။ သို့သော်လည်း တန်ပြန်စစ်ဆေးမေးမြန်းမှုတွင် တရားလိုဘက်က အသတ်ခံရသည့် အချိန်မတိုင်မီ လေးက ရိုက်ကူးထားသော ဗီဒီယိုဖိုင်တခုဖြင့် ချေပခဲ့သည်။ ထိုဗီဒီယိုတွင် ဆင်ပဆန် သည် အလွန်ပင်ပန်းခက်ခဲသော ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတခုကို ဦးဆောင်လုပ်ပြနေသည်ကို တွေ့ရသည်။ အထူးသဖြင့် တရားခံ ရှေ့ နေ များအတွက် အရှက်ရစရာဖြစ်စေခဲ့သည်မှာ ထိုဗီဒီယိုထဲတွင် ဆင်ပဆန်က နောက်ပြောင်ပြောဆိုထားသော စကားတခွန်း ကြောင့်ပင် ဖြစ်သည်။ လက်များကို ရှေ့တိုးနောက်ဆုတ်ဖြင့် လက်သီးထိုး လေ့ကျင့်ခန်းကို လုပ်ပြရင်း ဆင်ပဆန်က လေ့ကျင့်ခန်းလုပ်နေသူများကို ထိုကဲ့သို့ မျိုးကို အိမ်တွင် 'ဇနီးသည်နှင့်အတူ' လုပ်ကြည့်သင့်ကြောင်း ပြောခဲ့သည်။
လာရာ မက်ကင်နီ ဆိုသည့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ ဇာတ်ညွှန်းရေး အမျိုးသမီး တဦးကို ရုံးတော်သို့ ခေါ်ယူစစ်ဆေးချိန်တွင် တရားခံ ဘက်မှ လုံးဝ အသာစီး ရသွားခဲ့သည်။ တရားလိုဘက်က သူမ၏ ထွက်ဆိုချက်သည် အထောက်အထားပြနိုင်စွမ်းထက် ဘက်လိုက် ထွက်ဆိုမှု များ သာ ဖြစ်လိမ့်မည်ဟု အကြောင်းပြကာ တရားခွင်တွင် မထွက်ဆိုနိုင်အောင် အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြသော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။
မက်ကင်နီသည် သူမရေးသားနေသည့် ဇာတ်ညွှန်းတစ်ခုအတွက် ရဲလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များတွင် အကြံဉာဏ်ပေးရန် ရဲစုံထောက် မာ့ခ် ဖာမန် ကို ငှားရမ်းခဲ့ဖူးသည်။ တရားလိုဘက်အတွက် ကံဆိုးသည်မှာ မက်ကင်နီသည် ဖာမန်နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးများကို အသံသွင်းထားခဲ့ခြင်းပင်တည်း။ သူမရဲ့ အသံသွင်း တိတ်ခွေထဲတွင် ပါရှိလာသည်များက တကယ့်ကို တုန်လှုပ်ချောက်ချားစရာ အချက်အလက်များ ဖြစ်နေသည်။
"တရားလိုဘက်မှ သက်သေတစ်ဦးအနေဖြင့် n-word ဟု ခေါ်သည့် နစ်ဂါး၊ နီဂရိုး ဆိုသည့် ကို တခါမျှ မသုံးဖူးကြောင်း ငြင်းဆိုခဲ့သော ဖာမန်သည် မက်ကင်နီ၏ အသံခွေထဲတွင်မူ ထိုစကားလုံးကို အကြိမ်ကြိမ် သုံးစွဲထားခဲ့သည်။
ပို၍ ထိခိုက်ပျက်စီး သွားစေသည်က ပြစ်ဒဏ်ချမှတ်နိုင်ရန်အတွက် တခါတရံ သက်သေအထောက်အထားများကို တမင်ဖန်တီးထားခဲ့ဖူးကြောင်း ဖာမန်က ထိုတိတ် ခွေ ထဲတွင် ဝန်ခံပြောဆိုထားခြင်းပင် ဖြစ်သည်။
မက်ကင်နီ၏ တိတ်ခွေပါ အထောက်အထားများက ဖာမန်သည် အခင်းဖြစ်ရာ နေရာမှ လက်အိတ်တစုံကို ယူလာခဲ့ပြီး နီကိုးလ်၏ သွေးများဖြင့် သုတ်လိမ်း ခဲ့ပြီးနောက် ဆင်ပဆန် အိမ်သို့ ပြန်ယူလာကာ ကာတို ကယ်လင် ၏ အိပ်ခန်းအပြင်ဘက်တွင် ချထားခဲ့ခြင်းဖြင့် ဆင်ပဆန် အား ပြစ်မှုထင်ရှားအောင် ပုံဖမ်းကြံစည်ခဲ့သည်ဟူသော တရားခံဘက်က ပြောနေသော သီအိုရီကို တံခါးဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
အိုဂျေ အတွက် ကယ်တင်ရှင်ဖြစ်လာခဲ့သူမှာ ဖာမန် မဟုတ်က မှူခင်း ဆေးပညာ ကျွမ်းကျင်သူ ဟင်နရီ လီးပင် ဖြစ်ပေမည်။ လီး သည် အရည်အချင်းလက်မှတ် ကောင်း များရှိပြီး ဂျုရီ အဖွဲ့ကို ပြုံးပြကာ တရားလိုဘက်မှ အဓိကတင်ပြသော ရုပ်ဝတ္ထုဆိုင်ရာ အထောက်အထားများကို သံသယဝင်စရာဖြစ်စေမည့် အကြောင်းပြချက်များကို ကျိုးကြောင်းဆီလျော်စွာ ပြောဆိုနိုင်ခဲ့သည်။ ဖိနပ်ရာ အထောက်အထားအရ တိုက်ခိုက်သူမှာ တဦးထက်ပိုကြောင်း လီးက ညွှန်ပြခဲ့သည်။ ထို့အပြင် တရားလိုဘက်၏ DNA စစ်ဆေးချက်များနှင့် ပတ်သက်၍ “တခုခုတော့ မှားယွင်းနေပါတယ်” ဟု ရိုးရိုး ရှင်းရှင်းပင် ချပြခဲ့သည်။
တရားစွဲဆိုရေးဘက်မှ ရှေ့နေ ခရစ္စတိုဖာ ဒါဒင် က တရားခွင်ပြီးနောက်တွင် လီးသည် ဂျုရီ အဖွဲ့အား ၎င်းတို့ ဖြစ်စေချင်သည့် အတိုင်း ဖြစ်လာရန် လုပ်ပိုင်ခွင့် ပေးခဲ့သူဖြစ်သည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။ ၎င်းတို့ ဖြစ် စေချင်သည်မှာ - ဆင်ပဆန်ကို အပြစ်မှ ကင်းလွတ်ခွင့်ပေးရန်ပင်တည်း။ ဆင်မ်ပဆန်ကိုယ်တိုင်ကတော့ တရားခွင်တွင် ထွက်ဆိုခြင်း မရှိခဲ့ပေ။ တရားခံ ရှေ့နေ အလန် ဒါဇိုဝဇ် ကမူ မိမိ၏ အမှုသည် အနေဖြင့် တရားခွင်တွင် ထွက်ဆိုချက်ပေးရန် မသင့်ကြောင်းကို အခိုင်အမာ စွဲကိုင်ထားသူ ဖြစ်သည်။ “တရားခံတဦးကို တရားခွင်မှာ ထွက်ဆိုဖို့ တင်လိုက်ပြီဆိုတာနဲ့ တရားခွင်အတွင်းက ပြောဆိုခဲ့သမျှ အရာအားလုံးဟာ အဓိပ္ပာယ်မရှိတော့ဘူး... ကျွန်တော်တို့က အစိုးရနှင့် ရဲတပ်ဖွဲ့တို့၏ လုပ်ရပ်တွေ ကိုသာ သက်သေ ခုံပေါ် တင်ပြီးစစ်ဆေးမှု ခံယူစေချင်ခဲ့တာပါ” ဟု ဆိုခဲ့သည်။
အပြီးသတ် လျှောက်လဲချက်များ မစတင်မီအချိန်အထိ ဂျူရီအဖွဲ သည် တနှစ်နီးပါးမျှ ပြင်ပနှင့်အဆက်အသွယ်ဖြတ်ကာ သီးသန့်နေထိုင်ခဲ့ရပြီး ဖြစ်သည်။ ဂျူရီလူကြီးများသည် စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှု လက္ခဏာများ ပြသလာကြသည်။ တရားသူကြီး အီတို မှာလည်း တရားခွင် ကြန့်ကြာရှည်လျားနေခြင်းနှင့် ရှေ့နေများကို ထိန်းကျောင်းနိုင်စွမ်းမရှိခြင်းတို့ကြောင့် ဝေဖန်သူများ၏ ပြစ်တင် ရှုတ်ချ မှုကို ခံနေရသည်။
မာရှား ကလတ် ၏ တရားလိုဘက်မှ နိဂုံးချုပ်လျှောက်လဲချက်တွင် ဖာမန် ကိစ္စနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုကို ပြန်လည်ကုစားရန် ကြိုးပမ်းခဲ့သည်။ ကလတ်က ဖာမန်သည် လူမျိုးရေးခွဲခြားသူတဦးဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ သူသည် ဤကမ္ဘာ မြေပေါ်တွင် ရှိဖို့ မကောင်းလှသည့် “အဆိုးဆုံးအမျိုးအစား” ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ၎င်းက ထိုသို့ဖြစ်ရုံမျှဖြင့် သက်သေအထောက်အထားများကို တမင်ကြံစည်ဖန်တီးထားခြင်း မဟုတ်ကြောင်း ဂျူရီလူကြီးများကို ပြောကြားခဲ့သည်။ သူမသည် ဗီဒီယိုမျက်နှာပြင်ပေါ်တွင် ပဟေဠိအပိုင်းအစများ စုပုံလာကာ အို ဂျေ ၏ မျက်နှာပုံပေါ်လာသကဲ့သို့ တရားလိုဘက်မှ တင်ပြထားသော “တောင်လိုပုံနေသည့် သက်သေအထောက်အထားများ” ကို ဂျူရီလူကြီးများရှေ့တွင် တခုချင်းစီ ထပ်မံရှင်းလင်းပြသခဲ့သည်။
ကလတ် ၏နောက်တွင် ခရစ်စတိုဖာ ဒါဒင် က ဆက်လက်လျှောက်လဲခဲ့သည်။ သူက ဂျူရီလူကြီးများကို ပြောကြားရာတွင် အို ဂျေ သည် “ဘောလုံးသမားကောင်းတဦး” လည်းဖြစ်နိုင်သလို “လူသတ်သမားတဦး” လည်း ဖြစ်နိုင်သည်ဟု ဆိုခဲ့သည်။