ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(50)

by Hla Soewai - Sep 28 2026

လေယာဉ်မှူးခန်းထဲတွင် ပိုင်းလော့ ဇဗီ တိုဟာ သည် အရေးပေါ်အခြေအနေ တစုံတရာ ပေါ်ပေါက်လာပါက လုပ်ဆောင်ရမည့်အချက်များကို စဉ်းစားပြီး တည်ငြိမ်စွာပင် စာရင်းပြုစု နေသည်။ ချောမောခန့်ညားပြီး သပ်ရပ်သော မုတ်ဆိတ်မွှေးကို ပိုင်ဆိုင်ထားခြင်းကြောင့် "မုတ်ဆိတ်မွှေးလှလှ အရပ်ရှည်ရှည် လေယာဉ်မှူးကြီး" ဟု အမည်ပြောင်ရထားသူ ဂျာမနီနိုင်ငံဖွား တိုဟာသည် စစ်အတွင်းက ဗြိတိန်တော်ဝင်လေတပ် တွင် တိုက်လေယာဉ်မှူးတဦး ဖြစ်ခဲ့ဖူးပြီး အစ္စရေးတို့ လေကြောင်းပညာ တတ်မြောက် လာစေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်သည်။ (ပုံတွင် ရှု)

 

အကယ်၍ အာဂျင်တီးနား တိုက်လေယာဉ်များက အယ်လ်အယ်လ် (El Al) လေယာဉ်ကို ပစ်ချရန် ထွက်လာခဲ့ပါက သစ်ပင်ထိပ်ဖျားအဆင့်အထိ အနိမ့်ဆုံးပျံသန်းကာ ပင်လယ် ရေပြင်ကို မထိမချင်း တိုက်ခိုက်မှုမှ ရှောင်တိမ်းပျံသန်း သွားရန် သူ ရည်မှန်းထားသည်။

 

တိုဟာ က ထိန်းသိမ်းရေးမျှော်စင်သို့ ရေဒီယိုဖြင့် ဆက်သွယ်လိုက်သည်။ "အယ်လ်အယ်လ် (El Al) လေယာဉ်သည် ပြေး လမ်းကြောင်းသို့ ရွှေ့ပြောင်းရန် အသင့်ဖြစ်ပါပြီ။" 

 

"အယ်လ်အယ်လ်, ပြေးလမ်းဆီသို့ ဆက်လက်သွားပါ"

 

 ဟူ၍ အကြောင်းပြန်လာသည်။ 

 

တိုဟာသည် ဘရိတ်ကို လွှတ်လိုက်သည်။ ဗြိတန်းနီးယား လေယာဉ်သည် ကတ္တရာပြေးလမ်းပေါ်တွင် တရွေ့ရွေ့ ဖြင့် စတင် ရွေ့လျား လာခဲ့သည်။

 

သို့သော် ထိုစဥ်မှာပင် တုန်လှုပ်ချောက်ချားစရာ ဖြစ်လာခဲ့ရသည်က - ထိန်းသိမ်းရေးမျှော်စင်က နောက်ထပ် အမိန့်တခု ထပ်ထွက်လာခြင်းကြောင့် ဖြစ်သည်။

 

"အယ်လ်အယ်လ် (El Al) လေယာဉ်၊ လက်ရှိ နေရာမှာ ဆက်ရပ်နေပါ။ ပျံသန်းရေးအစီအစဉ်မှာ မမှန်ကန် တာ တွေ့နေရပါတယ်"

 

အီဆာ ဟာရယ် ၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး လေယာဉ်မှာ ရုတ်တရက် အရှိန်သတ်ရပ်တန့်သွားသည်။ သူသည် အချိန်ဆွဲမနေဘဲ ထိုင်ခုံမှထကာ လေယာဉ်မှူးခန်းထဲသို့ ဝင်လိုက်သည်။ ဖခင် ဖြစ်သူ အိုက်ခမန်း သည် အာဂျင်တီးနားမှ ထွက်ခွာမည့် တစီးတည်းသော အစ္စရေးလေယာဉ်ပေါ်တွင် ပါသွားပြီဖြစ်ကြောင်း ဗီးရာ အိုက်ခမန်းနှင့် သားဖြစ်သူတို့ ရိပ်မိသွားကြ၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြားလိုက်ပြီဟု ဟာရယ်က အကြွင်းမဲ့ ယုံကြည်လိုက်သည်။

 

မော်ဆက် ညွှန်ကြားရေးမှူး ဖြစ်သူ ဟာရယ်သည် ထိန်းချုပ်ရေး မျှော်စင်၏ အမိန့်ကို လျစ်လျူရှုပြီး ချက်ချင်း ပျံတက်ရန် လေယာဉ်မှူး ဇဗီ တိုဟာ အား အမိန့်ပေးလိုက်သည်။

 

 ရှည်လျားလှသော သူ၏ လုပ်သက်တစ်လျှောက်လုံးတွင် တိုဟာသည် ကျဉ်းထဲကျပ်ထဲ ရောက်လာတိုင်း အေးအေးဆေးဆေး ဖြေရှင်း ကိုင်တွယ်တတ်သူဟူသော နာမည်ကောင်းကို ရရှိထားသူဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် ဟာရယ်၏ အမိန့်ကို တိုဟာက ငြင်းဆန်လိုက်သည်။

 

"နောက်ထပ် ရွေးချယ်စရာ တခု ကျန်ပါသေးတယ်" ဟု သူက ဟာရယ်ကို ပြောလိုက်သည်။

 

 "အာဂျင်တီးနား လေတပ်ကြီး ကျွန်တော်တို့နောက် လိုက်လာအောင် မလုပ်ခင်မှာ အိုက်ခမန်း လေယာဉ်ပေါ်မှာ ပါလာတယ်ဆိုတာ သူတို့ တကယ်သိရဲ့လားဆိုတာကို အရင်စစ်ဆေးကြည့်သင့်ပါတယ်။ တကယ်မရှိတဲ့ ပြဿနာတခုကို မလိုအပ်ဘဲ မဖန်တီးတာ အကောင်ဆုံးပါ"

 

လေယာဉ်ထံသို့ လှေကားများကို ထိုးကပ်လာသည်။ လေကြောင်းပြ ရာဇ်ရှောလ် သည် အပြင်သို့ထွက်ကာ ထိန်းသိမ်းရေးမျှော်စင် ဆီသို့ လျှောက်သွား၏။ အခြေအနေကို စုံစမ်းစစ်ဆေးရန် ဟာရယ် က သူ့အား ဆယ်မိနစ်အချိန်ပေးလိုက်သည်။ အကယ်၍ ထိုအချိန်အတွင်း ပြန်မရောက်လာခဲ့ပါက ဇဗီ တိုဟာ သည် လေယာဉ်ထွက်ခွာရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ဘဲ - မည်သည့် အကျိုးဆက်များကိုမဆို ရင်ဆိုင်ရပေတော့မည်။ 

 

ရာဇ်ရှောလ် အသက်မှာ ၃၂ နှစ်ရှိပြီဖြစ်သည်။ သူ့တွင် သားသမီးနှစ်ဦး ရှိသည်။ မိသားစုထံ ဘေးအန္တရာယ် ကင်းကင်း ပြန်သွားဖို့သာ သူ့စိတ်ထဲတွင် ရှိနေသည်။ သို့သော် ထိန်းသိမ်းရေးမျှော်စင်ဆီသို့ လှေကားထစ်များကို တက်သွားစဉ် သူ့ကိုများ လက်ထိပ် နှင့် စောင့်ကြိုနေလေ မလားဟု ရာဇ်ရှောလ် တွေးမိပြန်သည်။

 

“ပြဿနာက ဘာလဲ” ဟု လေကြောင်းထိန်းသိမ်းရေးတာဝန်ခံကို ရှာဖွေကာ သူက မေးလိုက်သည်။

 

“လက်မှတ်ထိုးဖို့ ကျန်နေလို့ပါ” ဟု လေကြောင်းထိန်းသိမ်းရေးတာဝန်ခံက ပျံသန်းရေးအစီအစဉ် ကို လက်ညှိုးထိုးပြရင်း ပြောသည်။

 

အချိန်မဆွဲတော့ဘဲ ရာဇ်ရှောလ်က စာရွက်စာတမ်းပေါ်တွင် ယဉ်ကျေးစွာ လက်မှတ်ထိုးလိုက်ပြီး နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ အယ်လ်အယ်လ် ဗြိတန်းနီးယား (လေယာဉ်ဆီသို့ ပြန်ရောက်လာပြီးနောက် လှေကားထစ်များကို တက်ကာ လေယာဉ်မှူးခန်းထဲတွင် ပြန်ထိုင်လိုက်သည်။

 

“အကုန် အိုကေတယ်” ဟု ဇဗီ တိုဟာ အား ရာဇ်ရှောလ်က ပြောလိုက်သည်။ လေယာဉ်မှူးက မျှော်စင်သို့ ရေဒီယိုဖြင့် ဆက်သွယ်သည်။

 

“ဒါက အယ်လ်အယ်လ်ပါ၊ ထွက်လို့ ရပါပြီလား”

 

“ခွင့်ပြုပါတယ်”

 

ဇဗီ အာဟိုနီ သည် ထိုခဏတာ အချိန် လေးကို သူ့ဘဝတလျှောက်လုံး အမြဲ အမှတ်ရ နေတော့မည် ဖြစ်သည်။ “ကျွန်တော်ကတော့ စိတ်ဒုံးဒုံးချလို့ မရသေးဘူး။ အဲဒီနောက် လေယာဉ် စတင်ရွေ့လျားလာတယ်။ ပြေးလမ်းက ရှင်းနေတယ်။ ပြေးလမ်းအဆုံးမှာ ဗြိတန်းနီးယားလေယာဉ်ကြီး ပျံတက်သွားခဲ့ပါပြီ။ အချိန်က သန်းခေါင်ယံ ကျော်ပြီး လေးမိနစ်ရှိပါပြီ။”

 

အစ္စရေး တို့ အဖို့ လက်စားချေနိုင်မည့် အချိန် ဆိုက်ရောက်လာပြီ ဖြစ်သည်။

 

**********************

 

အခန်း (၁၅)

 

၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်

ဂျေရုဆလမ်၊ အစ္စရေး 

မနက် ၉:၀၀ နာရီ

 

အဒေါ့ အိုက်ခမန် လည်ကွင်း ကြိုးကွင်းစွပ်မည့် အချိန်သည် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။ ယနေ့သည် အင်္ဂါနေ့ဖြစ်ပြီး Passover ပွဲတော်လည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ ဆယ်လကြာမြင့်ခဲ့ပြီး အ သေးစိတ် စစ်ဆေးမေးမြန်းမှုပေါင်း ရာနှင့်ချီ ပြုလုပ်ပြီးနောက်တွင် အိုက်ခမန်းသည် တရားခွင်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူသည် ကျည်ကာမှန်များဖြင့် သုံးဘက်ပတ်ရံထားသော နေရာတွင် ထိုင်နေရသည်။ အစ္စရေးသို့ ရောက်ရှိလာချိန်မှစ၍ အိုက်ခမန်ကို ၂၄ နာရီပတ်လုံး အစောင့်အကြပ်များနှင့် စောင့်ရှောက်ထားခဲ့ရာ သူ၏အကျဉ်းခန်းထဲတွင် ရဲအရာရှိတဦး၊ အခန်းအပြင်ဘက်တွင် ထိုရဲအရာရှိနှင့် အကျဉ်းသား မည်သည့်နည်း နှင့်မျှ အဆက်အသွယ် မလုပ်နိုင်စေရန် သေချာ အောင် စောင့်ကြည်ရန်အတွက် နောက်တဦးကိုပါ အ စောင့်ချထားပေးခဲ့သည်။ ယခုအခါတွင်လည်း ထိုသို့ တင်းကျပ်စွာ စောင့်ကြပ်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

 

လက်နက်မဲ့အစောင့်နှစ်ဦးသည် အိုက်ခမန်ထိုင်နေသော ကျည်ကာမှန် လှောင်အိမ် အတွင်း နှစ်ဖက်စလုံး၌ ရပ်နေကြသည်။ ထပ်ပြီး လုံခြုံစေရန်အတွက် နောက်ထပ်အစောင့်နှစ်ဦးမှာ လက်တကမ်းအကွာအဝေးတွင် အသင့်ရပ်နေကြ၏။ အစောင့်အားလုံးကို ၎င်းတို့၏ ခွန်အား သို့မဟုတ် ကျွမ်းကျင်မှုသက်သက်ကြောင့်သာမက ဟိုကို့စ်ကော့ လူသတ်ပွဲအတွင်း မိသားစုဝင်တဦးတယောက်မျှ ဆုံးရှုံးခဲ့ဖူးခြင်း မရှိသူများ ကိုသာ အထူးရွေးချယ်ထားခြင်း ဖြစ်ပေသည်။

 

တရားခွင်သို့ လာရောက် နားထောင်သူများက တရားသူကြီးများ ရောက်လာမည့် အချိန်ကို စောင့်ရင်း ဆူညံစွာ ပြောဆိုနေကြသည်။ အခန်းထဲရှိ မီးများ လင်းထိန် နေပြီး လေအေး ပေးစက်ကလည်း အားကောင်းလွန်းလှသဖြင့် ကျေနပ်မှု အပြည့် ရှိနေသည်။ ပရိတ်သတ် လွန်စွာ များပြားမည် ဖြစ်၍ အိုက်ခမန်းရဲ့ တရားစီရင်ပွဲကို သာမန်တရားရုံးတွင် လုပ်၍ မရတော့ ဘဲ ဘိတ် ဟာအမ် ဆိုသည့် ကြီးမားကျယ်ပြန့်လှသည့် အစ္စရေးယဉ်ကျေးမှုစင်တာအသစ်တွင် ပြုလုပ် နေခြင်းဖြစ်သည်။ မနေ့ညကအထိ အလုပ်သမားများ ဆောက်လက်စ ကို အပြီးသတ် နိုင်ရန် တက်သုတ် ရိုက် လုပ်နေခဲ့ကြရသည်။

 

ဂျေရုဆလင်မြို့တွင် ရောက်ရှိနေကြသည့် နိုင်ငံတကာ သတင်းထောက် ရာပေါင်းများစွာနှင့် ရက်စက်ကြမ်းကြုတ်လှသည် ထိုပုဂ္ဂိုလ်ကြီးအား ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ရန် ရောက်ရှိလာကြသော ဟိုကိုကောစ်မှ အသက်ရှင် ကျန်ရစ်ခဲ့သူ များကို ဆံ့အောင် လက်ခံနိုင်စွမ်းရှိသည့် တခုတည်းသော အဆောက်အအုံ ဖြစ်ပေသည်။ 

 

ကမ္ဘာကြီးကို တုန်လှုပ်ချောက်ချားစေခဲ့သော သတင်းကြီးများဖြင့် ပြည့်နှက်နေသည့် ယခုနှစ်အတွင်း အိုက်ခမန်းအား ဖမ်းဆီး နိုင်ခဲ့သည့် သတင်းက အားလုံးကို လွှမ်းမိုးသွားခဲ့သသည်။ ဤတရားခွင်သည် နိုင်ငံတကာတွင် လွန်စွာမှ ရေပန်းစား လူပြောများလှသဖြင့် ဤမျှကြီးမားသော ခန်းမကြီးပင်လျှင် နေရာမလောက် ဖြစ်နေရသည်။ တရားခွင်အတွင်းရှိ သတင်းထောက်များအပြင် အခြားသော သတင်းထောက် ရာပေါင်းများစွာကလည်း အနီးနားရှိ အခြားနေရာ နှစ်ခုမှ CCTV ကို ကြည့်ရှုကြမည် ဖြစ်သည်။

 

အစ္စရေးနိုင်ငံသားများထံသို့ တရားခွင်ကို တိုက်ရိုက်ထုတ်လွှင့်ရန် ရုပ်သံကင်မရာများလည်း အသင့်စောင့်ဆိုင်းလျက် ရှိသည်။ ထို့ပြင် နေ့စဉ်ထုတ်လွှင့်မှုများကို အမေရိကန်နိုင်ငံသို့လည်း ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ရုပ်သံလိုင်းများမှ တနိုင်ငံလုံး ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။