The Starfish and Spider (9)

by Hla Soewai - Sep 28 2026

ဓါတ်ပြားကုမ္ပဏီ များနှင့် ပတ်သက် နေသူနီးပါး ငွေကြေးများ ဆုံးရှုံးနေကြရသကဲ့သို့ ဖြစ်‌ နေသည်။ ရှေ့နေများအတွက်မူကား — တရားစွဲဆိုမှုများ ပို၍ပင် များလာသည့် အတွက် ဝင်ငွေလမ်း ဖြောင့်နေသည်။

 

တေးသံသွင်း လုပ်ငန်းကြီးများအတွက်မူ အရာရာတိုင်းသည် မည်သည့် အခါမှ အရင် က အတိုင်း ပြန်ဖြစ်လာတော့မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် အ တော်ဆုံး ရှေ့ နေများထဲတွင် အတော်ဆုံး ဟု ဆိုရမည့် ဗယ်ရီလီ ကို ငှားရမ်းနိုင်ကြသည်။ ထို့ပြင် ၎င်းတို့တွင် ဤပြဿနာကို ဖြေရှင်းရန်အတွက် အသုံးပြုနိုင်သည့် အရင်းအမြစ်များ တောင်လိုပုံ ရှိနေကြသည်။ သို့သော် ကြီးကြီးမားမား အပြောင်းအလဲတော့ ဖြစ်လာတော့မည် မဟုတ်ပေ။ ဂရော့စတာ ကဲ့သို့သော ကုမ္ပဏီများသည် ဉာဏပစ္စည်း မူပိုင်ခွင့်များကို ခိုးယူရန် အားပေးကူညီနေကြသည်။ တရားရုံးချုပ်က အမ်ဂျီအမ် ဘက်မှ တညီတညွတ်တည်း အဆုံးအဖြတ်ပေးခဲ့ခြင်းကလည်း မည်သို့မျှ အထောက်အကူ ဖြစ်လာမည် တော့ မဟုတ်ပေ။

 

ဗဟိုချုပ်ကိုင်မှုမရှိသော ပြိုင်ဘက်တဦးကို သင် တိုက်ခိုက်လေလေ၊ တဘက်က ပိုမိုအားကောင်းလာလေလေ ဖြစ်သည်။ တေးသံသွင်းကုမ္ပဏီများ တွင် နက်စတာ ကို ချေမှုန်းပစ်ရန်နှင့် ကာဇာ ကို ဖျက်ဆီးပစ်ရန် အာဏာ နှင့် အရင်းအမြစ် များ ရှိခဲ့သည်။ သို့သော်လည်း ထိုသို့စစ်ခင်းခြင်းသည် ၎င်းတို့လုပ်ခဲ့မိသမျှထဲတွင် မဟာဗျူဟာမြောက် အဆိုးရွားဆုံး ဆုံးဖြတ်ချက် ဖြစ်လာပြီး လုပ်ငန်းနယ်ပယ်တခုလုံးကို ခြိမ်းခြောက်နေသည့် ကွင်းဆက်များ ဆက်တိုက်ဆိုသလို ထွက်‌ ပေါ် လာစေခဲ့သည်။ 

 

ထိုကဲ့သို့ နက်စတာများနှင့် ကာဇာကဲ့သို့သော ကုမ္ပဏီများကို လိုက်လံနှိမ်နင်းနေချိန်တွင် 'အီမြူးလ်' ကဲ့သို့သော ပရိုဂရမ်ငယ်လေးများ စတင်ပေါ်ထွက်လာကြသည်။

 

ယခုအခါ အမ်ဂျီအမ် (MGM) နှင့် အကျိူးတူ အပေါင်းအပါများသည် ဉာဏ်မရှိကြလို့လည်း မဟုတ်သလို၊ တဦးတည်း လုပ်နေကြခြင်းလည်း မဟုတ်ပေ။ ၎င်းမှာ အမ်ဂျီ အမ်အနေဖြင့် ထွက်ပေါ်လာသော စွမ်းအားသစ်ကို မည်သို့ ရပ်တန့်ရမည် ဆိုသည်ကို အပြည့်အဝ နားမလည်ခဲ့သေး၍သာ ဖြစ်သည်။ ပီတူးပီ ကုမ္ပဏီများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည်မှာ ပင်လယ်ထဲတွင် မျော နေသောရေခဲတောင်၏ ထိပ်ဖျားမျှသာ ရှိသေးသည်။

 

*****************

 

အခန်း (၂)

 

ရေလက်ဝါး၊ ပင့်ကူ နှင့် အင်တာနက်၏ သမ္မတ

 

၁၉၉၅ က ဒေ့ဗ် ဂယ်ရီဆင် တွင် ပြဿနာတခု ရှိနေခဲ့သည်။ သူသည် AOL သို့မဟုတ် Earthlink တို့ကဲ့သို့ အစောပိုင်း အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ (ISP) တခုဖြစ် သော Netcom ၏ CEO အဖြစ် လောလောလပ်လပ် ခန့်အပ်ခံထားရသူ ဖြစ်သည်။ ဒေ့ဗ်၏ ပြဿနာသည်က ၎င်းသည် အင်တာနက်အကြောင်း တလုံးတပါဒမျှ သိမထားခြင်း ပင် ဖြစ်သည်။ နောက်ထပ် ပြဿနာတခုလည်း ရှိ နေပြန်သည်၊ ဤသည်က ထို နည်းပညာသစ်အကြောင်း သူ့ လောက်ပင် နားမလည်ကြသည့် ဘဏ်လုပ်ငန်းရှင်များဆီကနေ ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေ ရှာဖွေပေးရမည့် အရေးပင် ဖြစ်သည်။

 

ဆယ်နှစ်အကြာတွင်တော့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာခရုဇ် ကမ်းခြေတွင် ထိုင် နေရင်း ဒေ့ဗ်က ကျွန်တော်တို့ကို အခုလို ပြန်ပြောပြခဲ့သည်။

 

"တကယ်တော့ ကျွန်တော့်ကို ပါလိုအယ်လ်တို (ဆီလီကွန် ဗယ်လီထဲက) အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တခုကနေ အင်တာနက်လောကထဲ ရောက်အောင် စည်းရုံးခေါ်ယူခဲ့တာပါ။ အဲဒီတုန်းက အင်တာနက်ဆိုတာ ဘာမှန်းတောင် ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ ကုမ္ပဏီက ငွေကြေး ပြတ်လပ်နေပြီဖြစ်လို့ ဒုတိယအကြိမ် ရန်ပုံငွေရှာဖွေဖို့ အများပိုင် ဈေးကွက် ဆီ ပြန်သွားခဲ့ရပါတယ်။ ဒါကြောင့် ရန်ပုံငွေရှာဖွေပွဲတွေဆီ သွားနေတဲ့ကြားထဲက လီမိုဆင်း ကားပေါ်မှာတင် အင်တာနက်အကြောင်းကို ကျွန်တော် စ လေ့လာခဲ့ရတာပါ"

 

၁၉၉၅ ခုနှစ်တွင် အင်တာနက်တစ်ခုလုံး၏ ဗိသုကာလက်ရာပုံစံကို နားလည်ရန် အသာထားဘိဦး "အွန်လိုင်း" ဆိုသည့် ဝေါဟာရကိုပင် သိသူအလွန်နည်းပါးပြီး ဝက်ဘ်စာမျက်နှာများကြားတွင် သွားလာလှုပ်ရှားရန်ပင် (ဘယ်လို "နောက်သို့" ပြန်သွားရမလဲ စသည်ဖြင့်) အခက်အခဲတွေ့နေကြရချိန်လည်း ဖြစ်သည်။

 

 ဒေ့ဗ် တယောက် ပဲရစ်သို့ ရောက်ရှိလာချိန်တွင်မူ လီမိုဆင်းကားပေါ်မှ သင်ယူခဲ့မှု များက သူ့ကို ကျွမ်းကျင်သူတဦးကဲ့သို့ ဖြစ်လာစေခဲ့သည်။ "စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး ကြုံတွေ့ခဲ့ရသည်ကတော့ ပဲရစ်၏ ထိပ်တန်းဟိုတယ် တခုမှာရှိသည့် မီရှလင် စားသောက်ဆိုင်တွင် ဖြစ်သည်ဟု ပြောပြခဲ့သည်။ 

 

"အဲဒီအခန်းထဲမှာ လူသုံးဆယ်လောက် ရှိပါတယ်။ အားလုံး ဝတ်စားဆင်ယင်မှု သပ်ရပ်ကြပြီး တိုးတိုးတိတ်တိတ် စကားပြောနေကြပါတယ် - ဘောင်းဘီတို၊ တီရှပ်တွေ ဝတ်လာတတ်ကြတဲ့ ဒေါ့ကွန် သမား တွေနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်‌ နေပါတယ်။

 

ကျွန်တော့်ကို ကယ်လီဖိုးနီးယားကနေ စူးစမ်းလို စိတ်နဲ့ ရောက်လာတဲ့ အမေရိကန် တယောက်လို မြင်နေကြတယ်လို့ ခံစားရပါတယ်။ ဒီအမေရိကန် လူငယ် ဆီကနေ ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ့် ကွန်ပျူတာစနစ် အကြောင်း ထူးဆန်းအံ့ဩစရာ ပုံပြင်တွေ နားထောင် နေရသလို ဖြစ်‌လာ နေလို့ ကျွန်တော်တို့ အကြပ်အတည်း တွေ့ခဲ့ရပါတယ်။ 

 

ရင်းနှီးမြှုပ်နှံသူတဦးက အင်တာနက်ရဲ့ ဥက္ကဋ္ဌ သို့မဟုတ် သမ္မတက ဘယ်သူလဲလို့ မေးလာတော့ 'အဲဒီမှာ ဥက္ကဋ္ဌဆိုတာ မရှိပါဘူး' ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ဝိုင်းဝန်း ရှင်းပြခဲ့ရပါတယ်။ ဒါဟာ တော်တော်လေး ရယ်စရာကောင်း‌ နေပါတယ်။ ၁၉၉၅ အစောပိုင်းကာလ ဆိုတော့ အင်တာနက်ဆိုတာ အဲဒီအချိန်က အမျိုးအမည်မသိ အရာတခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ 

 

ကျွန်တော်တို့က 'အင်တာနက်ဆိုတာ ဗဟိုချုပ်ကိုင်သူတဦးတည်းရဲ့ လက်အောက်မှာရှိတာမဟုတ်ဘဲ ကွန်ရက်ငယ်တွေ အများကြီး အချင်းချင်း ချိတ်ဆက်ထားတဲ့ ကွန်ရက်များ၏ ကွန်ရက် စနစ်တခုဖြစ်ကြောင်း ရှင်းပြနေရပါတယ်။

 

စတိုးဆိုင်တဆိုင်ရဲ့ ဖောက်သည်တွေအားလုံးဟာ တနေရာတည်းမှာ စုဖွဲ့ပြီး အချက်အလက်တွေကို အချင်းချင်း လွတ်လပ်စွာ မျှဝေနိုင်ကြသလိုမျိုး ဖြစ်လာလို့ အင်တာနက်က လူတွေကြားထဲမှာ ရှိနေတဲ့ သတင်းအချက်အလက်ပိုင်ဆိုင်မှုကို ပြောင်းလဲပစ်နိုင်စွမ်း ရှိလာနေတဲ့ အတွက် အာဏာနဲ့ အခွင့်အာဏာချိန်ခွင်လျှာကို ပြောင်းလဲပစ် တော့ မှာပါလို့ ပြောပြခဲ့ပါတယ်။ 

 

ကျွန်တော်တို့ ဒါတွေကို ချပြတော့ လူတွေက 'ဒီလူတွေက ဘယ်သူတွေလဲ။ "ဒီလူတွေ ဘာတွေပြောနေတာလဲ၊ မူးယစ်ဆေးသုံးထားသလား" ဆိုပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ကြပါတယ်။ ဒါဟာ အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒါက ဘာကိုဆိုလိုတယ်ဆိုတာကို ကျွန်တော်တို့ ကိုယ်တိုင်လည်း အတိအကျ မသိခဲ့ကြလို့ပါပဲ။ ဒါပေမဲ့ အဲဒါက အခြေခံကျတယ် - လူ့အသိုင်းအဝိုင်းတွေကို လုံးဝကွဲပြားခြားနားတဲ့ ပုံစံတမျိုးနဲ့ ချိတ်ဆက်ပေးမယ့် နည်းလမ်းတခု ဆိုတာကိုတော့ ကျွန်တော်တို့ သိခဲ့ကြပါတယ်။

 

ပြင်သစ်ရင်းနှီးမြှုပ်နှံသူများကမူ ဒေ့ဗ်၏ ရှင်းပြချက်များသည် လုံးဝ ကျေနပ်စရာ မရှိဟု ယူဆကြသည်။ အကယ်၍သာ ၎င်းတို့သည် ရှယ်ယာအများ ကို အများပြည်သူထံ ထုတ် ရောင်းရ ဖို့ အတွက် ဆိုက ဤစနစ်သည် ရှုပ်‌ ထွေး မနေဘဲ တစုံတဦးက တာဝန်ယူကွပ်ကဲနေမည့် သဘော ဖြစ်စေချင်ကြသည်။ ၎င်းတို့အနေဖြင့် စပိန်ကိုလိုနီသမား ကော်တက်စ် ကဲ့သို့ ခေါင်းဆောင်မျိုးကို လိုလားနေကြခြင်း ဖြစ်သည်။ အက်ဇတက်ဘုရင် မွန်တဇူမာ လောက်ဆိုလည်း ကျေနပ်ကြပေလိမ့်မည်။

 

သို့သော် ဒေ့ဗ်က ထိုသို့ လုပ်ဆောင် မပေးနိုင်ခဲ့၍ သူနှင့် ရင်းနှီးမြှုပ်နှံသူများသည် ထပ်တလဲလဲ ဆွေးနွေးနေခဲ့ကြသည်။ ဤသဘောတရားမှာ ပြင်သစ်တို့အတွက် အလွန်တရာ မှပင် အစိမ်းသက်သက် ဖြစ်နေခဲ့သည်။ တဖြေးဖြေး ပြင်သစ် တို့ဒေါသထွက်စပြုလာကြသည်။

 

"သူတို့ရဲ့ မေးခွန်းတွေဟာ 'ဗဟိုချက်တခုတော့ ရှိရမယ်၊ ဘုရင်တပါးတော့ ရှိရမယ်၊ ဒါမှမဟုတ် လည်း ဧကရာဇ် တပါးပါး၊ တခုခုတော့ ရှိရမယ်' ဆိုတဲ့ သဘောတရားအပေါ် အခြေခံနေတယ်လို့" ဒေ့ဗ် က ဆိုသည်။ 

 

ကြယ်ငါး ပွင့် ဟိုတယ်တခုထဲက အခန်းတခန်းထဲတွင်တော့ လုပ်ငန်း တွင် အဓိက ရင်းနှီးမြှုပ်နှံကြမည့် လူသုံးဆယ်လောက် ရှိ နေကြသည်။ သူတို့အားလုံး 'ဉာဏ်ရည် ထက်မြက်သည့် လူများ' ဖြစ်ကြသော်လည်း သူ ပြောသည့်သဘောတရားကို လုံးဝ နားမလည် ဖြစ်‌ နေကြသည်။

 

ဒေ့ဗ်က နည်းလမ်း နောက်တမျိုး ပြောင်းသုံးကြည့်လိုက်သည်၊ အင်တာနက်ဆိုတာ ကွန်ရက်တွေ စုပေါင်းထားတဲ့ ကွန်ရက်တခုသာ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 'အဲဒီအချိန်က ကွန်ရက်ပေါင်း သုံးသောင်းကနေ လေးသောင်းအထိ ရှိနေပြီ၊ အားလုံးကလည်း ဆက်သွယ်ရေး ဝန်ထုပ်ဝန်ပိုးကို ဝိုင်းဝန်း မျှဝေခံစားနေကြတယ်လို့ ကျွန်တော် ရှင်းပြခဲ့တယ်။ အဲဒီအခါမှာ သူတို့က 'ဘယ်သူက အမိန့်ပေးဆုံးဖြတ်တာလဲ' လို့ ပြန်မေးကြတယ်။ ကျွန်တော်တို့ကလည်း 'ဘယ်သူမှ မဆုံးဖြတ်ပါဘူး၊ လူတွေ အားလုံး လိုက်နာကျင့်သုံးကြတဲ့ ဘုံစံနှုန်းတစ်ခုပါပဲ၊ ဘယ်သူ့မှာမှ အာဏာရှိပြီး ဆုံးဖြတ်နေတာ မဟုတ်ပါဘူး' လို့ ပြောပြခဲ့တယ်။

 

ဒါပေမဲ့ သူတို့က အဲဒီအတိုင်းပဲ ထပ်ခါထပ်ခါ မေးနေကြတယ် - 'ခင်ဗျား ကျွန်တော်တို့ မေးခွန်းကို နားမလည်ဘူး ဖြစ်နေတယ်၊ ဘာသာပြန်တာ တလွဲဖြစ်နေလို့ ထင်တယ်၊ အင်တာနက်ရဲ့ ဥက္ကဋ္ဌ (သို့မဟုတ်) အကြီးအကဲက ဘယ်သူလဲလို့ မေးနေတာ' တဲ့။ တကယ် ရိုးရိုးသားသားပြောရရင်လေ... ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ရှင်းပြဖို့ အစွမ်းကုန် ကြိုးစားကြည့်ခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့ ခေါင်းထဲ ဝင်သွားအောင် လုံးဝ ရှင်းပြလို့ မရခဲ့ပါဘူး။