ဒုတိယ စစ်ပွဲ
ဘကြီးတော်ဘုရားသည် ဗြိတိသျှတို့၏ အနိုင်အထက်ပြုမှုကို ခံခဲ့ရခြင်းနှင့် ၎င်းတို့ ချမှတ်ခဲ့သော စာချုပ်ကို အလွန်တရာ စက်ဆုပ်ရွံရှာတော်မူခဲ့သည်။ သို့သော် ထိုအရှုံးမှ သင်ခန်းစာယူခြင်း၊ အနောက်တိုင်း သံတမန်ရေးရာ အခြေခံမူများကို လေ့လာခြင်းဖြင့် အမြတ်ထုတ်ရန် ကြိုးပမ်းခြင်း မရှိခဲ့သလို၊ ဥရောပ စစ်ပညာရပ်များကိုပင် အနည်းငယ်မျှ လေ့လာရန် မကြိုးစားခဲ့ပေ။
ယင်းအစား မိမိ၏ ကံဆိုးမိုးမှောင်ကျမှုကိုသာ စိတ်ထဲစွဲလမ်းကာ တွေးတောပူပန်နေခဲ့ပြီး၊ ယခင်ကကဲ့သို့ ရွှင်လန်းပျူငှာတတ်သော အမူအရာများ ပျောက်ကွယ်သွားကာ စိတ်ဓာတ်ကျဆင်း၍ ခါးသီးလာခဲ့သည်။ နှစ်နှစ်တာ စစ်ပွဲနှင့် ဗြိတိသျှတို့အား ပေးဆောင်ရသည့် ကြီးမားလှသော စစ်လျော်ကြေးတို့ကြောင့် တိုင်းပြည်မှာ ဆင်းရဲမွဲတေသွားခဲ့ပြီး၊ ဘုရင့်ဘဏ္ဍာတိုက်မှာလည်း ဒေဝါလီခံရလုနီးနီး ဖြစ်လာခဲ့သည်။ ထို့အပြင် ဘုရင်နှင့် မိသားစုဝင်များ ဝင်ငွေအများအပြား ရရှိခဲ့ရာ ရခိုင်နှင့် တနင်္သာရီဒေသများ ဆုံးရှုံးသွားရခြင်းက နန်းတော်၏ ယခင်က ကြွယ်ဝချမ်းသာမှုနှင့် ခမ်းနားထည်ဝါမှုများကို ကြီးမားစွာ မှေးမှိန် သွားစေခဲ့လေသည်။
၁၈၂၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဗြိတိန် နှင့် ချုပ်ဆိုခဲ့သော ကုန်သွယ်ရေး စာချုပ်သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို အထောက်အကူပြုနိုင်မှု မရှိသ လောက်ပင် ဖြစ်သည်။ ဆန်စပါးမှာ ပြည်သူတို့၏ အဓိကစားသုံးကုန်ဖြစ်ပြီး ထိုအချိန်က ပြည်တွင်း တွင် များများစားစား ပိုလျံခြင်း မရှိသောကြောင့် မြန်မာတို့က လုံးဝတင်ပို့ရန် ငြင်းဆန်ခဲ့သည်။ ထို့အတူ ငွေဒင်္ဂါးများကိုလည်း တင်ပို့ရန် ငြင်းဆန်ခဲ့ကြ သည်၊ အဘယ်ကြောင့်ဆိုသော် လျော်ကြေးငွေ၏ တစိတ်တပိုင်းအဖြစ် ငွေပမာဏကြီးမားစွာ ပေးထားရပြီးဖြစ်သဖြင့် နောင်တွင် ပေးချေရန်အတွက်၎င်း၊ နိုင်ငံတွင်းမှ ငွေကြေးများ ဆက်လက်ယိုစီးထွက်သွားမှုကို တားဆီးရန်အတွက်ကို၎င်းထိန်းသိမ်းထားလိုကြသောကြောင့် ဖြစ်သည်။ ကျွန်းသစ်သည်သာလျှင် အဓိက ကုန်သွယ်ရေး ကုန်စည် ဖြစ်လာခဲ့သည်။
နည်းမျိုးစုံဖြင့် မြန်မာတို့သည် ဗြိတိန်သံအမတ်တဦး နန်းတော်တွင် အခြေစိုက်ခွင့်ရရှိရန်ကိုလည်း တားဆီးခဲ့ကြသည်၊ အကြောင်းမှာ သံအမတ်သည် နိုင်ငံတွင်းရေးရာများကို အလွန်အမင်း သိရှိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ တချိန်တည်းမှာပင် ဗြိတိန်ဘက်သို့ သံအမတ်တဦး စေလွှတ်ရန်ကိုလည်း လုံးဝငြင်းဆန်ခဲ့ကြသည်၊
အကြောင်းမှာ ကာလကတ္တားမြို့သည် စိန့်ဂျိမ်းစ် (လန်ဒန်) နန်းတော် မဟုတ်ဘဲ နယ်ချင်းခြား ကိုလိုနီနယ်မြေ သက်သက်သာ ဖြစ်နေသောကြောင့်တည်း။ ထို့ကြောင့် ငြိမ်းချမ်းရေးစတင်ချိန်မှစ၍ စစ်ဒဏ်ရာများကို ကုစားပေးနိုင်မည့် အကြောင်းခြင်းရာ ဟူ၍ များများစားစား မရှိခဲ့ပေ။
သို့သော် ၁၈၃၀ ပြည့်နှစ်တွင်၊ လစ်ဘရယ် အမြင်ရှိပြီး အမျှော်အမြင် နှင့် ပြည့်စုံသော လော့ဒ် ဝီလျံ ဘန်တစ် ဆိုသူသည် ဘုရင်ခံချုပ် ဖြစ်လာခဲ့သည်။ ၎င်းသည် လူမျိုးခြား များ သိမ်းပိုက်ခံရသူများအပေါ် မကျေမနပ် ဖြစ်နေသည့် မြန်မာ တို့ အပေါ် နားလည်မှု ရှိစွာဖြင့် ဆက်ဆံရေး ပိုမိုပြေလည်စေရန် ကြိုးပမ်းလာခဲ့သည်။ ၎င်းရာထူးစတင်လက်ခံပြီး နှစ်နှစ်အကြာတွင် ဗိုလ်မှူး ဟင်နရီ ဘာနီ သည် ပထမဆုံး ဗြိတိသျှ ဌာနေ ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။
ပညာရှင်တဦးလည်းဖြစ်၊ ဘာသာဗေဒပညာရှင်တဦးလည်းဖြစ်သော ဘာနီ သည် မြန်မာ့ အရေး လေ့လာခဲ့သူ ဖြစ်၍ ဘကြီးတော်မင်းတရားကြီးကိုယ်တိုင် အပါအဝင် နန်းတွင်းသူနန်းတွင်းသားတို့၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သည်။ ထိုစဉ်အတွင်း ဘကြီးတော်မင်း၏ စိတ်ဓာတ်ကျဆင်းမှုဝေဒနာမှာ ပိုမို ဆိုးဝါး လာကာ ရူးသွပ်မတတ် ဖြစ်လာခဲ့ပြီး၊ မိဖုရားကြီးသည် သူမ၏မောင်ဖြစ်သူ မင်းသားကြီးနှင့်အတူ နိုင်ငံတော်၏ အရေးကိစ္စများကို စတင်ချုပ်ကိုင်ကွပ်ကဲလာခဲ့သည်။
"သူတို့ရဲ့ လောဘကြီးပြီး စည်းစိမ်ဥစ္စာကို မက်မောတဲ့သဘောသဘာဝတွေ ကြောင့် တိုင်းပြည်ကို မကျေနပ်ချက်တွေနဲ့ ပျက်စီးခြင်းထဲကို ကျရောက် စေခဲ့ပြီ" ဟု ဘာနီ၏ လက်ထောက်အဖွဲ့ဝင်တဦးဖြစ်သော ဒေါက်တာ ဘေးဖီးလ် က တင်ပြခဲ့သည်။ သို့သော် သူသည် ထိုစစ်ပွဲနှင့် လျော်ကြေးငွေများကြောင့် နိုင်ငံတော် ရင်ဆိုင်ခဲ့ရသော ပြင်းထန်လှသည့် ပျက်စီးဆုံးရှုံးမှုကြီးကိုမူ အနည်းငယ် သတိမမူမိဘဲ ဖြစ်နေပုံရပေသည်။
၁၈၃၇ ခုနှစ်တွင် ဘုရင်၏ညီတော် သာယာဝတီမင်းသားသည် နောက်လိုက် နောက်ပါများ၊ သူခိုးဓားပြများနှင့် စစ်ပြေးစစ်သားဟောင်းများကို စုစည်းကာ ဘကြီးတော် မင်းတရားကို ပုန်ကန်ထကြွကာ နန်းတော်ဆီသို့ ချီတက်လာခဲ့သည်။ အချိန်တိုအတွင်းမှာပင် စိတ်ဓာတ်ကျဆင်းနေကြသော ဘုရင့် တပ်ဖွဲ့များမှာ ခုခံနိုင်ခြင်းမရှိဘဲ ဆုတ်ခွာပေးလိုက်ရသဖြင့် သာယာဝတီမင်းသည် ထီးနန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
အင်္ဂလိပ် ကိုယ်စားလှယ် တော် ဘာနီး က သာယာဝတီမင်းအား နန်းစံရန် အတိုက်အခံပြုနိုင်ခြေရှိသော တော်ဝင်သွေးရင်း မိသားစုဝင်များကို ရိုးရာအစဉ်အလာအတိုင်း ကွပ်မျက်မည့်အရေးကို ဗြိတိသျှ တို့ဘက်မှ လုံးဝမနှစ်မြို့ကြောင်း အသိပေးတားမြစ်ခဲ့သဖြင့် ထိုကဲ့သို့ လူသတ်ပွဲကြီး ဖြစ်မလာအောင် တားဆီး ပေးနိုင်ခဲ့သည်။
သာယာဝတီမင်းသည် ဟင်နရီဘားနီ အား သူလျှိုတစ်ဦးဖြစ်မည်ဟု ယုံကြည်လာခဲ့ပြီး၊ နှစ်ဦးကြား ဆက်ဆံရေးမှာလည်း တင်းမာလာခဲ့သည်။ အထူးသဖြင့် မင်းကြီး၏ ဝန်ကြီးအသစ်များသည် အခြေအနေက မိမိတို့ဘက်တွင် မရှိမှန်းသိလျက်နှင့် ဗြိတိသျှတို့အား နောက်ဆုံးအချိန်အထိ ရင်ဆိုင်တိုက်ခိုက်လိုကြသည့် စစ်ဘက်ဆိုင်ရာ တပ်မှူးဟောင်းများဖြစ်နေခြင်းကလည်း ဤဆက်ဆံရေးတင်းမာမှုကို ပိုမိုဆိုးရွားစေခဲ့ဟန် တူပေသည်။
"ရှင်လျင် ရွှေထီး၊ သေရင် မြေကြီး " ဟု ၎င်းတို့က ကြွေးကြော်ခဲ့ကြသည်။
သာယာဝတီမင်းသည် အကြမ်းဖက်တတ်ပြီး စစ်လိုလားသူတဦးဖြစ်ကြောင်း ဘားနီက ကာလကတ္တားမြို့သို့ တင်ပြခဲ့သည်။
ဗြိတိသျှတို့ထက် ပိုမိုကြီးမားသော လက်နက်ကြီးများ သွန်းလုပ်ရန်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စနစ်တကျ သင်တန်းပေးရန်အတွက် ဆစ်ခ်များ ပန်ဂျပ်တွင် လုပ်ဆောင်ခဲ့သကဲ့သို့ ဥရောပ အမြောက်ကျွမ်းကျင်ပညာရှင်များကို ငှားရမ်းရန် မင်းတရားကြီးက ကြိုးပမ်းခဲ့ခြင်းကပင်လျှင် ဤအချက်အတွက် သက်သေပင် ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စရပ်တွင် အားနည်းချက်ရှိခြင်းက မြန်မာတို့ ရှုံးနိမ့်ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်ဟု သူက ယုံကြည်နေသောကြောင့်တည်း။ ဘာနီး က သာယာဝတီမင်းသည် ရန္တပိုစာချုပ်ကို ဖျက်သိမ်းလိမ့်မည်ဟု ယုံကြည်လာခဲ့ပြီး ၁၈၃၇ ခုနှစ်တွင် အင်္ဂလိပ်ဘုရင်ခံချုပ်အား "မင်းတရားကြီးကို စစ်ကြေညာ၍ ကျိုးကြောင်းဆင်ခြင်မှု ရှိလာအောင် ခြိမ်းခြောက်သင့်သည်" ဟု တိုက်တွန်းခဲ့သည်။
နောက်ဆုံးစစ်ပွဲအတွင်း မြန်မာတို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသော အမေရိကန် သာသနာပြုပုဂ္ဂိုလ် အဒိုနီရမ် ဂျပ်ဆင် သည် မိမိ၏ အကျဉ်းစံဘဝ ဒုက္ခဆင်းရဲများကို ပင် မမှုဘဲ ဗြိတိသျှတို့အား စစ်ပွဲ ဆင်နွှဲကြရန်ပင် တိုက်တွန်းခဲ့သည်။ အကြောင်းမှာ ၎င်းသည် "ခရစ်ယာန်ဘာသာ၏ လူသားဆန်သော အပြုအမူ များ နောင်တချိန်တွင် စတင်လွှမ်းမိုး လာစေရန်အတွက် အကောင်းဆုံးမဟုတ်လျှင်တောင်မှ တခုတည်းသော နည်းလမ်းဖြစ်သောကြောင့်" ဟု ဆိုခဲ့ပေသည်။