နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(52)

by Hla Soewai - Sep 14 2026

တရားလိုဘက်မှ အစိုးရရှေ့နေများ ပြုလုပ်ခဲ့သော ပထမဆုံး အဓိက ဆုံးဖြတ်ချက်ကြီး ကြောင့် ၎င်းတို့၏ အမှုတွဲကို အစပျိုးကတည်းက ပျက်စီးသွားစေခဲ့သည်။ အစိုးရရှေ့နေများသည် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း အခင်း ဖြစ်ပွားရာဒေသဖြစ်သည့် ဆန်တာမော်နီကာ ခရိုင်တွင် အမှုကို တရားစွဲဆိုရမည့်အစား၊ လော့စ်အိန်ဂျလိစ် မြို့လယ်ကို ရွေးချယ်ခဲ့ကြသည်။ 

 

ဤဆုံးဖြတ်ချက်ကြောင့် ဆင်ပဆန် အမှု အတွက်ဂျူရီလူကြီးများ ကို မြို့လယ်ခရိုင်ရှိ လူဖြူမဟုတ်သူများ အများစု နေထိုင်သည့် အစုအဝေး မှ ရွေးချယ်ဖြစ်သွားစေခဲ့သည်။ အကယ်၍ ဆန်တာမော်နီကာခရိုင်တွင်သာ စစ်ဆေးမည်ဆိုပါက ဂျူရီလူကြီးအများစုမှာ လူဖြူများ ဖြစ်လာမည်ဖြစ်သည်။ 

 

အစိုးရရှေ့နေများက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ယုတ္တိတန်၏ မတန်၏ မစဉ်းစားဘဲ ရုံးသွားရုံးပြန် လုပ်ရသည့် ခရီးသွားချိန်ကို လျှော့ချရန်နှင့် မီဒီယာသမားများ ဒုက္ခ ပေးလာမည့် ဒဏ်ကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက်ဟု ရှင်းပြခဲ့ကြသည်။ သို့သော် ဤဆုံးဖြတ်ချက်သည် အခြားအကြောင်းများထက် နိုင်ငံရေးအရ ဆုံးဖြတ်ခဲ့ခြင်း ဆိုသည့် ဖြစ်နိုင်ခြေက ပိုများနေပေသည်။ 

 

ဆန်တာမော်နီကာရှိ လူဖြူဂျူရီလူကြီးများက ပြစ်ဒဏ်ချမှတ်လိုက်မည်ဆိုပါက လူမျိုးရေး ဆန္ဒပြမှုများ သို့မဟုတ် အဓိကရုဏ်းများပင် ပေါ်ပေါက်လာမည်ကို အစိုးရရှေ့နေများနှင့် မြို့တော်အရာရှိများက စိုးရိမ်ခဲ့ကြသည်။ မော်တော်ယာဉ်မောင်း ရော့ဒ်နီကင်း ကို ရိုက်နှက်သည်ဟု စွပ်စွဲခံရသော လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့ဝင်များကို လူဖြူဂျူရီလူကြီးများက တရား သေ လွှတ်ပေးခဲ့ပြီးနောက် လူသေဆုံးသည်အထိ ပြင်းထန်သော အဓိကရုဏ်းကြီးများ ဖြစ်ပွားခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ 

 

ထိုကဲ့သို့သော အခြေ အနေမျိုးကို မည်သူမျှ ထပ်မံမဖြစ်ပွားစေလိုကြပေ။ ဆင်ပဆန် အပေါ် တရားစွဲဆိုထားသည့် ၎င်းတို့၏ အမှုမှာ အလွန်တရာ ခိုင်မာအားကောင်းစွာ တည် ဆောက်ထားသဖြင့် လော့စ်အိန်ဂျလိစ် မြို့လယ်ခရိုင်မှ လူမျိုးစုံပါဝင်သည့် ဂျူရီလူကြီးများပင်လျှင် ပြစ်ဒဏ်ချမှတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိနိုင်တော့ကြောင်း အစိုးရရှေ့နေများက ယုံကြည်ခဲ့ကြသည်။

 

သို့သော် ၎င်းတို့ဖက်က သေဒဏ်ပေးရန် တောင်းဆိုမှုမပြုရန် ရွေးချယ်ခဲ့ကြသည့်အခါတွင် ၎င်းတို့၏ အောင်မြင်နိုင်ခြေ အလားအလာများ အားနည်းသွားစေခဲ့သည်။ သေဒဏ်ပေးသည့် တရားခွင်များတွင် ဂျုရီများကို ဦးစွာပထမ သေဒဏ်ချ မှတ် နိုင်စွမ်း ရှိမရှိ စစ်ဆေးရွေးချယ်ကြသည်။ ဆိုလိုသည်မှာ သေဒဏ်ချမှတ်ရန်နှင့် ပတ်သက်၍ အလွန်အကျွံ စိုးရိမ်ပူပန်မှု သို့မဟုတ် တွန့်ဆုတ်မှုရှိသူ ဂျုရီ လောင်း များကို အဖွဲ့ထဲမှ ဖယ်ထုတ်ပစ်ရခြင်းပင် ဖြစ်သည်။ 

 

လေ့လာချက်များအရ သေဒဏ်အတွက် အရည်အချင်းပြည့်မီသူ ဂျုရီ များသည် ထိုသို့မဟုတ်သူများထက် အပြစ်ရှိကြောင်း ဆုံးဖြတ်ရန် ပို၍ ရာခိုင်နှုန်းများကြသည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် ထိုသို့ ဖယ်ထုတ်ခံရသူများတွင် အာဖရိကန်-အမေရိကန် လူမျိုးများနှင့် အမျိုးသမီးများမှာ အချိုးအစားအရ ပိုများတတ်ကြပြီး၊ ထိုလူအုပ်စုများသည်ပင် အပြစ်ရှိကြောင်း စွဲချက်တင်ရန် စိတ်အား ထက်သန်မှု နည်းပါး နေတတ်ကြသည်။

 

ဇူလိုင်လတွင် ပြုလုပ်ခဲ့သော တရားစွဲဆိုချက်အပေါ် တရားခံအား အပြစ်ရှိမရှိ မေးမြန်းရသည့်အခါ ဆင်ပဆန်က "လုံးဝ ရာခိုင်နှုန်း ပြည့် အပြစ်မရှိပါဘူး၊ တရားသူကြီးမင်း" ဟု ဖြေကြားခဲ့သည်။ ထိုသို့ ထွက်ဆိုချက်ပေးပြီးနောက် ရှေ့နေများနှင့် တရားသူကြီး လန့်စ် အီတို တို့သည် တရားခွင်အတွင်း ကင်မရာများခွင့်ပြုရန် ကိစ္စနှင့် အချို့သော DNA စစ်ဆေးချက် ရလဒ်များကို သက်သေအဖြစ် လက်ခံရန် ကိစ္စ စသည့် အငြင်းပွားဖွယ်ရာ ပြဿနာများနှင့်ပတ်သက်၍ လပေါင်းများစွာ ကြာမြင့်မည့် အထိ ငြင်းခုံ ကြားနာရင်း အချိန်ကုန်ခဲ့ကြသည်။

 

သတင်း ဝေဖန်ရေးသမားတဦးက “လူသတ်မှုတရားခွင်များအနက် စူပါဘိုးလ်ပွဲကဲ့သို့ အကြီးကျယ်ဆုံးတရားခွင်” ဟု ခေါ်ဆိုခဲ့သည့် အဆိုပါတရားခွင်ကြီးကို ၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ 

 

တရားသူကြီး အီတို က သူ၏ အဖွင့်အမှာစကားတွင် “ထူးချွန်ထက်မြက်သည့် ရှေ့နေပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို” တွေ့မြင်ရလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တရားခွင်ရှိ ဂျူရီလူကြီးများ။တွင် အာဖရိကန်-အမေရိကန် လူမျိုး ကိုးဦး၊ ဟစ်စပန်းနစ် (စပိန်စကားပြော) လူမျိုး နှစ်ဦးနှင့် လူဖြူတစ်ဦးတို့ ပါဝင်ခဲ့ပြီး၊ ယင်းမှာ လော့စ်အိန်ဂျလိစ် မြို့လယ်ခေါင်ဒေသ၏ အမျိုးမျိုးကွဲပြားသော ဂျူရီလူကြီး ရွေးချယ်ရေးအုပ်စုမှ ခန့်မှန်းထားသည်ထက်ပင် လူဖြူပါဝင်မှု အလွန်နည်းပါးသော ဂျူရီအဖွဲ့ ဖြစ်လာခဲ့သည်။ 

 

ဂျူရီလူကြီးများတွင် အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၂ ဦးသာ ပါဝင်သည်။ တရားလိုရှေ့နေ မာရှား ကလပ် သည် အာဖရိကန်-အမေရိကန် အမျိုးသမီးများကို ဂျူရီအဖွဲ့ထဲတွင် မထည့်ရန် သတိပေးခဲ့ကြသည့် ဂျူရီဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များကို လျစ်လျူရှုခဲ့သည်။ သူမက ထိုလူမျိုးစုနှင့်ပတ်သက်လာလျှင် အမြဲတမ်း အဆင်ပြေ စွာ ကိုင်တွယ် နိုင်လိမ့်မည်ဟု တယူသန် စွဲကိုင်ခဲ့သည်။ ဂျူရီအဖွဲ့ဝင်များသည် ပညာရေးအဆင့်အတန်း မြင့်မားသူများ မဟုတ်ကြဘဲ ကောလိပ်ဘွဲ့ရ နှစ်ဦးသာ ပါဝင်ခဲ့သည်။

 

ခရစ်စတိုဖာ ဒါဒန် က တရားလိုဘက်မှ အစပျိုး လျှောက်လဲခဲ့သည်။ သူ၏ အဖွင့်လျှောက်လဲချက်တွင် ဆင်မ်ဆန်သည် နီကိုးလ် ဘရောင်း ဆင်ပဆန် အပေါ် အနိုင်ကျင့်စော်ကားတတ်ယုံမက၊ မနာလိုဝန်တိုတတ်သည့် ခင်ပွန်း တဦးဖြစ်ကြောင်း ဖော်ပြပြောဆိုခဲ့သည်။ "သူ မပိုင်ဆိုင်နိုင်တော့ဘူးဆိုရင် ဘယ်သူ့ကိုမှလည်း ပိုင်ဆိုင်ခွင့်မပေးချင်တော့ဘူး သဘောပင် ဖြစ်သည်" ဟု ဒါဒန်က ဂျုရီများကို ပြောခဲ့သည်။

 

ဒါဒန်၏နောက်တွင် မာရှား ကလပ် က ဆင်ပဆန်၏ အပြစ်ရှိမှုကို သက်သေပြနိုင်မည့် အချက်အလက်များကို ချပြရှင်းလင်းခဲ့သည်။ တရားခံဘက်မှ ဂျွန်နီ ကော့ခ်ရန် က သူ၏ အဖွင့်လျှောက်လဲချက်တွင် အခင်း ဖြစ်ခဲ့သည့် အချိန်ဇယားတခုကို တင်ပြခဲ့ပြီး၊ အကယ်၍သာ ထို အတိုင်းမှန်ကန်ခဲ့မည်ဆိုပါက ဆင်ပဆန် အနေဖြင့် လူနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းမှ လုံးဝနီးပါး မဖြစ်နိုင်စရာဟု ယူဆစရာ ဖြစ်လာသည်။

 

ထို့အပြင် သူက ဆင်ပဆန် သည် အဆစ်အမြစ်ရောင်ရောဂါကြောင့် အလွန်အမင်း အခက်တွေ့ နေသူ ဖြစ်သဖြင့် ထိုသို့ကျူး လွန် နိုင်လောက်သည့် ရုပ်ပိုင်းဆိုင်ရာ အင်အားမရှိတော့ကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။ နောက်ဆုံးတွင် ကော့ခ်ရန်က တရားစွဲဆိုထားသည့် သက်သေအထောက်အထားများမှာ "မူလ ပုံစံမှ ပျက်ယွင်းသွားခဲ့၍၊ ယုံကြည် စိတ်ချ နိုင်စရာ မရှိတော့ ကြောင်း၊ နှင့် နောက်ဆုံးတွင် လုံးဝ ပျက်စီးသွားခဲ့သည့် အခြေ ဆိုက်သွားခဲ့သည်" ဆိုသည်ကို မိမိတို့ဘက်မှ တင်ပြသွားမည်ဖြစ်ကြောင်း ဂျုရီ များကို ပြောကြားခဲ့သည်။

 

နောက်ထပ် ၉၉ ရက်ကြာမြင့်မည့် တရားခွင်ကာလအတွင်း တရားလိုဘက်မှ သက်သေပေါင်း ၇၂ ဦးကို တင်ပြခဲ့သည်။ သက်သေများအနက် ပထမအဖွဲ့က ဆင်မ်ပဆင်တွင် လူသတ်ရန် ရည်ရွယ်ချက်နှင့် အခွင့်အရေး ရှိခဲ့ကြောင်း ညွှန်ပြခဲ့ပြီး၊ ဒုတိယ အဖွဲ့ကမူ ဆင်မ်ပဆင်သည် ၎င်း၏ ဇနီးဟောင်းနှင့် ရိုနယ်လ် ဂိုလ်း မန်တို့ကို သတ်ဖြတ်ရန်အတွက် ထိုအခွင့်အရေးကို အမှန်တကယ် အသုံးချခဲ့ကြောင်း ထွက်ဆို ခဲ့ကြသည်။

 

ရည်ရွယ်ချက်နှင့်ပတ်သက်၍ ထွက်ဆိုကြသည့် သက်သေများတွင် နီကိုးလ် သို့မဟုတ် အိုဂျေတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများအပြင် 911 ခေါ်ဆိုမှု ကို လက်ခံ ခဲ့သူ တဦးလည်း ပါဝင်သည်။ နီကိုးလ်၏ အစ်မဖြစ်သူ ဒင်းနစ်ဘရောင်း က လူသတ်မှုဖြစ်ပွားသည့်နေ့တွင် သူမ သမီးဖြစ်သူ၏ အကပြပွဲ၌ အိုဂျေကို တွေ့ရှိခဲ့ရပုံကို ပြောပြခဲ့သည်။

 

သူမ၏ ထွက်ဆိုချက်အရ ဆင်မ်ပဆင်သည် "ကြောက်စရာကောင်းလောက်အောင်" နှင့် "ရူးသွပ်နေသူတဦး" ကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။ သူမ၊ နီကိုးလ်နှင့် အခြားသူငယ်ချင်းများ တက်ရောက်ခဲ့သည့် ညစာစားပွဲတစ်ခုအကြောင်းကိုလည်း သူမက ပြောပြခဲ့ရာ၊ ထိုပွဲတွင် အိုဂျေက နီကိုးလ်၏ ပေါင်ကြားကို ဆွဲကိုင်ကာ "ဒီနေရာကနေ ကလေးတွေ ထွက်လာတာ၊ ဒါ ငါ့ပိုင်ဆိုင်မှုပဲ" ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

 

ထို့အပြင် ဒေါသထွက်နေသော ဆင်မ်ပဆင်က သူမ၏ ညီမဖြစ်သူကို ဆွဲကာ နံရံ နှင့် ခေါင်းနှင့် ဆောင့် ခဲ့သည့် ဖြစ်ရပ်ကိုလည်း မျက်ရည် အရွှဲသား နှင့် ထွက်ဆိုသွားခဲ့ပေသည်။