အိုက်ခမန်း ကို ခေါ်ဆောင်လာသော ဆီဒန် ကား လေးသည် လေဆိပ်သို့ ဦးတည် မောင်းနှင်လာစဉ် မှာပင် ဗျုနို အေရိစ် မြို့လယ် ရှိ အင်တာနေရှင်နယ် ဟိုတယ် အပြင်ဘက်တွင် အယ်လ်အယ် (El Al) လေကြောင်းလိုင်း၏ ကျန်ရှိသော လေယာဉ်မှူးနှင့် လေယာဉ်မယ်များသည် ကြိုပို့ ဘတ်စ်ကားငယ်တစီးပေါ်သို့ တက်ရောက် နေကြသည်။ လေဆိပ်သို့ ၎င်းတို့ ရောက်လာမည့် အချိန်သည် အိုက်ခ်မန် ပါလာမည့် ကား ရောက်လာချိန်နှင့် တချိန်တည်းလိုလို ဖြစ်နေရမည် ဖြစ်သည်။
အယ်လ်အယ် (El Al) ယူနီဖောင်းဝတ်ဆင်ထားသည့် အထူးခရီးသည်တဦးသည် ယခုညတွင် ၎င်းတို့နှင့်အတူ လိုက်ပါမည်ဖြစ်ကြောင်း လေယာဉ်အဖွဲ့သားများအား မနက်ကတည်းက အကြောင်းကြားခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အား ဘယ်သူဘယ်ဝါဟု ပြောခဲ့ခြင်း မရှိသော်လည်း အဆိုပါပုဂ္ဂိုလ်မှာ "နိုင်ငံအတွက် လွန်စွာအရေးပါသော" လူတဦးဖြစ်ကြောင်းသာ ပြောထားခဲ့သည်။
အီဆာ ဟာရယ် ၏ အဆိုအရ လေယာဉ်အဖွဲ့သားများသည် "အံ့အားသင့်သွားခဲ့ကြသော်လည်း" လုံးဝကြီး အံ့သြသွားခြင်းတော့ မဟုတ်ပေ။ ဤလေယာဉ်ခရီးစဉ် စီစဉ်မှုနှင့်အတူ ထူးဆန်းသော ဖြစ်ရပ်များစွာ ဖြစ်ပွား နေခဲ့သောကြောင့်လည်း ဖြစ်သည်။
အပြန်ခရီးစဉ်သည် အလာတွင် ပြဿနာ ဖြစ်ခဲ့သည့် ဘရာဇီးနိုင်ငံ ရယ်စီဖေး မြို့ကို ဖြတ်သန်းသွားမည် မဟုတ်ပေ။ ယင်းအစား၊ မိုင်နှုန်းအကွာအဝေးမှာ ဗြိတန်နီးယား လေယာဉ်၏ သွားနိုင်သည့် လောင်စာဆီ ပမာဏ ထက် အနည်းငယ် ကျော်လွန်နေသော်လည်း၊ လေယာဉ်လမ်းကြောင်းသည် အတ္တလန်တစ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ ဆီနီဂေါ နိုင်ငံရှိ ဒါကာ မြို့ဆီသို့ ချက်ချင်း ဦးတည်ပျံသန်းမည် ဖြစ်သည်။ လေယာဉ်မှူးများသည် မည်သည့် အနှောင့်အယှက် အန္တရာယ်မှ မရှိဘဲ အတ္တလန်တစ်ကို ဖြတ်ကျော်နိုင်ရန်အတွက် အသင့်အတင့် တိုက်ခတ်လာမည့် လေစုန် ၏ အကူအညီကို ရယူရန် လိုအပ်မည်ဖြစ်သည်။ အစ္စရေး အယ်လ်အယ်လ် (El Al) လေကြောင်းလိုင်း၏ ဝါရင့်ဝန်ထမ်းများသည် ဤကဲ့သို့သော သေးငယ်သည့် ပုံမှန် မဟုတ်သည်များကိုပင် ကိုင်တွယ် နိုင်စွမ်း ရှိကြသည့် ဝါရင့် ဝန်ထမ်းများ လည်း ဖြစ်ကြသည်။
အီဆာ ဟာရယ် သည် ဝန်ထမ်းများစားသောက်ဆိုင်ခန်းထဲတွင် ထိုင်နေဆဲပင် ဖြစ်သည်။ သူသည် ဂျိုးဇက် မန်ဂယ်လီ ကို ရှာဖွေရန် တာဝန်ပေးထား သော အဖွဲ့၏ ခေါင်းဆောင်နှစ်ဦး လူအုပ်ကြားထဲမှ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ဟာရယ်၏ အဖွဲ့ထဲမှ အများစုကမူ အိုက်ခ်မန်း စစ်ဆင်ရေး အတော် လေး နောက်ကျ နေလျက်က မန််ဂယ်လိ အား ဖမ်းဆီးရန် ကြိုးပမ်းခြင်းသည် လောဘ ကြီးလွန်းလှယုံမက အန္တရာယ်များလှသည်ဟု ယူဆခဲ့ကြသည်။
"ကျွန်တော့်လက်ထဲမှာ ငှက်တကောင် ရှိနေပြီဆိုရင်၊ ချုံပုတ်ထဲက ငှက်ကို လိုက်မရှာတော့ဘူး" ဟု အေး ဂျင့်တစ်ဦးက ဟာရယ်အား သတိပေးခဲ့ဖူးသည်။ "ကျွန်တော့်လက်ထဲက ငှက်ကို ယူမယ်၊ လှောင်အိမ်ထဲ ထည့်မယ်၊ ပြီးမှ ချုံပုတ်ထဲက ကောင်ကို ဆက်ဖမ်းမယ်။"
သို့သော် မော့ဆက် ညွှန်ကြားရေးမှူးကမူ အိုက်ခ်မန်းကို အစ္စရေးနိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ပို့ဆောင်နိုင်သည့် သတင်းကြားရပါက မန်ဂယ်လီသည် ထိတ်လန့်ခြောက်ခြားပြီး လုံခြုံသည်ထက် လုံခြုံ အောင် ပုန်းအောင်းသွားလိမ့်မည်ဟု အပြည့်အဝ ယုံကြည်နေသည်။ နာဇီဆရာဝန် မန်ဂယ်လီ သည် မော့ဆက်အဖွဲ့ အိုက်ခ်မန်းကို ဖမ်းဆီးရန် ရောက်ရှိလာသည့် အချိန်တွင် ဗျူနို အေရိစ် သို့ ပြန်ရောက်ရှိလာခြင်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် တိုက်ဆိုင်မှုတခုပင် ဖြစ်ပေသည်။ ဟာရယ်သည် ထို အခွင့်အရေးမျိုးသည် နောက်တကြိမ် ထပ်ကြုံရချင်မှ ကြုံရပေတော့မည်ဆိုကာ မန်ဂယ်လီကို တခါတည်း အမိ ဖမ်းချင် နေသည်။
သို့သော် ဟာရယ် တညလုံး လျှို့ဝှက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည့် စားပွဲဝိုင်းငယ်လေးတွင် အေးဂျင့် နှစ်ဦး ဝင်ထိုင်လိုက်သည်နှင့် တပြိုင်နက် တစုံတရာ မှားယွင်းနေပြီဖြစ်ကြောင်း သူ ချက်ချင်း ရိပ်မိလိုက်သည်။ နှစ်ဦးစလုံး နာရီပေါင်းများစွာ နောက်ကျပြီး မှ ရောက်လာကြသူများ ဖြစ်သည်။ ၎င်းတို့ လုပ်ရမည့် အလုပ်ကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့သည့် အမူအရာမျိုး လုံးဝ မ တွေ့ရ။ ထိုအစား ပင်ပန်းနွမ်းနယ်ကာ အရေးနိမ့်လာသည့် အမူအရာများသာ ၎င်းတို့၏ မျက်နှာတွင် အထင်းသား ပေါ်လွင် နေသည်။
အစောပိုင်းက ထို အေးဂျင့်များသည် မန်ဂယ်လီ ၏ တည်နေရာအတိအကျ သိရှိထားသော နေအိမ်သို့ ပုံစံ နှစ်မျိုးဖြင့် ချဉ်းကပ်ခဲ့ကြသည်။ တကြိမ် တွင် ပစ္စည်းပို့သူအဖြစ်ဟန်ဆောင်၍ဖြစ်ပြီး၊ နောက်တစ်ကြိမ်မှာ ရေပူစက်သွားပြင်ပေးမည့် စက်ပြင်သမား အယောင်ဆောင်ကာ အိမ်ထဲသို့ ဝင်ခွင့်တောင်းရန် ဖြစ်သည်။ အေးဂျင့် နှစ်ဦးစလုံးက ပြန်၍ တင်ပြလာကြရာတွင် - အိမ်တံခါးကို အမျိူးသမီး တဦးက လာဖွင့်ခဲ့သည်။ သူမသည် သိသာထင်ရှားသော ဂျာမန်လေယူလေသိမ်း မပါဘဲ အင်္ဂလိပ်ဘာသာဖြင့် စကားပြောဆိုခဲ့သည်။ အမှန်စင်စစ် သူမသည် စပိန်ဘာသာစကားပင် မပြောတတ်ဘဲ အခြားမည်သည့်ဘာသာစကားကိုမျှ မပြောတတ်ဟု ဆိုသည်။
ထိုအမျိုးသမီးသည် ရိုးသားပုံရပြီး သူမ၏အမည်ကို ပင် ပြောရန် ဝန်မလေးဘဲ ဗြူနိုအေးရိစ် သို့ ပြောင်းရွှေ့လာသည် မှာ မကြာ သေးကြောင်း၊ ဒီအိမ်ကို မကြာသေးမီကမှ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်ပိုင်ရှင် မည်သည့်နေရာသို့ ရောက်သွားသည်ကို လုံးဝမသိရှိကြောင်း မော့ဆက် အေးဂျင့်များကို ရှင်းပြခဲ့သည်။ ထို့အပြင် သူမ၏ ရေပူစက်မှာ မည်သည့်ချို့ယွင်းချက်မျှ မရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့အား အိမ်ထဲသို့ ဝင်ခွင့်ပေးစရာ အကြောင်းမရှိကြောင်း ပြောဆိုခဲ့သည်။
အေးဂျင့်များက သူမ၏ပြောစကား မှန်ကန်မှုရှိမရှိ စစ်ဆေးရန်အတွက် ရိပ်ဖမ်းသံဖမ်း မေးခွန်းများမေးမြန်းကာ ဆက်လက် ပြောဆိုခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့ နှစ်ဦးစလုံးက ထိုအမျိုးသမီး ပြောပြနေသည်မှာ အမှန် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် မော့ဆက်အေးဂျင့်များသည် အီဆာ ဟာရယ် ရှိရာ ရောက်လာကြပြီး မင်ဂယ်လီ ခေါ် "သေမင်းတမန်တော်" မှာ စုံးစုံး မြုပ် သွားပြီဖြစ်ကြောင်း တင်ပြခဲ့ကြခြင်း ဖြစ်သည်။ ဤစစ်ဆင်ရေးတွင် လူနှစ်ဦးကို တပြိုင်နက် ပြန်ပေးဆွဲနိုင်တော့မည် မဟုတ်သည်ကာ သေချာသွားခဲ့ပြီ ဖြစ်သည်။
ကလော့စ် အိုက်ခ်မန်းနှင့် သူ၏ ညီငယ် ဒီတာ တို့သည် ၎င်းတို့၏ ဖခင်ကို ပြန်ပေးဆွဲသွားသူများကို ရှာဖွေရန် ဗျုန်ို အေရိစ် အိုင်းရပ်စ် မြို့လမ်းမများပေါ်တွင် ယခုတိုင် လှည့်လည်သွားလာနေဆဲပင် ဖြစ်သည်။ ၎င်းတို့၏ မဟာမိတ်ဖြစ်သော တကူရာ အဖွဲ့ဝင်များသည်လည်း မီးရထားဘူဆိပ်များ၊ ဆိပ်ကမ်းများနှင့် လေဆိပ်တို့ကို အနီးကပ် စောင့်ကြည့်နေကြသော်လည်း စိတ်မရှည် ဖြစ်လာကြသည်။
တကူရာတို့က အဒေါ့ဖ် အိုက်ခမန်းကို ပြန်လွှတ်ပေးသည်အထိ အာဂျင်တီးနားနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးကို ဓားစာခံအဖြစ် ဖမ်းဆီးထားရန် ကြံစည်လာသည် အထိ အစွန်းရောက် လာခဲ့ကြသည်။ အိုက်ခမန်း ညီအစ်ကိုနှစ်ဦးက ယခုလို အချိန်အခါမျိုးတွင်မူ ထိုသို့သောလုပ်ရပ်မှာ အလွန်အမင်း အစွန်းရောက်လွန်းသည်ဟု ယူဆခဲ့ကြသော်လည်း၊ အဆုံးတွင်မူ ၎င်းတို့၌ အခြားရွေးချယ်စရာ လုံးဝ ကျန်တော့မည် မဟုတ်ပေ။
*************