တီယန်မင်း အလွန် ဉာဏအခြေခံများ
ဉာဏပိုင်းဆိုင်ရာအရ တီယန်မင်း အလွန်ခေတ်ကာလတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ရှင်သန်ရပ်တည်ရေး မဟာဗျူဟာသည် အဓိကအားဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များမှ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အာဏာရှင်စနစ်အောက်ရှိ အရှေ့အာရှနိုင်ငံများ (အထူးသဖြင့် တောင်ကိုရီးယား၊ တိုင်ဝမ်နှင့် စင်ကာပူ) ၏ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများမှ၎င်း၊၊ ဆိုဗီယက်ပြိုလဲသွားပြီးနောက် ဆိုဗီယက်အစိုးရ ပျက်ရခြင်း၏ အကြောင်းရင်းများကို ၎င်းတို့ဘာသာ ကောက်ချက်ချသုံးသပ်ချက်များမှ၎င်း အခြေခံပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။
စျေးကွက်လိုလားသော ပြုပြင်ပြောင်းလဲမှုများ၊ အနောက်တိုင်းဦးဆောင်သည့် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ပေါင်းစည်းခြင်းနှင့် အာဏာရှင်စနစ်တို့ကို ပေါင်းစပ်ထားသော "ခေတ်သစ် အာဏာရှင်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်ရေးဝါဒ" သည် တိန့် ရှောင်ဖိန် ၏ စီးပွားရေးခေတ်မီအောင် ပြုလုပ်ရေး မဟာဗျူဟာ၏ အနှစ်သာရကို အကောင်းဆုံး ဖော်ပြနေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးလက်ဝါးကြီးအုပ်မှုကို ဆက်လက်ထိန်းသိမ်းရန် (သူ့၏ "အခြေခံမူလေးရပ်" အထဲမှ အရေးအကြီးဆုံးဖြစ်သည်) နှစ်ရပ်စလုံးကို အလေးပေးဖော်ပြခဲ့သော သူ၏ မိန့်ခွန်းများက ညွှန်ပြနေသည့်အတိုင်း နီယို-အာဏာရှင်ဆန်သော ဖွံ့ဖြိုးတိုးတက်ရေးဝါဒကို လူသိရှင်ကြား မိန့်ခွန်းများတွင် တကြိမ်တခါမျှ ထုတ်သုံးခဲ့ခြင်းမရှိသော်လည်း အစပိုင်းကတည်းကပင် တိန့် ရှောင် ဖိန်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ၏ အတွေးအခေါ်ဆိုင်ရာ စိတ်ကူးစိတ်သန်းပင် ဖြစ်ခဲ့သည်။
တိန့် ရှောင်ဖိန် က ဤသဘောတရားကို လက်ခံကျင့်သုံးခဲ့ကြောင်း ဆိုသည့် ယုံကြည်စိတ်ချရသည့် တခုတည်းသော သက်သေအထောက်အထားကို ကျောက်ကျိယန် ထံမှ ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် အစည်းအဝေးတခုတွင် တိန့် ရှောင်ဖိန် က သူ့အား "နီယို-အာဏာရှင်ဝါဒ" ဆိုသည်မှာ (ခေါင်းဆောင်တစ်ဦး၏ အုပ်ချုပ်မှုအောက် တည်ငြိမ်သော ပတ်ဝန်းကျင်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်) "ကျုပ် ရဲ့ ရပ်တည်ချက်လည်း ဖြစ်တယ်၊ ဒါပေမဲ့ အဲဒီလို ပုံစံမျိုးနဲ့ အတိအကျ ပုံဖော်ပြောဆိုနေဖို့တော့ မလိုပါဘူး" ဟု မှတ်ချက်ပေးပြောကြားခဲ့ဖူးကြောင်း ဆိုထားသည်။
အမှန်စင်စစ် ၁၉၈၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တတ်သိပညာရှင်အသိုင်းအဝိုင်း၌ "နီ ယို-အာဏာရှင်စနစ်"ဟူသော သဘောတရားမှာ အကောင်းဆုံးရှေ့ဆက်မည့်လမ်းကြောင်း အဖြစ် ရေပန်းစားသော အကြောင်းအရာတခု ဖြစ်လာခဲ့သည်။ ထိုစဉ်က နီယို-အာဏာရှင်စနစ်ကို ထောက်ခံအားပေးသူများ၏နောက်ကွယ်တွင် ရှေးရိုး ဝါဒစွဲသမားများ ပါ ရှိနေကြောင်း ဖော်ပြသည့် အထောက်အားတစုံတရာ မရှိသော်လည်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရပ်တည်လာသော အာဏာရှင်စနစ် အဖြစ် ဆွဲဆောင်မှု ရှိလာခဲ့ပြီး ၎င်းကိုထောက်ခံသူများက လစ်ဘရယ်နိုင်ငံရေးစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုပုံစံအစား အခြားရွေးချယ်စရာတခုအဖြစ် ရှုမြင်ခဲ့ကြသည်။ သာဓကများအနေဖြင့် နီယို-အာဏာရှင်စနစ်ကို ဦးဆောင်ဦးရွက် ပြုလုပ် နေသူများ ထံမှ ၎င်းတို့ အတွက် အထောက်အကူပြုသည့် ခိုင်လုံသောဥပမာများကို တွေ့ရှိခဲ့ကြသည်။
တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူနှင့် အတိုင်းအတာတခုအထိ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် ပင် သိသာ ထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို ရရှိခဲ့ကြသည်။ အာဏာရှင်အုပ်ချုပ်ရေး ကြောင့် ထိုကဲ့သို့သော စီးပွားရေးအောင်မြင်မှုကို ဖြစ်ပေါ်စေခဲ့သည်ဟု တရားဝင်ဖော်ပြထားသော ပညာရပ်ဆိုင်ရာ သုတေသနပြုချက် တစုံတရာ မရှိသော်လည်း၊ အာဏာရှင်စနစ်နှင့် လျင်မြန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အကြား ဆက်စပ်မှုမှာ အလိုလို သိသာထင်ရှားနေပေသည်။
၁၉၈၇ မှ ၁၉၈၈ အတွင်း တတ်သိ ပညာရှင်အသိုင်းအဝိုင်းဟူ၍ ထွက်ပေါ် မလာမီကပင် နီယို-အာဏာရှင်စနစ်သည် တိန့်ရှောင်ဖိန် ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ၏ လမ်းညွှန် ဖြစ်ခဲ့သော်လည်း၊ အဓိကအားဖြင့် စိတ်မာခက်ထန် သော ဝါဒစွဲသမားများနှင့် ဒုတိယအချက်အနေဖြင့် လစ်ဘရယ်ဝါဒီများ၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် တိန့်ရှောင်ဖိန်အနေဖြင့် ဤအမြင်ကို မူဝါဒအဖြစ်သို့ အလုံးစုံ ချပြနိုင်ရေးတွင် ကြီးမားသောအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
ချန်ယွန်း ဦးဆောင်သော ရှေးရိုး ဝါဒစွဲသမားများသည် တရုတ်စီးပွားရေးကို လွတ်လပ်ခွင့် ပေးရန် တိန့်ရှောင်ဖိန်၏ ကြိုးပမ်းချက်များကို အခိုင်အမာ ဆန့်ကျင်ခဲ့ကြပြီး၊ လစ်ဘရယ်ဝါဒီများကမူ စီးပွားရေးမူဝါဒတွင် တိန့်ရှောင်ဖိန်ကို ထောက်ခံခဲ့ကြသော်လည်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။ ၁၉၈၉ ခုနှစ်၊ တီယန်မင် အကြမ်းဖက်ဖြိုခွဲမှုအပြီးတွင် လစ်ဘရယ်ဝါဒီများမှာ နိုင်ငံရေးအင်အားစု တခုအနေဖြင့် ပြိုလဲပျက်စီးသွားခဲ့ရပြီး တိန့်ရှောင်ဖိန်၏ နီယို-အာဏာရှင်စနစ်ဆိုင်ရာ အမြင်အတွက် အတားအဆီးတခုကို ဖယ်ရှားပေးခဲ့သည်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြိုလဲသွားပြီးနောက်တွင် တပါတီအုပ်ချုပ်မှုကို ဆက်လက်ရှင်သန်စေရန် အရင်းရှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အမှီပြုမည့် ရှင်သန်ရပ်တည်ရေးဗျူဟာကို ရှေးရိုးဝါဒစွဲသမားများက ဆန့်ကျင်လိုစိတ် ကုန်ခမ်းသွားခဲ့ကြသည်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုသည် တိန်ရှောင်ဖိန် ၏ အာဏာရှင်ဆန်ဆန် ခေတ်မီရေး မဟာဗျူဟာကို အားဖြည့်ပေးရုံသာမက တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ရှင်သန်ရပ်တည်ရေး မဟာဗျူဟာကိုပါ အရေးပါသော နည်းလမ်းများစွာဖြင့် အသိပေးလမ်းပြပေးခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် တရုတ်ခေါင်းဆောင်ပိုင်းသည် ဆိုဗီယက် ပြိုကွဲရသည့် အကြောင်းရင်းများကို စူးစမ်းလေ့လာရန်အတွက် နိုင်ငံအတွင်းရှိ လူမှုရေးသိပ္ပံပညာရှင်များကို လေ့လာမှုများစွာ ပြုလုပ်ရန် တာဝန်ပေးအပ်ခဲ့သည်။
ယူဆထားခဲ့သည့် အတိုင်းပင် ထို လေ့လာမှုများမှ အလွန်ကွဲပြားပြီး ဆန့်ကျင်ဘက်ဖြစ်သော ကောက်ချက်များ ထွက်ပေါ် လာခဲ့သည်။ ယေဘုယျအားဖြင့် လစ်ဘရယ် ပညာရှင်များက ထိရောက်မှုမရှိသော စီးပွားရေးစနစ်၊ နယ်ချဲ့ဆန်ဆန် အလွန်အကျွံ ဩဇာ ကျင့်သုံးမှု၊ အကျင့်ပျက်ခြစားမှုနှင့် ဆိုဗီယက်အစိုးရ၏ အလျော့အတင်း မရှိ အုပ်ချုပ်ခဲ့မှု တို့အပေါ် အပြစ်တင်ခဲ့ကြသော်လည်း၊ ရှေးရိုးစွဲ ပညာရှင်များကမူ ဆိုဗီယက်ပြိုကွဲရခြင်းမှာ အဓိကအားဖြင့်မီ ခေး ဂေါ်ဗာချော့ဗ် ၏ ဂလာ့စနော့ (Glasnost - ပွင့်လင်းမြင်သာမှု) နှင့် ပီရီစထရိုယီကာ (Perestroika - ပြုပြင်ပြောင်းလဲရေး) ဝါဒများကြောင့်သာမက အနောက်နိုင်ငံများ ထောက်ခံအားပေးခဲ့သော "ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး" ကြောင့် ဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။
ဆိုဗီယက်ပြိုကွဲမှုနှင့် ပတ်သက်သည့် ရှေးရိုးစွဲဝါဒီတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ဘီဂျင်း အစိုးရ၏ နှုတ်ငုံ ဆောင်လာသည့် ဇာတ်ကြောင်း ဖြစ်လာခဲ့ပြီး၊ တီယန်မင် အရေးအခင်းအပြီး ကာလများတွင် ပြည်တွင်းဆန္ဒပြမှုများကို နှိမ်နင်းရန်နှင့် အနောက်နိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို ကာကွယ်ရန် တရုတ်ကွန်မြူနစ်ပါတီ၏ မဟာဗျူဟာအပေါ် လွှမ်းမိုးမှု ရှိခဲ့သည်။
သို့သော် လစ်ဘရယ် ပညာရှင်များ ထုတ်ဖော်ခဲ့သော ကောက်ချက်နှစ်ရပ်ဖြစ်သည့် ဆိုဗီယက်အစိုးရ၏ စီးပွားရေးကို ပြုပြင်ပြောင်းလဲရန် ပျက်ကွက်မှုနှင့် နယ်ချဲ့ဆန်ဆန် ဩဇာလွန်ကဲမှုတို့သည် ဤကာလအတွင်း ပါတီ၏ ရှင်သန်ရပ်တည်ရေး မဟာဗျူဟာအပေါ် လွန်စွာလေးနက်သော သက်ရောက်မှုများ ရှိခဲ့သည်။
သေချာသည်မှာ ဤလေ့လာတွေ့ရှိချက် နှစ်ခုအတွက် အဓိကကျေးဇူးတင်ထိုက်သူမှာ တိန်ရှောင်ဖိန် ကိုယ်တိုင်ပင် ဖြစ်သည်။ အကြောင်းမှာ စီးပွားရေး ကျရှုံးခြင်းသည် ပါတီကို ပျက်စီးစေလိမ့်မည်ဟု သူက ထောက်ပြခဲ့ရုံသာမက တရုတ်နိုင်ငံအနေဖြင့် အနောက်နိုင်ငံများနှင့် ရင်ဆိုင်ရာတွင် "မည်သည့်အခါမျှ ရှေ့ဆုံးမှ နေ မဦးဆောင်ရ" ဟု တစိုက်မတ်မတ် တိုက်တွန်းခဲ့ခြင်း ကြောင့် ဖြစ်ပေသည်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုမှ တရုတ်ခေါင်းဆောင်ပိုင်းက သင်ခန်းစာများကို နည်းလမ်းမျိုးစုံဖြင့် ပေါင်းစပ်ယူခဲ့ကြမှု သည် တိန့်ရှောင်ဖိန် ၏ အာဏာရှင်ဆန်ဆန် ခေတ်မီဆန်းသစ်ရေး အမြင်နှင့် အံဝင်ခွင်ကျနီးပါး ကိုက်ညီခဲ့ပြီး၊ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း ရှီကျင့်ဖျင် အာဏာမရလာမချင်း ပါတီ၏ ပြည်တွင်းနှင့် ပြည်ပ မူဝါဒများကို လမ်းညွှန်ပြသပေး နိုင်ခဲ့သည်။
ပြည်တွင်းရေးတွင် ဆိုဗီယက်ပြိုကွဲမှု ခဲ့မှု ကြောင့် ပါတီ၏ တရားဝင်မှုအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးသည် အဓိက နေရာမှ ဖြစ်လာခဲ့သည်၊ ထို့ကြောင့် ဈေးကွက်ကို ဦးတည်သည့် ရဲရင့်သော ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းလာမှု ကို ပြသနိုင်ခဲ့သည်။
နိုင်ငံခြား ဆက်ဆံရေးတွင် တီအန်မင် ဖြစ်ရပ်ပြီးနောက် ခေါင်းဆောင်ပိုင်းသည် တိန့်ရှောင်ဖိန်၏ "မိမိ၏အရည်အသွေးကို ဖုံးကွယ်ထားပြီး အင်အားစုဆောင်းပါ" (taoguan yanghui) ဆိုသည့် ဆုံးမစကားကို သစ္စာရှိရှိ လိုက်နာခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုနှင့် ပဋိပက္ခမဖြစ်ပွားစေရန် အထူးပင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
တချိန်တည်းတွင်ပင် ပါတီသည် "ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု" ကို ကာကွယ်ရန် လူမှုရေးပိုင်း ကို အထူးတင်းကျပ်ခဲ့ပြီး၊ အစိုးရ၏ တရားဝင်မှုကို မြှင့်တင်ရန်အတွက် အမျိုးသားရေးဝါဒကို စနစ်တကျ ပျိုးထောင်ခဲ့ကာ၊ ထောက်ခံမှုကို ကျယ်ပြန့်လာစေရန် အထက်တန်းလွှာများကို စည်းရုံးသိမ်းသွင်းသည့် လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြသည်။
တပါတီအုပ်ချုပ်ရေး၏ စီးပွားရေးအခြေခံအုတ်မြစ်ကို ဈေးကွက်ပြုပြင်ပြောင်းလဲမှု ကြောင့် ထိခိုက်ပျက်ပြားစေခြင်းမရှိစေရန်အတွက် အဓိကစီးပွားရေးကဏ္ဍများကို တသမတ်တည်း ထိန်းချုပ်ထားခဲ့သည်။ တိန့်ရှောင်ဖိန် နောက် ခေါင်းဆောင်ပိုင်းသည် ဤဘက်စုံရှင်သန်ရေး မဟာဗျူဟာကို အဓိကအားဖြင့် လေ့လာသင်ယူပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မှုတို့မှတဆင့် ရရှိခဲ့ခြင်းဖြစ်သည်မှာ သေချာပေသည်။
သို့သော်လည်း တိန့်ရှောင်ဖိန်၏ တောင်ပိုင်းခရီးစဉ်အပြီး ဆယ်စုနှစ်နှစ်ခုအတွင်း စီးပွားရေးတိုးတက်မှုနှင့် အစိုးရရှင်သန်ရပ်တည်နိုင်ရေးတို့တွင် ပါတီ၏ အောင်မြင်မှုကို ဆန်းစစ်ကြည့်မည်ဆိုပါက အာဏာရှင်ဆန်ဆန် ခေတ်မီဆန်းသစ်ရေးဝါဒ၏ အဓိက အယူအဆများနှင့် ဆိုဗီယက်ပြိုကွဲမှုမှ သင်ခန်းစာများသည် ၁၉၉၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တရုတ်နိုင်ငံ၏ တပါတီအုပ်ချုပ်ရေး ရွှေခေတ်ဟု ခေါ်ဆိုရမည့် ကာလ များ အတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဆိုရပေမည်။