အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(42)

by Hla Soewai - Sep 14 2026

တပတ်အကြာတွင် စစ်သည်များကို အနားယူစေပြီး ကျေးလက်ဒေသများမှ နွားအကောင်ရေ ရာပေါင်းများစွာကို မောင်းနှင်သိမ်းဆည်းလာပြီးနောက် ကမ်းဘဲလ် သည် ရေနံတွင်းများရှိ ရာ ခြောက်သွေ့သော နယ်မြေများကို ဖြတ်ကျော်ကာ အင်းဝမြို့သို့ ဆက်၍ ချီတက်လာခဲ့ကြသည်။

 

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ကြသည့် ဗြိတိသျှအကျဉ်းသား ခြောက်ဦးသည် ကမ်ဘဲလ်၏ တပ်စခန်းဆီသို့ ရောက်လာကြပြီး ၎င်းတို့နှင့်အတူ ကမ်ဘဲလ်မှ အကောင်းဆုံး ဖြစ်မည့် ငြိမ်းချမ်းရေး စည်းကမ်းချက်များ ပေးသနားရန် ကို တောင်းပန်တိုးလျှိုးထားသည့် ကျီးသန်ဝန်ကြီး ထံမှ သဝဏ်လွှာများကို ယူဆောင်လာခဲ့ကြသည်။ ကမ်ဘဲလ်သည် ယခင်က စည်းကမ်းချက်များကို အနည်းငယ်မျှသာ ပြင်ဆင်ခဲ့ပြီး၊ အင်းဝမှ ငွေကြေးများ ရောက်ရှိလာရန် အချိန် ပေးသည့် အနေဖြင့် ၎င်း သတ်မှတ်ထားသည့် မြို့တမြို့ကို ရက်ပေါင်း ၁၂ ရက်အတွင်း ကျော်လွန် ချီတက်ခြင်း မပြုဟု သဘောတူညီလိုက်သည်။

 

ထို့နောက် ကမ်းဘဲလ် သည် အမြန်ဆုံး ချီတက်ခဲ့ရာ ဖေဖော်ဝါရီလ ၈ ရက်တွင် ပုဂံမြို့မှ တရက်ခရီးအကွာသို့ ရောက်ရှိလာခဲ့ပြီး၊ မြန်မာတို့သည် အသနားခံ တောင်းဆိုနေကြသော်လည်း တချိန်တည်း မှာပင် နောက်ထပ်ခုခံစစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း သေချာပေါက် သိရှိခဲ့ရသည်။ မြက်စာနှင့် ရိက္ခာရှာဖွေရန် တပ်မဟာနှစ်ခုကို စေလွှတ်ခဲ့ရသဖြင့် သူ၏လက်အောက်တွင် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စစ်သည် အယောက် ၁,၃၀၀ မျှသာ ကျန်ရှိတော့သော်လည်း ဤအင်အားဖြင့်ပင် လုံလောက်လိမ့်မည်ဟု တွက်ဆလိုက်သည်။ 

 

မြန်မာတပ်များက အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်ပြီး ပြန်ဆုတ်သွားသည့် ပုံစံမျိုး ဖြင့် အနှောင့်အယှက်ပေးနေခဲ့သော တောအုပ်ကြီးကို ဖြတ်သန်းချီတက်လာပြီးနောက် အဆိုပါစစ်ကြောင်းသည် ကွင်းပြင်သို့ ထွက်လာနိုင်ခဲ့ပြီး တောက်ပနေသော ရွှေဝါရောင်နှင့် ငွေရောင် တောက်နေသည့် လောကနန္ဒာဘုရားရှေ့တွင် လခြမ်းပုံစံ ဖြန့်ကျက်ချထားသည့် အင်အား ၂၀,၀၀၀ ခန့်ရှိ သော မြန်မာ့တပ်များကို မထင်မှတ်ဘဲ ရင်ဆိုင်တွေ့ရှိလိုက်ရသည်။ 

 

မြန်မာတို့သည် ခံတပ်ဖြင့် ခုခံသည့် စနစ်ကို စွန့်လွှတ်ကာ ကွင်းပြင်ထွက်၍ တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်ပြီး အမှောင်ထဲက မင်းသား ဟု မိမိကိုယ်ကို ဘွဲ့ခံယူထားသည့် နာဝင်းဖုရိန်း Na-wing Phuring အမည်ရှိ ဗိုလ်ချုပ်အသစ်တဦးက အမိန့်ပေးကွပ်ကဲနေခြင်း ဖြစ်ပေသည်။

 

ကမ်ဘဲလ် သည် ဗိုလ်ချုပ် ကော်တွန် အား ဘယ်ဘက်ခြမ်းကို တိုက်ခိုက်ရန် ချက်ချင်း ညွှန်ကြားခဲ့ပြီး ၎င်းအား ဗြိတိသျှဘုရင်ခံမင်း၏ အမှတ် ၃၈ နှင့် ၄၁ တပ်ရင်း၊ ၄၃ မဒရပ်စ် ဒေသခံ တပ်ရင်း နှင့် အမြောက်နှစ်လက်တို့ဖြင့် အားဖြည့် ပေးခဲ့သည်။

 

တချိန်တည်းတွင် ၎င်းက ယာဘက်ခြမ်းကို အမှတ် (၁၃) ခြေလျင်တပ်၊ ဗြိတိသျှဘုရင်ခံမင်း၏ အမှတ် (၈၉) တပ်ရင်း၊ သက်တော်စောင့်တပ်ဖွဲ့ မှ ထုတ်နှုတ်ထားသော တပ်စုတစုနှင့် အမြောက်လေးလက်တို့ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

 

ကမ်ဘဲလ်နှင့် သူ၏ ကိုယ်ရံတော် တပ်ဖွဲ့မှာ ရန်သူ့မြင်းတပ် ၏ အလုံးအရင်း နှင့် ဝိုင်းရံခြင်းကို ချက်ချင်းခံခဲ့ရပြီး အပိုင်းပိုင်းပြတ် ခုတ်ထစ်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ သက်တော်စောင့်တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ မြင်းများကို ရန်သူ့ဘက်သို့ မောင်းနှင်ထုတ်ခဲ့ကြပြီး၊ အမြောက်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်းသို့ ရောက်သည်အထိ နောက်ဆုတ်ခဲ့ကြကာ၊ ထိုမှတစ်ဆင့် အခြားတပ်များ ရောက်ရှိလာပြီး ရန်သူ့တပ်များကို စစ်မြေပြင်မှ မောင်းထုတ်နိုင်သည်အထိ ထိန်းထား နိုင်ခဲ့ကြသည်။

 

ထို့နောက် ရန်သူ့ ဘယ်ညာ တောင်ပံများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ရန်သူများမှာ ကတုတ်ကျင်းများ ရှိရာဆီသို့ ဆုတ်ခွာသွားခဲ့ကြ၍ ဗြိတိသျှတို့က လှံစွပ် ထိုး တက်ကာ ထိုနေရာများမှ ထိုးဖောက် မောင်းထုတ်ခဲ့ကြသည်။ ရန်သူသည် ပုဂံမြို့၏ ခံတပ်နံရံများအတွင်းနှင့် ဘုရားပုထိုးများဝန်းကျင်တွင် စုစည်းခုခံရန် ကြိုးစားခဲ့ကြ သော်လည်း ဗြိတိသျှ တို့က ဘကြီးတော်ဘုရား၏ နောက်ဆုံးမျှော်လင့်ချက် လုံးဝပျက်သုဉ်းသွားသည်အထိ ငါးနာရီကြာအောင် အရှုံးမပေးဘဲ ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။ 

 

'အမှောင်ထဲက မင်းသား' ဘွဲ့ခံ မှာမူ တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ထိုမှတဆင့် အင်းဝသို့ပြန်ကာ သူပုန်မျက်နှာဖြူ များကို တိုက်ခိုက်ရန် အခွင့်အရေး နောက်တကြိမ် ထပ်ပေးဖို့ တိုးလျိုး တောင်းပန်ခဲ့သည်။ သို့သော် သူ့ကို ဘုရင့်ရှေ့တော်မှ ဆွဲထုတ်သွားပြီး ညှဉ်းပန်းနှိပ်စက်ကာ ကွပ်မျက်ခဲ့ကြသည်။

 

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လွတ်မြောက်လာသော ဗြိတိသျှ အကျဉ်းသား ၂ ဦးသည် ကင်းမ်ဘဲလ် ၏ စစ်ဌာနချုပ်သို့ ရောက်ရှိလာကြပြန်ပြီး၊ ဘကြီးတော်မင်းကြီးသည် ငွေကြေး သို့မဟုတ် အတည်ပြုလက်မှတ်ရေးထိုးထားသော စာချုပ်ကို ခေါ်ဆောင်လာခြင်းမရှိ သော်လည်း စည်းကမ်းချက်များကို လက်ခံကာ အရှုံးပေးလိုက်ပြီဖြစ်ကြောင်း သတင်းပေးပို့ခဲ့သည်။ 

 

သို့သော် ဘုရင်မင်းမြတ်၏ ကိုယ်စား လျော်ကြေးငွေ၏ တစိတ်တပိုင်းကို ယခုပေးချေပြီး ကျန်ငွေများကို ပြည်မြို့သို့ ထပ်ဆင့်ဆုတ်ခွာသွားချိန်ကျမှ ပေးချေရန် ဗြိတိသျှတို့ဘက်မှ လက်ခံနိုင်မည်လောဟု မေးမြန်းခဲ့သည်။ ကင်းမ်ဘဲလ်က ယင်းကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အင်းဝမြို့တော်ဆီသို့ ချီတက်မှုကို ထပ်မံစတင်ခဲ့သည်။ ဘကြီးတော်မင်းကြီးက ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပထမအရစ် ငွေပေါင် ၂၃၀,၀၀၀ ကို ရရှိသွားပြီးနောက် ဗြိတိသျှတို့အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ငြင်းဆန်လိမ့်မည်ဟု ယူဆ နေသောကြောင့်ဟု သိခဲ့ရသည်။ 

 

သို့သော် တကယ်တမ်းမှာ သူ၏ အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ဘုရင်ကမ်းလှမ်းခဲ့သည့် ပမာဏထက် ထပ်၍ ရှာဖွေစုဆောင်းပေးနိုင်ခြင်း မရှိခဲ့ဘဲ၊ နောက်ဆုံးတွင် မိဖုရားခေါင်ကြီးက သူမ၏ ကိုယ်ပိုင်ဘဏ္ဍာငွေထဲမှ ပေါင် ၂၀၀,၀၀၀ ကို ငွေထုတ်ချေးပေးခဲ့ရခြင်း ဖြစ်ပေသည်။

 

မြစ်ကမ်းပါးတစ်လျှောက်တွင် ဘုရားပုထိုးများ၊ ကျောင်းကန်များနှင့် ရွာငယ်များ သိပ်သည်းစွာ တည်ရှိနေသည့် သာယာငြိမ်သက်သော မြေမျက်နှာသွင်ပြင်အကြားတွင် စစ်တပ်သည် ဆက်လက်ချီတက်ခဲ့ရာ အင်းဝမြို့မှ ၄၃ မိုင်အကွာရှိ ရန္တပိုရွာသို့ ရောက်ရှိလာပြီးမှ ငွေကြေးများနှင့် အတည်ပြုထားသော စာချုပ်ကို ယူဆောင်လာကြသည့် ဘကြီးတော်၏ ဝန်ကြီးနှစ်ဦးနှင့် ဆုံတွေ့ခဲ့ကြသည်။

 

နောက်ဆုံးတွင် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ရန္တပိုမြို့တွင် နှစ်ဖက်စလုံးက အဆိုပါစာချုပ်ကို ထပ်မံလက်မှတ်ရေးထိုးခဲ့ကြပြီး၊ မြန်မာအစိုးရဘက်မှလည်း စစ်သည်အများစုကို ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ရန် လုံလောက်သော လှေများကိုပါ တချိန်တည်းတွင် စီစဉ်ပေးရန် သဘောတူညီခဲ့ကြသည်။

 

မတ်လ ၇ ရက်နေ့တွင် ဆာ အာချီဘောလ် ကမ်ဘဲလ် နှင့် ရှေ့တန်းတပ်ဖွဲ့ဝင် ပထမအသုတ်တို့သည် ရန်ကုန်မြို့သို့ သွားရောက်ရန် လှေများဖြင့် စတင်ထွက်ခွာခဲ့ကြပြီး အေးအေးလူလူ ခရီးဆက်ခဲ့ရာ နှစ်ပတ်ခန့်အကြာတွင် ရန်ကုန်သို့ ရောက်ရှိခဲ့ကြသည်။ ကျန်ရှိနေသေးသော တပ်သားများကလည်း အရွယ်အစားအမျိုးမျိုးရှိသည့် လှေများဖြင့် လိုက်ပါလာခဲ့ကြပြီး၊ လျော်ကြေးငွေ ဒုတိယအရစ်ကို ပေးချေပြီးသည်အထိ ရန်ကုန်ကို ဆက်လက်ထိန်းသိမ်းထားရန် ချန်ထားခဲ့သော တပ်ဖွဲ့ အနည်းငယ်မှအပ ကျန်တပ်သားအားလုံးသည် မတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံဘက်သို့ သင်္ဘောဖြင့် ထွက်ခွာသွားခဲ့ကြသည်။ 

 

သတ်မှတ်ထားသော ရက်ပေါင်းတရာအတွင်း လျော်ကြေးငွေကို ပေးချေခဲ့သော်လည်း ကျန်ရှိနေသေးသော လက်ကျန်ငွေများကို အပြီးအပြတ် ရှင်းလင်းပေးရန်မူ ခြောက်နှစ်ခန့် ကြာမြင့်ခဲ့လေသည်။

 

ဤသို့ဖြင့် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးခဲ့ပေသည်။ ဘုရင်ခံချုပ် လော့ဒ်အမ်ဟတ်စ် နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ စစ်သေနာပတိချုပ် ဗိုလ်ချုပ် ပေဂျက် တို့၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် သယ်ယူပို့ဆောင်ရေး၊ ရိက္ခာနှင့် ရာသီဥတုတို့နှင့် ပတ်သက်၍ ကြီးမားပြင်းထန်သော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော ထိုစစ်ပွဲ သည် ဗြိတိသျှနှင့် အိန္ဒိယ ရေတပ်နှင့် တပ်ဖွဲ့ဝင်များ၊ အရာရှိများနှင့် စစ်သည်များ၏ စွမ်းဆောင်မှုကြောင့်သာလျှင် နောက် ၁၅ နှစ်ခန့်အကြာက ဖြစ်ပွားခဲ့သော ပထမအာဖဂန်စစ်ပွဲကဲ့သို့သော ကြီးမားသည့် ဘေးဥပဒ်ဆိုးကြီး ဆိုက် ရောက်ခဲ့သည် အထိ ဖြစ်မသွား အောင် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

 

ဘုရင်နှင့် သူ၏ အကြံ ပေး ကောင်စီဝင်တို့သာလျှင် ကျေးလက်ဒေသများကို မြေလှန် ဆုတ်ခွာသည့် မူဝါဒကို ဆက်လက်ကျင့်သုံးခဲ့ကြမည်ဆိုပါက, (ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလကဲ့သို့သော မိုးခေါင်ရေရှားလများတွင် ဧရာဝတီမြစ်အထက်ပိုင်း ရေကျချိန် ဖြစ်၍ သင်္ဘောဖြင့် သွားလာရန်ပင် မလွယ်ကူတော့သဖြင့် ရေကြောင်း အကူအညီလည်း မရနိုင်ဘဲ ရိက္ခာပြတ်လပ်မှုကြောင့်) ဗြိတိလျှတပ်များကို တချိန်မဟုတ် တချိန် ဒူးထောက် အညံ့ခံ လာစေရန် ပြုလုပ်နိုင်ခဲ့ကြပေလိမ့်မည်။ 

 

ရောဂါဘယနှင့် အစားအသောက် ညံ့ဖျင်းမှုတို့ကြောင့် ကမ်ဘဲလ် ၏ တပ်ဖွဲ့မှာ တိုက်ပွဲဝငိ၍ မရနိုင်လောက်အောင် သည်အထိ ဖြစ်ခဲ့ရသည်။ ရန်ကုန်သို့ အစပိုင်းက ဆိုက်ရောက်လာခဲ့ကြသော အရာရှိများနှင့် ဂေါ်ရခါး စစ်ဗာရီ များ မပါဝင်ဘဲ ဗြိတိလျှတပ်သား ၃,၅၀၀ ရှိသည့်အနက် ရန်သူ့တိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ ၁၅၀ သာ ရှိခဲ့ပြီး၊ ရောဂါဘယနှင့် ဖျားနာမှုကြောင့် သေဆုံးသူမှာ ၃,၀၀၀ နီးပါး ရှိခဲ့သည်။ အရာရှိ ၁၅၀ ခန့်အနက် ၁၆ ဦးမှာ တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး ၄၅ ဦးမှာ ရောဂါဖြင့် သေဆုံးခဲ့သည်။

 

 ရခိုင်ရှိ ဗြိတိလျှတပ်သား ၁,၀ဝ၄ ဦးအနက် ၅၉၅ ဦးမှာ ကာလဝမ်း၊ ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါတို့ဖြင့် ထိုနေရာတွင်ပင် သေဆုံးခဲ့ကြပြီး၊ ထွက်ခွာသွားကြသူများအနက် တနှစ်ကြာပြီးနောက်တွင် အသက်ရှင်ကျန်ရစ်သူမှာ တဝက်ထက်မပိုပေ။ 

 

ဤစစ်ပွဲသည် ဗြိတိလျှအင်ပါယာကို တည်ထောင်ခဲ့ကြသည့် ယခုအချိန်အထိ စစ်ပွဲများအားလုံးတွင် စစ်တပ်အတွက် အငြင်းပွားဖွယ်မရှိလောက်အောင် အဆိုးဝါးဆုံး၊ အသနားစရာအကောင်းဆုံးနှင့် စီမံခန့်ခွဲမှု အညံ့ဖျင်းဆုံး စစ်ပွဲတပွဲ ဖြစ်ခဲ့သည်။ ဤစစ်ပွဲအတွက် ကုန်ကျစရိတ်မှာ ပေါင် ၅ သန်း ရှိခဲ့သည်။

 

တဖက်တွင်လည်း ဗြိတိလျှတို့သည် ကိပ်ကိုမိုရင် (Cape Comorin) မှ တနင်္သာရီအထိ ဘင်္ဂလားပင်လယ်အော်ကို ထိန်းချုပ် နိုင်ခဲ့ကြပြီး၊ နယ်မြေတိုးချဲ့ရရှိမှုနှင့်အတူ မြန်မာနိုင်ငံအတွက် အသုံးစရိတ်/ဆုံးရှုံးမှုများဖြင့် ရင်းနှီးထားခဲ့ရ၍ ထိုထက် ပိုမို ကြီးမားသော နယ်မြေများ တိုးချဲ့ နိုင်ရန်အတွက် အခြေခံအုတ်မြစ် ချမှတ်နိုင်ခဲ့ကြသည်။ အကြောင်းမှာ နှစ်ဖက်စလုံး၏ မာန်မာနနှင့် ရည်မှန်းချက်များကို ထည့်သွင်းစဉ်းစားလျှင် နောက်ထပ် အင်္ဂလိပ်-မြန်မာစစ်ပွဲတခု ဖြစ်လာရန်မှာ အချိန်တခုသာ လိုတော့သည့် အကြောင်းတရပ်သာ ဖြစ်လာခဲ့ပေတော့သည်။