ကျွန် တော်၏ ပါရီမြို့ရှိ ဘွားတော်ထံသို့ နောက်လာမည့် စာတစောင်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း၊ တိုက်ပွဲဝင်ရန်အတွက် ဘယ်သောအခါမှ နောက်ကျသည်ဟူ၍ မရှိဟု ဗိုလ်ချုပ်ကြီးကလည်း ယုံကြည်ခဲ့သည်။ သူသည် လော့စ်အိန်ဂျလိစ်မြို့၏ အရှေ့ဘက်အစွန်ဆုံး၊ လူသူကင်းမဲ့သော အင်ဒီယန်း တို့၏ ဘိုးဘွားပိုင်နယ်မြေအနီး၊ နေရောင်ခြည်ကောင်းစွာရရှိသည့် ကုန်းမြင့်ဒေသ တနေရာတွင် သူ၏ ကနဦး စတင် သန္ဓေတည်စ ပြုနေသော စစ်တပ် အတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် သီးသန့်မြေ နေရာ တခုကို ရှာဖွေတွေ့ရှိခဲ့သည်။
လူနှစ်ရာခန့်ရှိသော ထိုအဖွဲ့သည် အဝေးပြေးလမ်းမကြီးများကို ဖြတ်ကျော်ကာ ဆင်ခြေဖုံးမြို့များနှင့် မြို့စွန် ဒေသများကို ကျော်လွန်၍ ဤခြုံနွယ် ပိတ်ပေါင်းများထူထပ်သော ထို နေရာ သို့ မောင်းနှင်လာခဲ့ကြသည်။ ယင်းသည် ရှေးယခင်က မာဖီးယားဂိုဏ်းများမှ ၎င်းတို့၏ ရန်သူများကို သတ်ဖြတ်မြှုပ်နှံခဲ့ဖူးဖွယ်ရာရှိသည့် နေရာလည်း ဖြစ်ပေသည်။
ကျွန် တော် တို့ စုဝေး နေမှုသည် အပြင်ကကြည့်လျှင် ထင်မှတ်ထားသည်ထက် ပို၍ ထူးဆန်းနေသည်တော့ မဟုတ်ပေ။ လူမျိုးခြားမုန်းတီးသူ တဦးသာဆိုလျှင် ပြောက်ကျား စစ်ဝတ်စုံများကိုယ်စီဝတ်ဆင်ကာ စစ်ရေးပြလေ့ကျင့်ခန်းများနှင့် ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်နေကြသည့် နိုင်ငံခြားသားတပ်စု အဖြစ် ယူဆသွားပြီး ၎င်း၏ အမေရိကန်ပြည်ထောင်စု မိခင်မြေကို ကျူးကျော်ရန် ရောက်ရှိလာကြသည့် အာရှသားများ၏ မကောင်းကြံစည်မှုဖြစ်မည်ဟု အထင်မှားသွားပေလိမ့်မည်။
ဂိုးလ်ဒန်စတိတ်ခေါ် ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ရောက်ရှိလာသည့် "အဝါရောင် အန္တရာယ်" တရပ်အဖြစ်လည်းကောင်း၊ ရုပ်ရှင်ထဲမှ ရက်စက်ကြမ်းကြုတ်သည့် မိန်းမင်း (Ming the Merciless) ဆိုသည့် အာရှသား မကောင်းဆိုးဝါး ကြီး အသက်ဝင်လာသကဲ့သို့လည်းကောင်း ယူဆသွားကြပေလိမ့်မည်။
သို့သော် အမှန်တကယ်တော့ ထိုသို့ လုံးဝမဟုတ်ပေ။ ယခုအခါ ကွန်မြူနစ်ဝါဒီဖြစ်သွားပြီဖြစ်သော မိခင်နိုင်ငံကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်နေကြသည့် ဗိုလ်ချုပ်ကြီး၏ လူများသည် တကယ်တမ်း တွင် မူ အမေရိကန် နိုင်ငံသား အသစ်ချပ်ချွတ် များအဖြစ်သို့ ပြောင်းလဲခံယူလာကြသူများသာ ဖြစ်ပေသည်။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် အသက်စွန့်မည်ဟု ကတိပြုကာ သေနတ်ကို ကိုင်စွဲခြင်းထက် ပို၍ အမေရိကန်ဆန်သော အရာဟူ၍ ရှိနိုင်ဦးမည် လော။ (တစုံတဦး၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်လုယူဖျက်ဆီးရန်အတွက်သာ ထိုသေနတ်ကို ကိုင်စွဲသည်ဆိုလျှင်မူကား တခြားကိစ္စတရပ် ဖြစ်ပေလိမ့်မည်။)
ထိုအထဲမှ အကောင်းဆုံးဟု ယူဆရသည့် အယောက် နှစ်ဆယ်ခန့် ကို ဗိုလ်ချုပ်ကြီးက ဆွဲထုတ်ကာ သူ့စားသောက်ဆိုင်သို့ ခေါ်ယူခဲ့ပြီး၊ ထိုနေရာတွင် သူ စိတ်ကူးထဲရှိ ကျစ်လစ်သောစစ်တပ်၏ ဖွဲ့စည်းပုံကို တစ်သျှူးစက္ကူ ပေါ်တွင် ပုံဆွဲပြခဲ့သည်။ နောက်ပိုင်းတွင် ကျွန်တော်သည် ထို စက္ကူ ကို အိတ်ထဲထည့်သိမ်းခဲ့ပြီး ပါရီမြို့ရှိ ဘွားတော်ထံသို့ ပို့ပေးခဲ့သည်။ ထိုပုံကြမ်းတွင် စစ်ဌာနချုပ်၊ ရိုင်ဖယ်တပ်စု သုံးစုနှင့် လက်နက်ကြီး များ မရှိသေးသော်လည်း လက်နက်ကြီးကိုပါ ထည့်သွင်း ထားသည်။ ပြဿနာမရှိဟု ဗိုလ်ချုပ်ကြီး က ပြောခဲ့သည်။ အရှေ့တောင်အာရှသည် လက်နက်ကြီးများဖြင့် ပြည့်နှက်နေသည့် အတွက် ရအောင်ရှာ နိုင်မည်ဟု ဆိုသည်။
ဤနေရာတွင် သူ၏ ရည်မှန်းချက်မှာ စည်းကမ်းတည်ဆောက်ရန်၊ ကိုယ်ခန္ဓာကို ကြံ့ခိုင်စေရန်၊ စိတ်ဓါတ်ကို ပြင်ဆင် မွေးမြူရန်၊ လက်ရှိတွင် စေတနာ့ဝန်ထမ်းများ ဖြစ်သော်လည်း နောက်ပိုင်းတွင် စစ်မှုထမ်းများ အဖြစ် ယူဆလာစေရန်နှင့် အနာဂတ်ကို စိတ်ကူးပုံဖော်တတ်လာစေရန် ဖြစ်သည်။
သူသည် တပ်စုမှူးများနှင့် ဦးစီးအရာရှိများ၏ အမည်များကို ရေးပြခဲ့ပြီး ၎င်းတို့၏နောက်ခံသမိုင်းကြောင်းများကို ကျွန်တော့်အား ရှင်းပြခဲ့သည် - ထိုသူကတော့ ယခင်ကဒုတိယတပ်ရင်းမှူးဖြစ်ပြီး၊ ထိုသူကတော့ တပ်ရင်းမှူးဖြစ်ခဲ့သည် စသည်ဖြင့် ဖြစ်သည်။ ထို အသေးစိတ်အချက်အလက်များကိုလည်း ကျွန်တော်သည် ပါရီရှိအဒေါ်ထံသို့ ပို့ပေးခဲ့ပြီး၊ ဤတကြိမ်တွင်မူ ခက်ခဲပင်ပန်းလှသော ကုဒ်စကားဝှက်ဖြင့် ပို့ခဲ့ခြင်းဖြစ်သည်။
အောက်ခြေ စစ်သားလေးများအထိ အားလုံးမှာ အတွေ့အကြုံရှိသူများဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပြောပြခဲ့သည်များကိုလည်း ကျွန်တော်က စကားလုံး ပြောင်း ရေးသားခဲ့သည်။ သူတို့အားလုံး ဇာတိမြေတွင် တိုက်ပွဲ အတွေ့အကြုံ ရှိသူများချည်း ဖြစ်သည်ဟု ဆိုသည်။ "အားလုံးက စေတနာ့ဝန်ထမ်းတွေချည်းပါပဲ။ ငါက အများ သိ အောင် ခေါ်ယူ တာမျိုး မလုပ်ခဲ့ဘူး။ ငါရဲ့ အရာရှိဖြစ်ခဲ့သူ တွေကို အရင် စုစည်းခဲ့တယ်၊ ပြီးတော့ သူတို့ ယုံကြည်ရတဲ့လူတွေကို NCO (တပ်ကြပ်ကြီး/အရာခံဗိုလ်) တွေဖြစ်လာဖို့ ဆက်သွယ်ခိုင်းခဲ့တယ်၊ NCO တွေ ရလာပြီ ဆိုမှ တပ်သားသစ်တွေကို ရှာခိုင်းခဲ့တာ။ အခုလို ဖြစ်လာဖို့ တနှစ်ကျော် ကြာခဲ့တယ်။ အခုတော့ ငါတို့ နောက်တဆင့် တက်ဖို့ အဆင်သင့်ဖြစ်နေပြီ။" နောက်တဆင့် ဆိုသည်က ကာယ လေ့ကျင့်ခန်းလုပ်ခြင်း၊ စစ်ရေးပြခြင်း၊ စစ် ရေး လေ့ကျင့်ခြင်းတို့ဖြင့် တိုက်ခိုက်ရေးတပ်ဖွဲ့ တဖွဲ့ အဖြစ် ပြောင်းလဲပေးခြင်းပင် ဖြစ်သည်။
"ကပ္ပတိန်၊ မောင်ရင်ကော ငါတို့ ဘက်မှာ ရှိရဲ့လား။"
"အမြဲလို ရှိ နေပြီးသားပါ ဗိုလ်ချုပ်ကြီး။" ဤသို့ဖြင့် ကျွန်တော် သည် စစ်ယူနီဖောင်းကို တဖန်ပြန်ဝတ်ဆင်ဖြစ်ခဲ့သည်၊ သို့သော် ယနေ့အတွက် ကျွန်တော့် တာဝန်မှာ ခြေလျင်စစ်သည်တဦးအနေဖြင့် မဟုတ်ဘဲ မှတ်တမ်းတင်ဓာတ်ပုံဆရာတဦးအနေဖြင့် ဖြစ်သည်။ လူနှစ်ရာခန့်ရှိသော စစ်သည်များသည် မြေကြီးပေါ်တွင် ခြေထောက်များကို အိန္ဒိယပုံစံ တင်ပလ္လိုင်ခွေ ချိတ် ထိုင်နေကြပြီး၊ ဗိုလ်ချုပ်ကြီးက သူတို့၏ရှေ့တွင် ရပ်နေကာ ကျွန်ုပ်ကမူ လက်ထဲတွင် ကင်မရာကိုင်လျက် သူတို့၏နောက်ဘက်တွင် ရပ်နေခဲ့သည်။
သူ၏စစ်သည်များကဲ့သို့ပင် ဗိုလ်ချုပ်သည်လည်း စစ်စခန်းသုံး ပစ္စည်းအရောင်းဆိုင်မှ ဝယ်ယူခဲ့ပြီး မဒမ်၏ အထူးလက်ရာဖြင့် ကိုယ်နှင့် အတော်ဆုံး ဖြစ်အောင် ချုပ်လုပ်ထားသော တိုက်ပွဲသုံး ပျောက်ကြား ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ ထိုစစ်ယူနီဖောင်းကို ဝတ်ဆင်ထားချိန်တွင် ဗိုလ်ချုပ်သည် ငွေရှင်းကောင်တာထဲက ငွေအကြွေစေ့များကို ရေတွက်ရင်း မိမိ၏မျှော်လင့်ချက်များကိုပါ တွက်ချက်နေရသည့် အရက်ဆိုင်ပိုင်ရှင်နှင့် စားသောက်ဆိုင်ပိုင်ရှင် ဘူဇွာ ပေါက်စ တဦးမဟုတ်တော့ပေ။
သူ၏ယူနီဖောင်း၊ အနီရောင်ဦးထုပ်၊ တဖိတ်ဖိတ်တောက်နေသော စစ်ဖိနပ်များ၊ ကော်လံပေါ်မှ ကြယ်ပွင့်များနှင့် လက်မောင်းပေါ်ရှိ လေထီးတပ်ဖွဲ့ တံဆိပ်တို့က ကျွန် တော်တို့ မူလဇာတိရပ်ရွာတွင် သူတချိန်က ပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သည့် ဂုဏ်သိက္ခာကို သူ့ထံသို့ ပြန်လည်ဆောင်ကြဉ်းပေးခဲ့လေသည်။
ကျွန် တော်၏ ယူနီဖောင်းကမူ အထည်စဖြင့် ဖန်တီးထားသော သံချပ်ကာအင်္ကျီတစုံကဲ့သို့ပင် ဖြစ်သည်။ ကျည်ဆံတတောင့် သို့မဟုတ် ဓားသွားတလက်သည် ဤယူနီဖောင်းကို အလွယ်တကူ ထိုးဖောက်ဖြတ်တောက်နိုင်မည်ဖြစ်သော်လည်း၊ ကျွန် တော်သည် နေ့စဉ်ဝတ်ဆင်နေကျ အရပ်ဝတ် အဝတ်အစား နှင့် ယှဉ်လျှင် အကာအကွယ်ပိုရနေသည်ဟု ခံစားရသည်။ ကျည်မထိနိုင်အောင် မတတ်စွမ်းနိုင်လျှင်တောင်မှ စစ်သည်အားလုံးကဲ့သို့ပင် ကျွန်ုပ်သည် ကံကောင်းခြင်းများ စုပြုံ ရောက်ရှိလာသူ တဦးသဖွယ် အနည်းဆုံးတော့ စိတ်သက်သာရာ ရခဲ့သည်။
တိုင်းပြည်မှ ထွက်ပြေး လာခဲ့ကြရသူ များဖြစ်၍ လက်ရှိ အခြေအနေတွင် အရာရာကို အရှုံးပေးထားကြရရှာသော ထိုပုဂ္ဂိုလ် များကို ကျွန်တော်သည် ထောင့်ပေါင်းစုံမှနေ၍ ဓာတ်ပုံရိုက်ယူခဲ့သည်။ စားပွဲထိုး၊ စားပွဲထိုးလက်ထောက်၊ ဥယျာဉ်မှူး၊ လယ်စာရင်းငှား၊ တံငါသည်၊ လက်လုပ်လက်စား အလုပ်သမား၊ အဆောက်အအုံစောင့် သို့မဟုတ် ရိုးရိုးရှင်းရှင်းပြောရလျှင် အလုပ်လက်မဲ့များနှင့် အလုပ်ဟူ၍ ပုံမှန်မရှိ သူများဖြစ်ကြသည်။ ထိုကဲ့သို့သော လူတန်းစား၏ ကြေကွဲဖွယ် ရာ များသည် ၎င်းတို့ရောက်ရှိရာ နောက်ခံပတ်ဝန်းကျင်နှင့် တသားတည်း ရောနှောသွားကြပြီး တဦးတယောက်ချင်းအနေဖြင့် ဘယ်သောအခါမှ အာရုံစိုက်ခံရခြင်းမရှိဘဲ လူအုပ်ကြီးထဲက တစုတဖွဲ့ အဖြစ် သာ အမြဲတမ်း မြင်တွေ့ကြရသည်။
သို့သော် ယခုအခါတွင်မူ ယူနီဖောင်းဝတ်ဆင်ထားကြပြီး မဖီးမသင် ရှုပ်ပွနေသော ဆံပင်များကို တောဆောင်းဦးထုပ်များ၊ သံပုရာခွံ ဦးထုပ်များဖြင့် ဖုံးအုပ်ထားကြသောကြောင့် သူတို့ကို မမြင်ဘဲ နေ၍ မဖြစ်နိုင်တော့ပေ။ သူတို့၏ ကျောရိုးများမှာ ဒုက္ခသည်တို့၏ ပုံမှန်ကိုင်းညွှတ်နေကျပုံစံမျိုး မဟုတ်တော့ဘဲ တောင့်တောင့်ဖြောင့်ဖြောင့် ရှိနေကြခြင်းကပင် သူတို့၏ ယခင်ယောက်ျားပီသမှုများ ပြန်လည်ရှင်သန်လာပြီဖြစ်ကြောင်း အထင်အရှား တွေ့လာရသည်။
ထို့ပြင် ဖိနပ်ကြမ်း များစီး၍ ဖရို ဖရဲ လျှောက်လှမ်းနေကြကျရာမှ ယခုအခါ မြေပြင်ပေါ်တွင် ရဲရင့်ပြတ်သားစွာ ချီတက်နေကြပုံကလည်း နောက်ထပ် သက်သေတခု ပင်တည်း။ သူတို့သည် တဖန်ပြန်၍ ယောက်ျားပီသသူများ ဖြစ်လာကြပြီဖြစ်ပြီး၊ ဗိုလ်ချုပ်ကြီး ကလည်း ၎င်းတို့အား ထိုကဲ့သို့ပင် ခေါ်ဝေါ်မိန့်ကြားခဲ့သည်။ "ညီအစ်ကို ရဲ ဘော် တို့" ဟု သူက အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည်။ "ညီအစ်ကိုတို့! ပြည်သူတွေက ငါတို့ကို လိုအပ်နေတယ်။" ဗိုလ်ချုပ်သည် စကားကို အထူးတလည် အားစိုက် ပြော နေချင်း မျိုး မဟုတ် သည့် တိုင် ကျွန်တော်ရပ်နေသည့်နေရာအထိပင် သူ၏အသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
"ပြည်သူတွေက မျှော်လင့်ချက်နဲ့ ခေါင်းဆောင်တွေကို လိုအပ်နေတာ"၊ ဗိုလ်ချုပ်ကြီးက ဆက်ပြောသည်။ "ခင်ဗျားတို့က အဲ့ဒီခေါင်းဆောင်တွေပဲ ဖြစ်ကြတယ်။ ပြည်သူတွေအနေနဲ့ ထ ရပ်ရဲတဲ့သတ္တိ၊ လက်နက်စွဲကိုင်ရဲတဲ့သတ္တိနဲ့ မိမိကိုယ်ကို စွန့်လွှတ်ရဲတဲ့သတ္တိတွေ ရှိမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ငါ့လူ တို့က လမ်း ပြပေးကြရလိမ့်မယ်။" မိမိကိုယ်ကို စွန့်လွှတ်ရမည့်အရေးနှင့်ပတ်သက်၍ ဤလူများ တွန့်ဆုတ်သွားခြင်း ရှိမရှိကို အကဲခတ် ရန် သူတို့ကို ကျွန်တော် လှမ်းကြည့်ခဲ့သော်လည်း တွန့်ဆုတ်သွားပုံ မတွေ့ရပေ။
နေ့စဉ်ဘဝတွင် စားပွဲထိုး နေကြရင်း မိမိတို့၏အသက်ကို စွန့်လွှတ်ရန် ဘယ်သောအခါမှ စဉ်းစားမိမည်မဟုတ်သော လူများသည် ဤကဲ့သို့ ပူပြင်းသည့် နေရောင်အောက်တွင်မူ မိမိကိုယ်ကို စွန့်လွှတ်ရန် ဝန်မလေးကြတော့ပေ— ဤသည်ပင်လျှင် ယူနီဖောင်းနှင့် လူအုပ်ကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းသတ္တိပင်တည်း။
"ညီအစ်ကိုတို့" ဟု ဗိုလ်ချုပ်က ဆိုပြန်သည်။ "ညီအစ်ကိုတို့! ပြည်သူတွေက လွတ်လပ်မှုကို ငိုကြွေး တောင့်တနေကြပြီ။ ကွန်မြူနစ်တွေက လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ပေးမယ်လို့ ကတိပေးကြပေမဲ့ ဆင်းရဲမွဲတေမှုနဲ့ ကျွန်ပြုမှုကိုသာ ပေးအပ် နေကြတယ်။ သူတို့ဟာ ဗီယက်နမ်ပြည်သူတွေကို သစ္စာဖောက်ခဲ့ကြပြီး၊ တော်လှန်ရေးဆိုတာက ပြည်သူတွေကို သစ္စာမဖောက်ဘူး။ ဒီနေရာ ရောက်နေတာ တောင်မှပဲ ငါတို့ဟာ ပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်နေဆဲဖြစ်ပြီး၊ ရရှိထားပြီးဖြစ်တဲ့ လွတ်လပ်ခွင့်တွေကို လက်ရှိမှာ ငြင်းပယ်ခံထားရတဲ့ ပြည်သူတွေကို ကယ်တင်ဖို့အတွက် ငါတို့ ပြန်လာကြမှာပါ။ တော်လှန်ရေးဆိုတာ ပြည်သူတွေအတွက်၊ ပြည်သူတွေဆီကနေ၊ ပြည်သူတွေလက်နဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ အဲ့ဒါက ငါတို့ရဲ့ တော်လှန်ရေးပဲ!"